bap-logo
Politics

အမေရိကန်နှင့် တရုတ် စစ်ရေးဆက်သွယ်မှုများ ပြန်လည်စတင်ရန် သဘောတူ

hXKlNlt9QNzYzu3ayJAEi-image

လွန်ခဲ့သော ၁၀ လ က

 အမေရိကန်နှင့် တရုတ်တို့သည် မြင့်တက်လာသော တင်းမာမှုများ လျော့ချရေး စစ်တပ်ချင်း ဆက်သွယ်ရေးများ ပြန်လည်စတင်ရန် သဘောတူခဲ့သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားသည်။

 

ကျွန်တော်တို့ တိုက်ရိုက် ပွင့်လင်းပြီး ရှင်းလင်းတဲ့ ဆက်သွယ်ရေးတွေ ပြန်စပါမယ်။” ဟု ဗုဒ္ဓဟူးနေ့က တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် ရှားရှားပါးပါး တွေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

 

၎င်းတို့နှစ်ဦး လူချင်းတွေ့ဆုံမှုမှာ တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

 

သမ္မတဘိုင်ဒန်သည် ခေါင်းဆောင်နှစ်ဦးလုံးက တိုက်ရိုက်ဆက်သွယ်ရေးလိုင်းတည်ထောင်ရန် သဘောတူခဲ့သည် ဟုလည်း ပြောကြားခဲ့သည်။

 

ဆန်ဖရန်စစ္စကိုအနီး ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Asia-Pacific Economic Co-operation (Apec) ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သမ္မတဘိုင်ဒန်က ဆက်သွယ်ရေး အားနည်းခြင်းသည် "မတော်တဆမှုများ ဖြစ်ပွားစေကြောင်း”နှင့် သမ္မတနှစ်ဦးလုံးက "ဖုန်းကောက်ကိုင်ပြီး ချက်ချင်း တိုက်ရိုက်နားထောင်၍” ရနိုင်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ပြီးခဲ့သည့်နှစ်တွင် အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ Nancy Peloci ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်က စစ်တပ်အချင်းချင်း ဆက်သွယ်ရေးများကို ဖြတ်တောက်ထားခဲ့သည်။ တရုတ်အစိုးရသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်အဖြစ် ရှုမြင်ပြီး လိုအပ်ပါက အင်အားသုံး သိမ်းပိုက်ရန် ခြိမ်းခြောက် ထားသည်။

 

သမ္မတဘိုင်ဒန်က နှစ်ဦးအကြား သဘောမတူမှုများ များစွာ ကျန်ရှိနေသေးသော်လည်း သမ္မတရှီသည် "ဖြောင့်တန်းပွင့်လင်းခဲ့သည်” ဟု ပြောကြားခဲ့သည်။ ၎င်းက ဆွေးနွေးမှုသည် "ကျွန်တော်တို့ ဆွေးနွေးခဲ့ဖူး သမျှထဲမှာ အပြုသဘောအဆောင်ဆုံးနဲ့ ဖြစ်ထွန်းမှုအရှိဆုံးတွေထဲက တစ်ခုပါပဲ။ဟု ပြောကြားခဲ့သည်။

 

သို့သော် ဆက်ဆံရေးခက်ခဲမှု ကျန်ရှိနေသေးသည့် လက္ခဏာအဖြစ် သမ္မတဘိုင်ဒန်က စင်မြင့်မှ ထွက်ခွာပြီး သတင်းထောက်များ၏ မေးခွန်းကို တုန့်ပြန်ရာတွင် သူသည် ရှီကို အာဏာရှင်အဖြစ် ယူဆသဘောထားကြောင်း ပြောကြားခဲ့သည်။

 

ကျွန်တော်တို့နဲ့ လုံးဝကွဲပြားတဲ့ အစိုးရဖွဲ့စည်းပုံကို အခြေခံပြီး ပြောရရင် သူ့ရဲ့ တိုင်းပြည်အုပ်ချုပ်ပုံအရ သူက အာဏာရှင်ပဲ။ဟု သမ္မတဘိုင်ဒန်က ပြောကြားခဲ့သည်။ ၎င်းသည် ဂျွန်လတွင်လည်း အလားတူမှတ်ချက် ပေးခဲ့ဖူးပြီး တရုတ်အာဏာပိုင်များက ဒေါသတကြီး တုန့်ပြန်ခဲ့ကာ ၎င်းပြောကြားမှုသည် "အလွန်အမင်း အဓိပ္ပါယ်မဲ့ကာ တာဝန်မဲ့လွန်းသည်။” ဟု ဖော်ပြခဲ့ကြသည်။

 

စစ်ရေးဆက်သွယ်မှုများ ပြန်လည်စတင်ခဲ့သည့်အပြင် လတ်တလော တင်းမာမှုဖြစ်စေသည့် အကြောင်းရင်းများ ဖြစ်လာသည့် နယ်ပယ်များတွင်လည်း သဘောတူညီမှုများကို နှစ်ဖက် ကြေညာခဲ့ကြသည်။

 

အမေရိကန်နိုင်ငံတွင်း ဆေးလွန်သေဆုံးမှုများ မြင့်တက်လာစေသည့် fentanyl များ အမေရိကန်နိုင်ငံတွင်း စီးဆင်းမှုကို ဖြေရှင်းရန်လည်း ၎င်းသဘောတူညီမှုများတွင် ပါဝင်သည်။

 

တရုတ်ထုတ်လုပ်ရေးကုမ္ပဏီများသည် ဘိန်းနှင့် ဆင်တူသည့် ဓာတုဒြပ်ပေါင်း ထုတ်လုပ်မှု အရင်းအမြစ်များ အဖြစ်သာမက ၎င်းဒြပ်ပေါင်း ထုတ်လုပ်ရန် ရှေ့ပြေးဓာတုပစ္စည်းများလည်း ထုတ်လုပ်ပေးနေသည်။ "ရှေ့ပြေးဓာတုပစ္စည်းတွေနဲ့ တရုတ်က ဆေးပြားတွေ အနောက်ဘက်ခြမ်းကို ဝင်ရောက်လာခြင်းကနေ သိသာစွာ လျော့ချနိုင်ဖို့ အရေးယူလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။” ဟု မစ္စတာ ဘိုင်ဒန်က ပြောကြားခဲ့သည်။

 

သဘောတူညီမှုတွင် တရုတ်က ၎င်းရှေ့ပြေးဓာတုပစ္စည်းများထုတ်လုပ်နေသော ကုမ္ပဏီများကို တိုက်ရိုက် ပစ်မှတ် ထားသွားမည်ဖြစ်သည်။ "ဒါက အသက်တွေ ကယ်နိုင်လိမ့်မယ်။” ဟု မစ္စတာ ဘိုင်ဒန်က ပြောကြား ခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦးသည် အစ္စရေးနှင့် ဂါဇာမှ ပဋိပက္ခကိုလည်း ဆွေးနွေးခဲ့ကြသည်။ အီရန်က ရန်စသည်ဟု ရှုမြင်နိုင်သည့် လုပ်ဆောင်မှုများ မပြုလုပ်ရန် တရုတ်၏ အီရန်အပေါ်လွှမ်းမိုးမှုကို အသုံးပြု တောင်းဆိုပေးရန် မစ္စတာဘိုင်ဒန်က တောင်းဆိုခဲ့သည်ဟု အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တစ်ဦးကို ပြောကြားခဲ့သည်။

 

အင်အားကြီးနှစ်နိုင်ငံသည် ဉာဏ်ရည်တု artificial intelligence (AI) ကို ပူးတွဲ စစ်ဆေးအကဲဖြတ်ရန်နှင့် ထိုင်ဝမ်အရေး ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပြီး အမေရိကန်အရာရှိတစ်ဦးအဆိုအရ ထိုင်ဝမ်အရေးသည် "အမေရိကန်-တရုတ် ပူးပေါင်းရေးအတွက် အကြီးမားဆုံးနှင့် အန္တရာယ်အများဆုံး အရေးကိစ္စ” ဖြစ်သည်ဟု မစ္စတာရှီက ပြောကြားခဲ့သည်ဟု သိရသည်။

 

ဆွေးနွေးမှုများအပြီး နှစ်ဘက်စစ်တပ်အကြား ဆက်သွယ်ရေးများကို "ညီမျှမှုနှင့် လေးစား အခြေခံကာ" ပြန်လည်တည်ထောင်ခဲ့သည်ဟု တရုတ်က ပြောကြားခဲ့သည်။

 

ကမ္ဘာဂြိုဟ်က နိုင်ငံနှစ်ခု အောင်မြင်ဖို့အတွက် လုံလောက်ပါတယ်။ နိုင်ငံတစ်ခုရဲ့ အောင်မြင်မှုက အခြား နိုင်ငံတစ်ခုအတွက် အခွင့်အလမ်းဖြစ်ပါတယ်။” ဟု မစ္စတာရှီက ၎င်း၏ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။ "ထိပ်တိုက်ရင်ဆိုင်တာက နှစ်ဘက်လုံးအတွက် မခံမရပ်နိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေပါတယ်။”

 

Apec ထိပ်သီးအစည်းအဝေးမှ သီးခြားတွေ့ဆုံဆွေးနွေးမှုများကိုလည်း မြင့်မားစွာ မျှော်လင့်ပြင်ဆင်ထားစဉ် အတွင်းမှာပင် နှစ်ဘက်အရာရှိများက အရေးကြီး အောင်မြင်မှု တစုံတရာ ရရှိရန် မျှော်လင့်မထားကြပေ။

 

ဒီနေရာမှာ ရည်ရွယ်ထားတာတွေက ပြိုင်ဆိုင်မှုကို စီမံဖို့၊ ပဋိပက္ခ ဖြစ်နိုင်ချေကို ကာကွယ်ဖို့၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်သွားတာ သေချာဖို့တို့ပဲ ဖြစ်ပါတယ်။” ဟု အကြီးတန်း အမေရိကန်အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောကြားသည်။

 

တရုတ်သူလျှိုဟု သံသယရှိသော ‌ဘောလုံးကို အမေရိကန် လေပိုင်နက်အတွင်း ပစ်ချခဲ့ပြီးနောက် ဖေဖော်ဝါရီလတွင် ဆက်ဆံရေးများ ယိုယွင်းလာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်၏ ဂျွန်လ ဘေဂျင်းသို့ သွားရောက်ခဲ့ခြင်းမှာ ဆယ်စုနှစ် တစ်ဝက်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အစိုးရ အရာရှိ၏ သွားရောက်မှုဖြစ်သည်။ ၎င်းသည် သမ္မတ ရှီနှင့် နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့နှင့် တွေ့ဆုံခဲ့သည်။

 

၎င်း၏ ခရီးစဉ်အပြီးတွင် မစ္စတာဘလင်ကန်က နှစ်နိုင်ငံအကြား အရေးကြီး ဖြေရှင်းရန် ကိစ္စရပ်များ ရှိနေသေးသော်လည်း "ပိုမိုကောင်းမွန်သည့် ဆက်သွယ်ရေးနှင့် ပိုမိုကောင်းမွန်သည့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်” ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

ကိုးကား - BBC

ပုံစာ - ဆန်ဖရန်စစ္စကိုအနီး Filoli အိမ်ယာမှ ကျေးလက်အိမ်တစ်လုံးတွင် လေးနာရီကြာ ပြောဆိုဆွေးနွေးခဲ့ကြသည့် မစ္စတာဘိုင်ဒန်နှင့် မစ္စတာ ရှီ။ (Photo: Retuters)

 

 Burma Associated Press

အမေရိကန်
တရုတ်

Share With
bap-logo