bap-logo
Politics

ဒေါ်စောမြရာဇာလင်းသည် ပါတီနှင့် သက်ဆိုင်မှုမရှိတော့ဟု ALP ထုတ်ပြန်

FnMeujdj4Zn-ZNWV8uCjM-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၁

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသည် ALP ပါတီနှင့် သက်ဆိုင်မှုမရှိတော့ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ - ALP က မတ်လ ၂၀ ရက်စွဲဖြင့် ထုတ်ပြန် အသိပေးလိုက်သည်။

 

ဒေါ်စောမြရာဇာလင်းသည် ပါတီဥက္ကဋ္ဌအဖြစ်ခံယူလျက် ၎င်းစိတ်တိုင်းကျ ပါတီဗဟို ကော်မတီအသစ်များဖြင့် ALP ကို ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက် တစ်ခုကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ဒေါ်စောမြရာဇာလင်းသည် ပါတီ၊ တပ်မတော်၏အမည်၊ အမှတ်တံဆိပ်နှင့် အောင်လံတော်တို့ကို အလွဲသုံးစားပြုလုပ်၍ ပါတီသစ်ထူထောင်ခြင်းသည် ပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ကြီးလေး သော စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် ၎င်းကို ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ဒေါ်စောမြရာဇာလင်းသည် ပါတီ၏လက်ရှိ ဥက္ကဋ္ဌကြီးခိုင်ရဲခိုင်၊ အထွေထွေ အတွင်းရေးမှူး ခိုင်ကျော်ခိုင်အပါအဝင် ဗဟိုကော်မတီဝင်အများစုအား အသိမပေးဘဲ ALP ကို ၎င်းစိတ်တိုင်းကျ ပြန်လည် ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ခိုင်မင်းစိုးနှင့် စစ်သည်နှစ်ဦး အဖမ်းခံရသည့် ဖြစ်စဉ်ကြောင့် ဒေါ်စောမြရာဇာလင်း၏ တာဝန်များဖြစ်သော နိုင်ငံရေးဆွေးနွေးရေး ကော်မတီ ခေါင်းဆောင်တာဝန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)ရှိ တာဝန်များကို ယာယီရပ်စဲခဲ့ပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

 

ကိုယ်တိုင်ဥက္ကဌအဖြစ်ခံယူထားသည့် ဒေါ်စောမြရာဇာလင်း၏ ALP ပါတီ ပြန်လည်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်တွင်မူ ငြိမ်းချမ်းရေး လမ်းကြောင်းမှတစ်ဆင့် ရခိုင်ပြည်နယ်နှင့် ရခိုင်လူထုအကျိုးကို ဆောင်ရွက်ရန် ရည်ရွယ်ချက်တူသူများဖြင့် ALP ကို ပြန်လည်ဖွဲ့စည်းလိုက်ရခြင်း ဖြစ်သည်ဟု ဆိုထားသည်။

 

ALP ကို ပြန်လည်ဖွဲ့စည်းရာတွင် ပါတီနှင့် လကျော်ကြာ တာဝန်ထမ်းဆောင်မှု ပျက်ကွက်နေသည့် ခေါင်းဆောင်များ၊ ပါတီအပေါ်သစ္စာမဲ့ကာ ပါတီပြိုကွဲရေး လုပ်ဆောင်နေသူများကို ချန်လှပ်ပြီး ပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကာ ALP တပ်မတော်ကိုလည်း လိုအပ်သလို ပြုပြင်ဖွဲ့စည်းသွားမည်ဟု ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ဗဟိုကော်မတီအဖွဲ့က ဆိုသည်။

 

ရခိုင် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီး နောက်တွင်လည်း စစ်ကောင်စီနှင့် တွေ့ဆုံမှုများ မကြာခဏပြုလုပ်ထားသည်။

 

ယခုနှစ် ဇန်နဝါရီလ ရက်တွင် ALP ပါတီမှ စစ်ဦးစီးချုပ် ခိုင်စောမြ (၅၃) နှစ်၊ တပ်ရင်းမှူး ခိုင်ကျော်စိုး(၃၄) နှစ်နှင့် ဗိုလ်ကြီးအဆင့် ကျော်မင်းစိုး() ခိုင်သူရိန္ဒ( ၃၁) နှစ်တို့သည် စစ်တွေမြို့၊ ဝေသာလီကွင်းတွင် ပြုလုပ်သော လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးအပြန်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

 

Burma Associated Press

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-
ဒေါ်စောမြရာဇာလင်း
ပါတီ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်

Share With
bap-logo