bap-logo
Education

လွိုင်ကော် တက္ကသိုလ်ကနေ အခြားကျောင်းပြောင်းသူတွေ နေရပ်ပြန် ကျောင်းတက်ဖို့ ဖိအားပေးခံနေရ

fJ_VsXWQTemxjhXy0YD6D-image

လွန်ခဲ့သော ၂ ရက် က

 

BAP၊ ဇန်နဝါရီ ၂၈။

 

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ကနေ အခြားမြို့ကို ကျောင်းပြောင်းတက်တဲ့ ကျောင်းသား ကျောင်းသူတွေ ​နေရပ်ပြန် ကျောင်းတက်ဖို့ ဖိအားပေးခံနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေ​ပြောပါတယ်။

 

နည်းပညာတက္ကသိုလ်တွေမှာ တက်ရောက်နေတဲ့သူတွေဟာ ကျောင်းပြန်ပြောင်းတက်ဖို့ ဖိအားပေးခံ နေရ တယ်လို့ ရန်ကုန်စက်မူနည်းပညာတက္ကသိုလ်မှာ တက်ရောက်နေသူတွေက ပြောပါတယ်။

 

"လွိုင်ကော်တက္ကသိုလ် ပြန်ဖွင့်တော့မှာမို့ မူရင်းနေရာကို ပြန်တက်ရမယ်လို့ပြောတယ်၊ အဝေးသင်တွေ တော့မသိသေးဘူး၊ ​နေ့တက်တဲ့သူတွေအကုန်ပြန်တက်ရမယ်ဆိုတော့ မိသားစုအလိုက်ပြောင်းလာသူတွေက ခက်ပြီပေါ့၊ ဘယ်လိုဖြစ်လာမယ်မသိသေးဘူး"လို့ ရန်ကုန်မှာကျောင်းလာတက်နေသူ နည်းပညာတက္ကသိုလ် ကျောင်းသူတဦးက ပြောပါတယ်။

 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတုန်းက လွိုင်ကော် တက္ကသိုလ်က ကျောင်းသား၊ကျောင်းသူတွေဟာ  ​ဆွေမျိုးတွေရှိရာ နေရာတွေမှာ ပြောင်းတက်ခဲ့ရတာလို့ ဆိုပါတယ်။

 

ကရင်နီက ၁၁၁၁ စစ်ဆင်ရေးအတွင်း တော်လှန်ရေးအင်အားစုတွေ ကယ်ထုတ်လာတဲ့ Non CDM ဝန်ထမ်းတွေထဲက လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၈ ဦးကို ဖရူဆိုမြို့နယ် တရားရုံးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်မှာ ဒဏ်ငွေ ၁၇ သိန်းကျပ်နဲ့ အရေးယူခဲ့ကာ နေရပ်ပြန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

 

တက္ကသိုလ်တွေ ပြန်ဖွင့်ခဲ့ရင် အရင်တာဝန်ကျဆရာ၊ ဆရာမတွေ ပညာရေးဝန်ထမ်းတွေပဲ ပြန်ခန့်ဦးမလားဆိုတာ မသိရသေးဘူးလို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။

 

ကရင်နီပြည်နယ်ရဲ့ မြို့တော်၊ လွိုင်ကော်မြို့က တက္ကသိုလ်တွေအားလုံးကို လာမယ့် ၂၀၂၅-၂၀၂၆ စာသင်နှစ်၊ မတ်လအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

"မတ်လအတွင်းမှာ မဖြစ်ဖြစ်အောင် ဖွင့်ဖို့လုပ်နေကြတယ်၊ မဖြစ်ဖြစ်အောင်သူတို့က ပြန်တက်ခိုင်းမှာ၊ လွိုင်ကော်မှာပဲ ပြန်တက်ဖို့အတွက်မိဘတွေကို အကြောင်းကြားတာတွေ လုပ်နေတယ်၊ ကျွန်မတို့က​လွိုင်ကော်မှာပြန်တက်ဖို့ စိတ်မချသေးတေ့ာ ဘာဖြစ်မယ်မသိသေးဘူး"လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။

 

၂၀၂၄ခုနှစ်တုန်းကတော့ လွိုင်ကော်တက္ကသိုလ်ကို တောင်ကြီးတက္ကသိုလ်ရဲ့ တွဲဖက်အဖြစ်ထားရှိခဲ့တာပါ။

 

အဲဒီ​နောက် လွိုင်ကော်တက္ကသိုလ်က​နေ တောင်ကြီးတက္ကသိုလ်မှာ ပြောင်းလဲ တက်ရောက်သူတွေ များပြားခဲ့တယ်လို့ ကျောင်းသား၊ကျောင်းသူတွေက ပြောပါတယ်။

 

"ဘယ်တက္ကသိုလ်တွေ အရင်ဖွင့်မလဲမသိရသေးဘူး၊ ပြင်ဆင်ပြီးရင် အားလုံးပြန်တက်လို့​ရမယ်လို့ ဆရာမတွေကပြောတယ်၊ မတက်မနေရတက်ရမယ့်သဘောရှိတော့ နေအိမ်မရှိတော့လို့ အခြားနေရာရွှေ့နေရသူတွေလည်း ပြန်တက်ရရင်ဘယ်လိုအဆင်ပြေမလဲ၊ သူတို့လုပ်ချင်တာလုပ်နေတာ" လို့ တောင်ကြီးတက္ကသိုလ်မှာ ​ကျောင်းပြောင်း တက်ရောက်သူတဦးက ပြောပါတယ်။

 

လက်ရှိအချိန် လွိုင်ကော်မြို့အနီးဝန်းတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံမှုမရှိမှာကို မိဘတွေ စိတ်ပူနေကြပြီး ကျောင်းပြန်ပြောင်းတက်ဖို့ မိဘတွေတွေပါ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။

 

ကရင်နီပြည်နယ် မြို့နယ်အများစုက ပြည်သူတွေ ရှမ်းပြည်တောင်ပိုင်းကို စစ်ဘေးရှောင်ခဲ့ကြရပြီး၊ လက်ရှိအချိန်မှာ နေရပ်ပြန်လည်နေထိုင်သူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်မှာ စစ်ကောင်စီက မြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး လွိုင်ကော်မြို့က တက္ကသိုလ် အမြန်ဆုံး ပြန်ဖွင့်မယ်လို့ ပြောထားပါတယ်။

Burma Associated Press

 

လွိုင်ကော်
စစ်ကောင်စီ
တက္ကသိုလ်
ကျောင်းသား

Share With
bap-logo