bap-logo
Politics

NLD နှင့် နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရမှု အမေရိကန်၊ ယူကေ၊ ဂျပန်၊ သြစတြေးလျ ရှုတ်ချ

izKmgam6bXUalbygASqln-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၃၀

ဩစတြေးလျ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့က အာဏာရ ပါတီဟောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာစစ်ကောင်စီက ဖျက်သိမ်းလိုက်ခြင်းအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်အုပ်စု၏ လုပ်ရပ်မှာ အကြမ်းဖက်မှုကြောင့် ဖွတ်ဖွတ်ကြေနေသည့် နိုင်ငံအတွင်း ပို၍ မတည်မငြိမ်ဖြစ်လာနိုင်ကြောင်း သတိပေးထား သည်။

 

အဆိုပါနိုင်ငံအသီးသီး၏ စိုးရိမ်ကြောင်းထုတ်ပြန်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDနှင့် အခြားသော ပါတီ ၃၉ ပါတီအား စစ်တပ် အာဏာတည်တံ့စေရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲအတွက် သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲမှတ်ပုံတင်ရန် ပျက်ကွက်မှုကြောင့် ဖျက်သိမ်းခံရပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

 

သို့သော် ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍စစ်ကောင်စီက ရက်သတ်မှတ် ကြေညာနိုင်ခြင်းမရှိသေးပေ။ NLD ပါတီကမူ စစ်ကောင်စီ ရွေးကောက်ပွဲမှာ တရားမဝင်ဟုဆိုကာ အကြိမ်ကြိမ် ပယ်ချထားသည်။

 

အင်အားကြီး အာဏာရပါတီဟောင်း ဖျက်သိမ်းခံရမှုနှင့်ပတ်သက်၍ -

"NLD ကို နိုင်ငံရေးဖြစ်စဉ်ကနေ ဖယ်ထုတ်မှုဟာ လက်ရှိအခြေအနေကို ပိုကောင်းအောင်လုပ်ဖို့ ပိုပြီး ခက်ခဲသွား စေတဲ့အတွက် ဒါဟာ အတော်‌လေး စိုးရိမ်စရာကောင်းပါတယ်" ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ချက်တစ်ခုတွင် ပြောထားသည်။

 

"မြန်မာ(စစ်ကောင်စီ) အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD တာဝန်ရှိသူတွေကို ချက်ချင်းလွှတ်ပြီး သက်ဆိုင်ရာလူပုဂ္ဂိုလ်အဖွဲ့အစည်းတွေ အားလုံး ပါဝင်တဲ့ ငြိမ်းချမ်းတဲ့ နိုင်ငံရေး အဖြေတစ်ခုရှာဖို့ လေးလေး နက်နက် တိုက်တွန်းလိုပါတယ်"

 

မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတကာ ဝေဖန်သူများအနေဖြင့် ၎င်း၏ ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းချက်ကို ထောက်ခံကြရန် တနင်္လာနေ့က တိုက်တွန်းခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဌာန လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Vedant Patel ကလည်း -

"သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးပါဝင်ခြင်းမရှိတဲ့ ဘယ်ရွေးကောက်ပွဲကိုမှ လွတ်လပ်ပြီး မျှတတယ်လို့ ယူဆလို့ မရနိုင်ပါဘူး" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ဗြိတိန်နိုင်ငံခြားရေးရုံးကလည်း NLD နှင့် အခြားပါတီများ ပါတီဖျက်သိမ်းခံရမှုကို ဝေဖန်ခဲ့ပြီး "မြန်မာလူမျိုး များ၏အခွင့်အရေးနှင့်လွတ်လပ်မှုအပေါ် တိုက်ခိုက်မှု" ဟု ပြောဆိုခဲ့သည်။

 

"စစ်အုပ်စုရဲ့ နိုင်ငံရေးပယောဂမကင်းတဲ့ လုပ်ရပ်တွေ၊ အတိုက်အခံတွေကို အကြောက်တရားသွတ်သွင်း နှိပ်ကွပ်တဲ့ ရက်စက်တဲ့ ဗျူဟာတွေကို ကျွန်‌တော်တို့ ရှုတ်ချပါတယ်" ဟု နိုင်ငံခြားရေးရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

သြစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနက- ၎င်းတို့အနေဖြင့် စစ်ကောင်စီ၏ တင်းကျပ်သည့် ရွေးကောက်ပွဲလိုအပ်ချက်ကြောင့် မြန်မာပြည်သူများ၏ နိုင်ငံရေးပါဝင်ခွင့် ကျဉ်းမြောင်းသွားခြင်းအပေါ် အလွန် စိုးရိမ်မိကြောင်း၊ သက်ဆိုင်သူများအားလုံးကို နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်စေသင့်ကြောင်း၊ ပထုတ်မှုကြောင့် နိုင်ငံအတွင်း အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှု ပိုမိုဆိုးရွားလာနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

 

Source– Al Jazeera

Burma Associated Press

 

 

 

 

အင်္ဂလန်
အန်အယ်လ်ဒီ
ရွေးကောက်ပွဲ
ပါတီ
ကုလသမဂ္ဂ
အမေရိကန်
ဩစတေးလျ
ဂျပန်
စစ်ကောင်စီ

Share With
bap-logo