bap-logo
Politics

ကာကွယ်ရေးအကြီးအကဲများအစည်းအဝေး အင်ဒိုနီးရှားလက်ခံကျင်းပ

iQN-oVBRUZIGAnK6Wl2_G-image

လွန်ခဲ့သော ၁၀ လ က

ဂျကာတာမြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသော အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးတွင်က ဂါဇာတွင် အပစ်ရပ်ရေးနှင့် မြန်မာ့အကျပ်အတည်း ရေရှည်ခံသည့် ဖြေရှင်းချက်တို့ကို တောင်းဆိုလိုက်သည်။

 

ဒေသတွင်းလွှမ်းမိုးနိုင်ရေး အားပြိုင်မှုများ၊ မြန်မာမှသည် အရှေ့အလယ်ပိုင်းဒေသအထိ ပဋိပက္ခများ နက်ရှိုင်းစွာ ဖြစ်ပေါ်နေစဉ်အတွင်း အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် အဓိက အရေးပါသော လှုပ်ရှားသူများသည် နှစ်ရက် ကြာ အစည်းအဝေးတက်ရောက်နေကြခြင်းဖြစ်သည်။

 

နှစ်ပတ်လည် စုစည်းတွေ့ဆုံမှုဖွင့်ပွဲတွင် အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီး Prabowo Subianto က ကမ္ဘာ့အကြီးဆုံး မူဆလင်အများစုနေထိုင်သည့် နိုင်ငံသည် ဂါဇာမှ အခြေအနေများ ယိုယွင်းလာသည့်အတွက် အထူးသဖြင့် "ကြောက်မက်ဖွယ်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများအပေါ်တွင် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 

အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်က ရှင်းလင်းပြီး ခိုင်မာပါတယ်။ ရန်လိုမှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးအပ်ဖို့ စင်္ကြံချက်ချင်း တည်ဆောက်ရေးကို ကျွန်တော်တို့ တိုက်တွန်း၊ တောင်းဆိုပါတယ်” ဟု ၎င်း၏ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

 

ယခုအပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်စဉ် အင်ဒိုနီးရှားသမ္မတ Joko Widodo က ဟားမက်စ်နှင့် ဖြစ်ပွားနေသည့် အစ္စရေးစစ်ပွဲ ရပ်တန့်ရေး ပိုမိုလုပ်ဆောင်ရန် အမေရိကန်သမ္မတ Joe Biden ကို ဖိအားပေးခဲ့သည်။

 

မလေးရှားကာကွယ်ရေးဝန်ကြီး Haji Mohamad bin Haji Hasan က ဂါဇာတွင် ချက်ချင်းအပစ်ရပ်ရန်၊ ဓားစာခံ အဖြစ် လူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အရပ်သားနေအိမ်များကို ဗုံးကြဲခြင်းအပါအဝင် "အကြမ်းဖက် ဝါဒပုံစံမျိုးစုံကို ပြစ်တင်ရှုတ်ချကြောင်း” တို့ကို ထပ်လောင်းတောင်းဆိုပြောကြားခဲ့သည်။

 

အာဆီယံအသင်း၏ ယခုနှစ် ဥက္ကဌအဖြစ် Prabowo က မြန်မာတွင် ငြိမ်းချမ်းစွာ ဖြေရှင်းရေးဆီသို့ ခိုင်မာသည့် တိုးတက်ဖြစ်ပေါ်မှုများရရှိရေး တွန်းအားပေးရန် ကျန်ကာကွယ်ရေးခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။

 

နှစ်ပတ်လည်အစည်းအဝေးသည် အရှေ့အလယ်ပိုင်းဒေသနှင့် ယူကရိန်းမှ ပဋိပက္ခများမြင့်တက်လာချိန်၊ တောင်တရုတ်ပင်လယ်မှ အငြင်းပွားရေပိုင်နက်အရေး တင်းမာမှုများ မြင့်တက်လာချိန်တွင် ကျင်းပခြင်း ဖြစ်သည်။

 

မြန်မာမှ အပ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံး ဗုဒ္ဓဟူးနေ့ ဖိုရမ်ကို တက်ရောက်ခဲ့ကြပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin သည်လည်း ကျန်ကာကွယ်ရေးဝန်ကြီးများနှင့် ၎င်းနေ့ နှောင်းပိုင်းတွင် တွေ့ဆုံသွားမည်ဖြစ်သည်။

 

ကြာသပတေးနေ့တွင် ရုရှား၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ နယူးဇီလန်နှင့် ဩစတြေးလျတို့နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

 

လူဦးရေ သန်း ၆၆၀ ခန့်ရှိသည့် အာဆီယံသည် စုစုပေါင်း ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ဒေါ်လာ ၃. ထရီလီယံကျော်ရှိကာ နှစ်များစွာ အမေရိကန်နှင့် တရုတ်အစိုးရတို့၏ ပါဝင်ပတ်သတ်မှု ရှိခဲ့သော်လည်း ၎င်းနှစ်နိုင်ငံ၏ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သည်။

 

ပြိုင်ဆိုင်မှုက ကောင်းပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုက တစ်ယောက်ရှုံးမှ ကျန်တစ်ယောက်နိုင်ရမယ်ဆိုတဲ့ အခြေအနေကို နိမ့်ပါးရောက်ရှိသွားတာတော့ မဖြစ်သင့်ပါဘူး။ဟု အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးနှင့် သမ္မတလောင်း Prabowo Subianto က ယခုအပတ်အတွင်း နိုင်ငံခြားရေးမူဝါဒဖိုရမ်တွင် ပြောကြားခဲ့သည်။ ၎င်းဖိုရမ်တွင် ဘက်မလိုက်ရေး အရေးကြီးပုံကိုလည်း အလေးအနက်ပြောဆိုခဲ့သည်။

 

တရုတ်ဗဟိုစစ်ရေးကော်မရှင်မှ ညှိနှိုင်းကွပ်ကဲရေးဌာန ဒုတိယအကြီးအကဲ လေဒုတိယဗိုလ်ချုပ်ကြီး Jing Jianfeng က တရုတ်ကို ကိုယ်စားပြုပါဝင်မည်ဖြစ်သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးကို အောက်တိုဘာလ အတွင်း ဖယ်ရှားခဲ့ပြီး သမ္မတ Xi Jinping ဦးဆောင်မှု တည်ငြိမ်ရေးကို မေးခွန်းထုတ်မှုများ မြင့်တက် လာခဲ့သည်။

 

ဒဏ်ခတ်အရေးယူမှုကို ရှောင်ရှားရန် ရုရှားနှင့် တရုတ်တို့၏ မြောက်ကိုရီးယားကို ကူညီနေမှုနှင့် ပြုံယမ်းနှင့် စစ်ရေးပူးပေါင်းမှု ပိုမိုနီးကပ်လာသော မော်စကိုအရေးတို့ အပေါ် စိုးရိမ်ကြောင်း Austin သည် တောင်ကိုရီးယား တွင် ထပ်လောင်း ပြောဆိုခဲ့ပြီး အင်ဒိုနီးရှားသို့ လာရောက်ခြင်းဖြစ်သည်။

 

ဂါဇာနှင့် ယူကရိန်းမှ ပဋိပက္ခ၊ အငြင်းပွားကျောက်တန်းသို့ ဖိလစ်ပိုင်၏ ထောက်ပံ့ပို့ဆောင်ရေး ဖြည့်တင်းမှု လုပ်ဆောင်ချက်ကို တရုတ်က တားဆီးရန် လှုပ်ရှားမှုတို့ကို အစည်းအဝေး၏ အဓိကအကြောင်းအရာ ဖြစ်နိုင်သည်ဟု စင်ကာပူနိုင်ငံ မဟာဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျူမှ အကြီးတန်းအဖွဲ့ဝင် Aaron Connelly က ပြောကြားသည်။

 

ဒီဖိုရမ်က အရေးပါတဲ့ ပထဝီနိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဖော်ထုတ်ဖြေရှင်းဖို့ ဒါမှမဟုတ် သိသာထင်ရှားတဲ့ နည်းလမ်းနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့ ကျင်းပတဲ့ အစည်းအဝေးတစ်ခု မဟုတ်ပါဘူး။ ဒါမေယ့် Second Thomas ပင်လယ်ရေတိမ်အရေး၊ အစ္စရေး-ဟားမက်စ်အရေးနဲ့ ယူကရိန်းအရေးတို့အပေါ် အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆွေးနွေးမှုကိုတော့ မျှော်လင့်ပါတယ်။” ဟု Connelly က ပြောကြားသည်။

 

ကိုးကား - Reuters

ပုံစာ - ဘရူနိုင်း ဒုတိယကာကွယ်ရေးဝန်ကြီး Halbi Hohd Yusof ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီး Tea Seiha လာအို ကာကွယ်ရေးဝန်ကြီး Chansamone Chanyalath မလေးရှားကာကွယ်ရေးဝန်ကြီး Mohamad Hasan ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Gilbert Teogoro အင်ဒိုနီးရှား ကာကွယ်ရေးဝန်‌ြီ့း Prabowo Subianto စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen ထိုင်ကာကွယ်ရေးဝန်ကြီး Sutin Klungsang ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး Phan Van Giang, အရှေ့တီမော ကာကွယ်ရေးဝန်ကြီး Donaciano Do Rosario Da Costa Gomes နှင့် အာဆီယံအထွေထွေအတွင်းရေးမှူး Kao Kim Hourn တို့ နိုဝင်ဘာ ၁၅ ရက် ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးတွင် ဓာတ်ပုံအရိုက်ခံနေစဉ်။ (Photo: Dita Alangkara/Pool via REUTERS)

 

 Burma Associated Pres

အာဆီယံ
ဂါဇာ
မြန်မာ

Share With
bap-logo