bap-logo
Politics

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ စစ်ကောင်စီထံ ပြန်လည် မှတ်ပုံတင်

FzLmGRSPtDDHSOttLQEiW-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၅

ရှစ်လေးလုံးလူထုအရေးတော်ပုံ၌ ထင်ရှားခဲ့သူတစ်ဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသား ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီသည် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး စည်းရုံးမည့် ပါတီအဖြစ် ယမန်နေ့ မတ်လ ၂၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခဲ့သည်ဟု ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ကြေညာခဲ့သည်။

 

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ် ထုတ်ပြန်မှုအပြီးတွင် ပြည့်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးသည် ၎င်းတို့အနေဖြင့် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို သက်ဝင် ယုံကြည်လျှက်ရှိဆဲ ဖြစ်သည် ဟု ထုတ်ပြောခဲ့ဖူးသည်။

 

နိုင်ငံတော်၏ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်ရန်မှာ ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးပေါ်တွင် တစိုက် မတ်မတ် ခိုင်ခိုင်မာမာရပ်တည်မည့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိရန် လိုအပ်သည်ဟုလည်း ၎င်းက ဆိုခဲ့သည်

 

ပြည်သူ့ပါတီ (PP) နှင့် ဦးစိန်ဝင်း ဦးဆောင်သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) တို့သည် မကြာသေးခင်က ပူးပေါင်းခဲ့သည်။ NUDP ပါတီကို ဖျက်သိမ်းပြီး ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

 

၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပြည်သူ့ပါတီသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီဥက္ကဌ ဦးကိုကိုကြီးအပါအဝင် ကိုယ်စားလှယ်လောင်း ပေါင်း ၁၅၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်ရခဲ့ ခြင်းမရှိပေ။

 

ယခုနှစ် မတ်လ ၂၄ ရက်အထိ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄၂ ခု ရှိနေပြီဖြစ်သည်။

 

ယင်းပါတီ ၄၂ ခုတွင် တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီ ၁၁ ပါတီနှင့် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် စည်းရုံးမည့် ပါတီ ၃၁ ပါတီ ပါဝင်သည်။

 

စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်အရ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ မတ်လ ၂၈ ရက်အတွင်း တည်ဆဲပါတီများပါ ပြန်လည်မှတ်ပုံတင်ရမည် ဖြစ်ကာ ပြန်မတင်သည့် ပါတီများက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားသည်။

 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLDနှင့် တတိယနေရာအနိုင် ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်-SNLDတို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြု ကြောင်းနှင့် ပါတီပြန်လည်မှတ်ပုံတင်မည်မဟုတ်ကြောင်း အတိအလင်း ပြောဆိုထားသည်။

 

ဓာတ်ပုံ - ပြည်သူ့ပါတီစာမျက်နှာ

Burma Associated Press

 

စစ်ကောင်စီ
ပြည်သူ့ပါတီ
ပါတီ
ရွေးကောက်ပွဲ

Share With
bap-logo