Editorial
ခုခံစစ် ၂ နှစ်တာ၏ အကျိုးအကြောင်း
လွန်ခဲ့သော ၂ နှစ် က
စစ်အာဏာရှင်အား လက်နက်ကိုင်နည်းလမ်းဖြင့် အံတုတော်လှန်သော ခုခံစစ်ကို ကြေညာခဲ့သည်မှာ ၂ နှစ်တာ ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် မဖြစ်နိုင်တော့၍လည်းကောင်း၊ လက်နက်အားကိုးဖြင့် အာဏာရှင်စနစ် သက်ဆိုးရှည်ရန် ကြိုးပမ်းနေသူများကို လက်နက်ကိုင်နည်းလမ် ဖြင့် ဖြုတ်ချမှသာ ဖြစ်တော့မည်ဟု ယူဆလာကြ၍လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်များကို အသီးသီးဖွဲ့စည်း၍ စစ်ကြေညာခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များအဖြစ် ဖွဲ့စည်းခဲ့ကြသလို ဒေသကာကွယ်ရေးတပ်များအဖြစ်လည်း ဖွဲ့စည်းခဲ့ကြသည်။ ရှိရင်းစွဲ တိုင်းရင်းသားလက်နက်များတပ်များကဲ့သို့ ဗမာကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ဟူ၍ ဖွဲ့စည်းခဲ့ကြသည်လည်း ရှိ၏။
ထို အခင်းအကျင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ခုခံစစ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ကြေညာခဲ့ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် ဒေသကာကွယ်ရေးတပ်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များဖြင့် မည်သည့်အတိုင်းအတာအထိ သဘောတူညီမှုရရှိထားပြီး မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်ကို တိကျရှင်းလင်းစွာမမြင်ရပါ။
စစ်ရေး၏ အရေးအကြီးဆုံးဖြစ်သော အမိန့်ပေးကွပ်ကဲမှုစနစ်(Chain of Command)အား အကောင်အထည်ဖော် ဆောင်နိုင်မှုတွင်လည်း လွန်စွာအားနည်းသော အချင်းအရပ်အဖြစ်တွေ့ရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာ ကွယ်ရေးဝန်ကြီးလက်အောက်ရှိ တပ်များကို လုံလောက်စွာစည်းရုံးနိုင်ခြင်းမရှိသည့်အပြင် ရန်သူ စစ်ကောင်စီတပ် နှစ်ထောင်းအားရဖြစ်မည့် တော်လှန်ရေး အင်အားစုများအကြား အငြင်းပွားမှုများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းအားနည်းသည်ကို တွေ့ရသည်။
သို့သော် “နွေဦးတော်လှန်ရေးအဖွဲ့အားလုံး တစ်ခုတည်းသောအမိန့်နာခံမှုအောက်မှာ မဟာဗျူဟာထိုးစစ်ဆင်နိုင်ဖို့ အပူတပြင်းကြိုးစားနေပြီး ယင်းထိုးစစ်အောင်မြင်ခဲ့ပါက လာမည့်နှစ်ဆန်းပိုင်း၌ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အဆုံးသတ်ပြီး တော်လှန်ရေးအောင်ပွဲခံကာလဖြစ်လာနိုင်သည်”ဟု အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဩဂုတ်လ ၁၆ ရက်တွင် အာရ်အက်ဖ်အေမြန်မာပိုင်းနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။ ထို့ပြင် ယခုနှစ်ကို နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်အဖြစ် လည်း တရားဝင်ထုတ်ဖော် ပြောကြားခဲ့သည်။
ထိုအခြေအနေများမတိုင်မီကလည်း နွေဦးတော်လှန်ရေးသည် မကြာမီအချိန်အတွင်း အောင်ပွဲရတော့မည် ဖြစ် ကြောင်း အကြိမ်ကြိမ်ဆိုခဲ့ကြဖူးသည်။ နွေဦးတော်လှန်ရေး၏ အောင်မြင်နိုင်ခြင်းအကြောင်းအရင်းသည် စစ်ရေးအရအောင်နိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျနေသည်။ ထို့ကြောင့် ယင်းအကျိုးအတွက် အထောက်အပံ့ဖြစ်စေမည့် အကြောင်းများကို ဖြည့်ဆည်းရမည်ဖြစ်ပြီး အများပြည်သူသိသင့်သိထိုက်သည်များကို ထုတ်ဖော်အသိပေးရမည် ဖြစ်သည်။
စစ်ရေးအောင်နိုင်မှုအတွက်ရည်ရွယ်၍ အောင်နိုင်ရေးစကားများကို ပုံဖော်ပြောကြားပြီး ဝါဒဖြန့်ချိခြင်းသည် ပြည်သူအကြား လွှဲမှားသော မျှော်လင့်ချက်အမှားများဖြစ်စေသည်ကို သတိပြုသင့်သည်။
ထို့ကြောင့် အများပြည်သူထံသို့ စစ်ရေးအခြေအနေများကို ရှိရင်းအတိုင်းမှန် ကန်စွာထုတ်ဖော်တင်ပြရန် လိုအပ်ပါ မည်။ မိမိတို့ဖြင့် လက်သင့်ရာသတင်းဌာနများမှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးကပြောကြားနေသည်ထက် သတင်း စာရှင်းလင်းပွဲ သို့မဟုတ် သတင်းထုတ်ပြန်ခြင်း စသည့်အစီ အစဉ်တစ်ရပ်ရပ်အနေဖြင့် တရားဝင်ထုတ်ဖော်ပြော ကြား၍ စစ်ရေးအစီရင်ခံခြင်းကို ဆောင်ရွက်သင့်သည်။
ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာခြင်း ၂ နှစ်ပြည့်မြောက်သည်ကို အကြောင်းပြု၍ ပြည်သူသို့ စစ်ရေးအစီရင်ခံသည့်အစီအစဉ်တစ်ရပ်ကို ဝါဒဖြန့်ချိခြင်းမဟုတ်ဘဲ အခြေအနေအမှန်တင်ပြခြင်းအဖြစ် ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
Burma Associated Press