Politics
မြန်မာစစ်ကောင်စီကို ငွေကြေးထောက်ပံ့နေမှုကြောင့် ရွက်လှေပိုင်ရှင်ကြီးများ ကျွန်းသစ်ဝယ်ယူခွင့် ဆုံးရှုံး
လွန်ခဲ့သော တစ်လ က
BAP ဘာသာပြန်။
ကမ္ဘာ့ဈေးအကြီးဆုံး ရွက်လှေများ၏ အတွင်းပိုင်းနှင့် ကုန်းပတ်များကို ကျွန်းသစ်ဖြင့် ပြုလုပ်ထား ကြသည်။ ကျွန်းသစ်သည် ရေစိုခံနိုင်ပြီး ဆွေးမြည့်မှုကို ခံနိုင်ရည်ရှိသည့် အပူပိုင်းသစ်မာ အမျိုးအစား ဖြစ်သကဲ့သို့ ချမ်းသာကြွယ်ဝသူများအတွက် ဂုဏ်ဒြပ်သင်္ကေတတစ်ခုလည်း ဖြစ်လာခဲ့သည်။
BBC သတင်းအရ အမှန်တကယ်တော့ သူတို့သည် ထိုသစ်ကို လုံးဝပိုင်ဆိုင်ခွင့် မရှိသင့်ဘဲ ယခုအခါ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးများသည် ၎င်းတို့၏ ဂုဏ်ဒြပ်ကို ပြသနိုင်ရန် ပစ္စည်းအသစ်များကို ရှာဖွေနေကြရပြီဖြစ်သည်။
၂၀၂၁ ခုနှစ်ကတည်းက အမေရိကန်၊ ယူကေနှင့် ဥရောပသမဂ္ဂတို့ထံ ကျွန်းသစ်တင်သွင်းခြင်းသည် တရားမဝင်တော့ပေ။ အကြောင်းရင်း နှစ်ချက်ရှိပြီး ပထမတစ်ချက်မှာ ကျွန်းသစ်သည် အရှေ့တောင် အာရှနိုင်ငံ၏ ဂေဟစနစ်ကို ပျက်စီးစေသော သစ်တောပြုန်းတီးမှုတွင် ပါဝင်နေခြင်းကြောင့်ဖြစ်သည်။
သို့သော် တကယ်တမ်းတွင် Jeff Bezoses ကဲ့သို့သော လူမျိုးများသည် ထိုအချက်ကို ဂရုမစိုက်ကြပေ။ ကျွန်းသစ်ကို (တားမြစ်ထားသင့်သော) အဓိကအကြောင်းရင်းမှာ ကျွန်းသစ်ကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံကို အင်အားသုံး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီကို ငွေကြေးထောက်ပံ့ နေခြင်းကြောင့်ဖြစ်ပြီး ဤစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် စစ်တပ်လည်းဖြစ်သည်။
အနောက်နိုင်ငံ အစိုးရများသည် ကျွန်းသစ် အဓိကတင်ပို့နေသည့် နိုင်ငံပိုင် သစ်လုပ်ငန်းအချို့အပါအဝင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ အဆိုပါ ရန်ပုံငွေများကို ဖြတ်တောက်ရန် အမြန်ဆုံး ကြိုးပမ်းခဲ့ကြသည်။ ၎င်းမှာ ရွက်လှေပိုင်ရှင် လူတန်းစားများအတွက် တကယ့်ကို စိတ်ပျက်စရာဖြစ်ခဲ့သော်လည်း သူတို့ကို အမှန်တကယ် တားဆီးနိုင်ခဲ့ခြင်းမျိုးတော့မရှိပေ။ ၂၀၂၃ ခုနှစ်တွင် The Guardian သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန် ကုမ္ပဏီအတော်များများမှာ မြန်မာနိုင်ငံမှ လာသော ကျွန်းသစ်များကို ဆက်လက်တင်သွင်းနေဆဲဖြစ်သည်။
အခြား သင်္ဘောထုတ်လုပ်သူများကလည်း ကန့်သတ်ချက်များကို လျစ်လျူရှုခဲ့ကြသည်။ ယူကေအခြေစိုက် Sunseeker ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်တွင် မြန်မာ့ကျွန်းသစ် အသုံးပြုမှုဖြင့် ဒဏ်ရိုက်ခံခဲ့ရသကဲ့သို့ နယ်သာလန် သင်္ဘောကျင်းတစ်ခုဖြစ်သော Oceanco သည်လည်း Amazon တည်ထောင် သူ Jeff Bezoses အတွက် တည်ဆောက်ပေးသည့် စူပါရွက်လှေတွင် အလားတူ ချိုးဖောက်မှုကြောင့် ဒဏ်ရိုက်ခံခဲ့ရသည်။
ထိုကုမ္ပဏီများက ကျွန်းသစ်ကို အဘယ်ကြောင့် ဆက်လက်အသုံးပြုနေသနည်းဟူသော အကြောင်း ပြချက်မှာ ရိုးရှင်းသည်။ ဘီဇော့စ်၏ ရွက်လှေသည် ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိသည်။ ကျွန်းသစ်အတွက် ဒဏ်ငွေမှာ ဒေါ်လာ ၁၅၇,၀၀၀ သာရှိသည်။ ၎င်းတို့အနေဖြင့် ထိုဒဏ်ငွေကို ကုန်ကျစရိတ်စာရင်းထဲတွင် အသာလေး ထည့်ပေါင်းလိုက်ရုံသာဖြစ်သည်။
သို့သော်လည်း BBC ၏ ဖော်ပြချက်အရ ရွက်လှေလုပ်ငန်းကဏ္ဍသည် ကျွန်းသစ်အသုံးပြုမှုကို နောက်ဆုံးတွင် စတင်စွန့်ခွာလာပြီဖြစ်သည်။ ၎င်းမှာ ကျင့်ဝတ်ဆိုင်ရာ အကြောင်းရင်းကြောင့် မဟုတ်ဘဲ ပိတ်ဆို့အရေးယူမှု မလုပ်ခင်က စုဆောင်းထားသော ကျွန်းသစ်လက်ကျန်များမှာ နောက်ဆုံးတွင် ကုန်သွားတော့မည် ဖြစ်သောကြောင့်ဖြစ်သည်။
ပိုလန်နှင့် ဒူဘိုင်းတွင် အခြေစိုက်သော Sunreef Yachts ကုမ္ပဏီက ကျွန်းသစ်ကို လုံးဝစွန့်လွှတ်တော့မည်ဖြစ်ပြီး အခြားသစ်သားများ သို့မဟုတ် သစ်သားမဟုတ်သော အစားထိုးပစ္စည်းများကိုသာ အသုံးပြုတော့မည်ဟု ကြေညာခဲ့သည်။
Google ကို ပူးတွဲတည်ထောင်သူ Sergey Bryn နှင့် Houston Rockets ပိုင်ရှင် Tilman Fertitta တို့မှာလည်း ၎င်းတို့၏ နောက်ဆုံးပေါ် ရွက်လှေစီမံကိန်းများတွင် အခြားအစားထိုးပစ္စည်းများကို အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။ BBC ၏ အဆိုအရ Bryn သည် သူ၏ ရွက်လှေပေါ်ရှိ ရဟတ်ယာဉ်ကွင်းအတွက် ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော သစ်သားအမျိုးအစားကို အသုံးပြုခဲ့သည်။
ကိုးကား - Gizmodo
ပုံစာ - မိုနာကို (Monaco) ရှိ စူပါရွက်လှေ အချို့။ ©Jeremy Suyker/Bloomberg via Getty Images။