bap-logo
Politics

မြန်မာစစ်အုပ်စု ကျင်းပသည့် ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမည်မဟုတ်ကြောင်း မလေးရှားပြော

XoZdFb-3Ygql66HW0YWmx-image

လွန်ခဲ့သော ၉ ရက် က

BAP ဘာသာပြန်။

မြန်မာစစ်အုပ်စု အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် အားလုံးပါဝင်နိုင်မှုမရှိခြင်းနှင့် လွတ်လပ်စွာ ပါဝင်ခွင့်မရှိခြင်းတို့အပေါ် စိုးရိမ်ရသည့်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အသိအမှတ်ပြု ထောက်ခံမည်မဟုတ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

 

လူ့အခွင့်အရေးအဖွဲ့များနှင့် အတိုက်အခံအဖွဲ့များကမူ ထိုရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှု မရှိကြောင်းနှင့် စစ်တပ်က ၎င်းတို့၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ပြောဆိုကြသည်။

 

ခိုင်လုံစိတ်ချရသော ရွေးကောက်ပွဲတစ်ခုဖြစ်ရန် အခြေအနေများ ပြည့်စုံမှုမရှိသည့်အတွက် မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲလေ့လာသူများ မစေလွှတ်ရန် အောက်တိုဘာလက ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြကြောင်း၊ သို့သော် အချို့သောအဖွဲ့ဝင်နိုင်ငံများက တစ်နိုင်ငံချင်းအလိုက် စေလွှတ်ရန် ရွေးချယ်ခဲ့ကြကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က လွှတ်တော်သို့ ပြောကြားခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် လေ့လာသူစေလွှတ်သည့် နိုင်ငံများထဲတွင် ပါဝင်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။

 

ရွေးကောက်ပွဲသည် အဆင့်လိုက်ကျင်းပခြင်း သို့မဟုတ် အချို့သော ကိုယ်စားလှယ်လောင်းများကို ပိတ်ပင်ထားသည့် ကန့်သတ်ချက်များအောက်တွင် ကျင်းပခြင်းမျိုး မဟုတ်ဘဲ အားလုံးပါဝင်နိုင်ပြီး လွတ်လပ်သော ပါဝင်ခွင့်ဖြင့် ကျင်းပရမည်ဖြစ်ကြောင်း အာဆီယံက ရှင်းလင်းစွာ ပြောကြားထားသည်ဟု Mohamad Hasan က ဆိုသည်။

 

"ကျွန်တော်တို့ လေ့လာသူတွေ မစေလွှတ်ခဲ့ပါဘူး၊ အဲဒီလို မစေလွှတ်ခဲ့တဲ့အတွက်ကြောင့်ပဲ ရွေးကောက်ပွဲရလဒ်ကို ကျွန်တော်တို့ အတည်မပြုပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။ ၎င်း၏ မှတ်ချက်သည် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သော ဒေသတွင်းအဖွဲ့အစည်းကြီးအနေဖြင့် ရွေးကောက်ပွဲရလဒ်များကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပထမဆုံးအကြိမ် ရှင်းလင်းစွာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

 

အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန်နှင့် သက်ဆိုင်သူအားလုံးနှင့် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲများ ပြုလုပ်ရန် အစရှိသည့် သဘောတူညီထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် မြန်မာစစ်ကောင်စီကို အာဆီယံက အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။

 

အာဆီယံသည် မြန်မာစစ်ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားသော်လည်း အဖွဲ့ဝင်နိုင်ငံများအတွင်း သဘောထားကွဲလွဲမှုများရှိနေခြင်းကြောင့် ထိုသို့သော ကြိုးပမ်းမှုများမှာ အကန့်အသတ်ရှိနေသည်။ အချို့နိုင်ငံများက ထိတွေ့ဆက်ဆံမှုကို လိုလားကြပြီး အချို့ကမူ မြန်မာဗိုလ်ချုပ်ကြီးများအပေါ် ပိုမိုပြင်းထန်သော ဖိအားပေးမှုများ ပြုလုပ်ရန် တိုက်တွန်းနေကြသည်။

 

အမျိုးသားအဆင့်နှင့် ဒေသဆိုင်ရာ လွှတ်တော်နေရာအားလုံးအတွက် နောက်ဆုံးရလဒ်များကို ယခုလအတွင်း ထုတ်ပြန်ကြေညာရန် မျှော်လင့်ရသည်။

 

ကိုးကား - NPR

 

ပုံစာ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က မိန့်ခွန်းပြောနေစဉ်။ (AP Photo/Rafiq Maqbool, File)

 

Burma Associated Press

 

မြန်မာ
အာဆီယံ
ရွေးကောက်ပွဲ
မလေးရှား

Share With
bap-logo