bap-logo
Politics

ပုဂ္ဂလိက ဆေးရုံတွေထဲအထိ ဝင်ရောက်ကာ လူငယ်တွေကို စစ်တပ်ကဖမ်း

gkg1RLcbDgx0oyXx-lJcN-image

လွန်ခဲ့သော ၃ ရက် က

BAP၊ ဇန်နဝါရီ ၂၃။

 

စစ်ကောင်စီက လူငယ်တွေကို ပုဂ္ဂလိက​ဆေးရုံတွေထဲထိ ဝင်ရောက်ဖမ်းဆီးတာမျိုးတွေ ရှိနေတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ​တွေက BAP ကို​ပြောတယ်။

 

ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ထဲက ပုဂ္ဂလိကဆေးရုံတခုဖြစ်တဲ့ ဗဟိုစည်ဆေးရုံမှာ ပြီးခဲ့တဲ့အပတ်က ဆေးလာစစ်တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီက လာရောက်ဖမ်းဆီးခဲ့တယ်လို့ မြင်တွေ့ခဲ့ရသူတဦးက ပြောပါတယ်။

 

"လူငယ်တွေက နိုင်ငံခြားထွက်ဖို့ အဆုတ်နဲ့ရင်ခေါင်းဌာနကိုလာစစ်တဲ့သူတွေလို့ ပြောကြတယ်၊ ဒူးထောက်ခိုင်းပြီးမှဖမ်းသွားတာ၊ ဘာလို့ဖမ်းတာလဲတော့မသိဘူး၊ ကြောက်လို့သေချာမကြည့်လိုက်ရဘူး"​လို့ အဲဒီအချိန် ဆေးရုံမှာ ရှိ​နေသူတဦးက ပြောပါတယ်။

 

လူငယ်နှစ်ဦးကို ဖမ်းဆီးတာဟာ စစ်မူထမ်းဖို့ဖမ်းဆီးတာလား၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်သူမို့ ဖမ်းဆီးတာလားဆိုတာကို သေချာမသိရသေးဘူးလို့ ဆေးရုံဝန်ထမ်းတဦးက ပြောပါတယ်။

 

"လူငယ်နှစ်ဦးကို ဖမ်းတယ်လို့ပဲသိလိုက်ရတာ၊ ဝန်ထမ်းတွေကတော့ သနားနေကြတာ၊ ဆေးရုံ ဖက်ကလဲ ဖမ်းခံရတာနဲ့ ပတ်သက်ပြီးလိုက်စုံစမ်းပေးနေတယ်လို့ကြားတယ်၊ လူငယ်တွေက ဘယ်ကလာသူတွေလဲမသိရသေး။ ဆေးရုံ ထဲထိဝင်ဖမ်းတာဟာ အတော်ရက်စက်တဲ့ဖြစ်ရပ်ပဲ"လို့ ​ဆေးရုံဝန်ထမ်းတဦးက ပြောပါတယ်။

 

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က အမျိုးသားအဆောင်တွေ ရပ်ကွက်ထဲမှာဧည့်စားရင်းစစ်တာတွေပြုလုပ်ပြီး လူငယ်တွေကို ဖမ်းဆီးခံနေရတဲ့ဖြစ်စဥ်တွေ မကြာခဏဖြစ်နေပါတယ်။

 

"ရပ်ကွက်ထဲက လူငယ်တယောက်သင်တန်းသွားဖို့ကားစောင့်နေတာ အဖမ်းခံလိုက်ရတယ်၊ ရပ်ကွက််ရုံးမှာ ပိုက်ဆံတသိန်းနဲ့ညှိ ပြီးပြန်ခေါ်လို့ရတာ၊ သူများတွေဆိုဒီထက်တောင်ပိုတောင်းတာ၊ မနက်အစောကြီးလည်း ဖမ်းနေကြတာ"လို့ ရန်ကုန်မြို့ နေသူတဦးက ​ပြောပါတယ်။

 

လူမူကွန်ယက်​ပေါ်မှာလည်း လူငယ်တွေပျောက်ဆုံးနေတယ်ဆိုတဲ့ လူပျောက်ကြော်ငြာပိုစ့်တွေတင်ကာ ကူညီရှာဖွေပေးဖို့ အသိပေးစာတွေတင်လာကြတာကို ခပ်စိပ်စိပ် တွေ့နေရပါတယ်။

 

ရန်ကုန်မြို့က မြို့နယ်အချို့မှာ ပေါ်တာဆွဲ ဖမ်းဆီးခံနေရသူတွေကို စစ်မှုထမ်းသင်တန်းတက်ခိုင်းတာတွေပြုလုပ်နေပြီး မိသားစုနဲ့အဆက်အသွယ်ပြတ်နေသူတွေရှိနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောကြပါတယ်။

 

Burma Associated Press

 

ဖမ်းဆီး
ဆေးရုံ
ရန်ကုန်
လူငယ်
စစ်ကောင်စီ

Share With
bap-logo