bap-logo
Politics

၆ နိုင်ငံ စစ်ရေးပူးတွဲလေ့ကျင့်မှု တရုတ်နိုင်ငံတွင် ပြုလုပ်မည်

GfqaPgEY2Rc_jgTmtQ9DF-image

လွန်ခဲ့သော ၁၀ လ က

အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး လေ့ကျင့်မှုအဖြစ် အရှေ့တောင်အာရှနိုင်ငံ ငါးခုဖြစ်သော ဗီယက်နမ်၊ ကမ္ဘော ဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းတို့နှင့် ပူးတွဲလေ့ကျင့်မှု ယခုလကုန်ပိုင်းတွင် တရုတ်ရေပြင်၌ ပြုလုပ်သွား မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုအရေး တင်းမာနေစဉ် ၎င်းပူးတွဲလေ့ကျင့်မှုသည် "စစ်ရေးအရ အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရေး" တရုတ်၏ ကြိုးပမ်းမှုတစ်ခုဖြစ်သည်။

 

“Aman Youyi 2023” လေ့ကျင့်မှုတွင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ စစ်တပ်များ ပထမဆုံးအကြိမ်အဖြစ် ပါဝင်မည်ဖြစ်သည်။

 

လေ့ကျင့်မှုများတွင် မြေပြင်နှင့် ရေပြင် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးနှင့် လုံခြုံရေးစစ်ဆင်ရေးများအပေါ် အရေးပေးပြီး တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်၊ ဆိပ်ကမ်းမြို့ဖြစ်သော Zhanjiang တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြ ထားသည်။

 

ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့အတွက် လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်သည်။

 

ဗီယက်နမ်နှင့် မလေးရှားတို့သည် တရုတ်အစိုးရ၏ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်ကြောင်း အရေး ဆိုမှုအပေါ် ငြင်းပယ်ထားကြပြီး ၎င်းတို့၏ တင်းမာမှုသည် နောက်ထပ် ပြိုင်ဘက် အရေးဆိုသူ ဖိလစ်ပိုင် အပေါ်တွင်လည်း ထိုးနှက်မှု ဖြစ်ပေါ်ခဲ့သည်။

 

“Aman Youyi” စစ်ရေးလေ့ကျင့်မှုကို တရုတ်နှင့် မလေးရှားတို့က ပွဲဦးထွက်အဖြစ် ကွာလာလမ်ပူတွင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်ခဲ့သည်။ ၎င်းလေ့ကျင့်မှုတွင် စောင့်ကြပ်ပို့ဆောင်ခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ လူသားချင်းစာနာမှု ထောက်ပံ့ရေးတို့အတွက် စားပွဲဝိုင်းထိုင် ဆွေးနွေးလေ့ကျင့်မှုများအပေါ် အလေးပေးခဲ့သည်။ ပြင်ပလေ့ကျင့်မှုများကို ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် မလေးရှားနိုင်ငံက လက်ခံကျင်းပခဲ့သည်။

 

ထိုင်းနိုင်ငံသည် လေ့လာသူအဖြစ် ၂၀၁၆ ခုနှစ်တွင် ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လေ့ကျင့်မှု၌ ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်လေ့ကျင့်မှုသည် အကြီးမားဆုံး လေ့ကျင့်မှုတစ်ခုဖြစ်ပြီး နိုင်ငံသုံးခုမှ အမှုထမ်း ၁၂၂၅ ဦး၊ စစ်သင်္ဘော လေး စီး၊ ကြီးမားသည့် သယ်ယူပို့ဆောင်ရေး လေယာဉ် သုံးစီးနှင့် ဟယ်လီကော်ပတာ သုံးစီး ပါဝင်ခဲ့သည်။

 

ယခုနှစ်တွင် အသစ်ပါဝင်လာသည့် နိုင်ငံသုံးနိုင်ငံကြောင့် ပါဝင်သူအရေအတွက် နှစ်ဆဖြစ်လာခဲ့သည်။ ခြောက် နိုင်ငံ အနေဖြင့် လေ့ကျင့်ရေးအတွက် အသေးစိတ်များ ကနဦး စီမံကိန်းရေးဆွဲရန် ဆွေးနွေးခြင်းကို မေလတွင် ပြုလုပ်ခဲ့ပြီး အပြီးသတ် စီမံကိန်းရေးဆွဲခြင်းကို ဩဂုတ်လတွင် ပြုလုပ်ခဲ့သည်။

 

တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုအတွက် အချင်းများခဲ့သည့် ဖိလစ်ပိုင်သည် ယခင် လေ့ကျင့်ရေး များတွင် လေ့လာသူအဖြစ်သာ ပါဝင်ခဲ့သည်။

 

အငြင်းပွား Spratly ကျွန်းစုများမှ Second Thomas ပင်လယ်ရေတိမ်ဒေသအနီးတွင် တရုတ်နှင့် ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်များ မကြာသေးမီက ထိပ်တိုက်တွေ့ဆုံ အချင်းများခဲ့ကြပြီး ၎င်းဒေသကို ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့ကလည်း ပိုင်ဆိုင်ကြောင်း အရေးဆိုထားသည်။

 

နှစ်နိုင်ငံမှ ရေယာဉ်များသည် ပြီးခဲ့သည့် လတွင်လည်း နှစ်နိုင်ငံလုံးက အရေးဆိုထားသည့် Scarborough ပင်လယ်ရေတိမ်ဒေသတွင် ထိပ်တိုက်တွေ့ဆုံ အချင်းများခဲ့ကြသေးသည်။

 

ကိုးကား - South China Morning Post

ပုံစာ - ၂၀၁၈ ခုနှစ် မလေးရှားနိုင်ငံ Dickson ဆိပ်ကမ်းတွင် Aman Youyi စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်နှင့် မလေးရှားတပ်ဖွဲ့များ တောတွင်းရှင်သန်ရေး လေ့ကျင့်နေကြစဉ်။

 

Burma Associated Press

တရုတ်
ထိုင်းနိုင်ငံ
မလေးရှား
ဗီယက်နမ်
စစ်ရေးလေ့ကျင့်မှု
ကမ္ဘောဒီးယား
လာအို

Share With
bap-logo