Education
လွိုင်ကော်၊ လားရှိုး၊ ဗန်းမော်၊ ကလေး တက္ကသိုလ်များ မပါဝင်သည့် တက္ကသိုလ် ဝင်ခွင့်များ စစ်ကောင်စီခေါ်ယူ
လွန်ခဲ့သော ၅ လ က
ဩဂုတ် ၁၆။
တိုက်ပွဲများဖြစ်ပေါ်ကာ စစ်တပ်က အပြည့်အဝထိန်းချုပ်ရန်ကြိုးပမ်းနေသည့် ကရင်နီ(ကယား) ပြည် လွိုင်ကော် နှင့် စစ်ဌာနချုပ်တစ်ခုလုံး လက်လွှတ်ထားရသည့် လားရှိုး၊ ကချင်ပြည်နယ် ဗန်းမော်နှစ် စစ်ကိုင်းတိုင်း ကလေးမြို့ တို့မှ တက္ကသိုလ်များ မပါဝင်သည့် တက္ကသိုလ်ဝင်ခွင့်များကို စစ်ကောင်စီက ခေါ်ယူလာသည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထား နိုင်ကြောင်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပိတ်ရက်မရှိ လျှောက်ထားနိုင်သည်ဟုဆိုသည်။
သတ်မှတ်ထားသည့် တက္ကသိုလ် ၂၃ ခု၌သာ လျှောက်ထားရန် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
မြန်မာ့ပညာရေးလမ်းညွန်၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်နှင့် ကောလိပ် ၃၈ ခု ရှိနေသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ်ကိုလည်း ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကရင်နီပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမ ဝန်ထမ်းမိသားစု ၂၀၀ ကျော် ကို တော်လှန်ရေးတပ်ဖွဲ့များက အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။
ယင်းတို့အနက် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးဦးနှင့် မိသားစုဝင်များကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က အမှုဖွင့်အရေးယူခဲ့သည်။ ယင်းနောက် အဆိုပါ ဝန်ထမ်းများကို ငွေဒဏ်ရိုက်ကာ နေရပ်သို့ ပြန်လွှတ်ပေးခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ် ဩဂုတ်လအစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ကာ လားရှိုးမြို့ကိုလည်း ကိုးကန့်တပ် MNDAA နှင့်တော်လှန်ရေးအင်အားစုများက ထိန်းချုပ် ထားသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် KIA+PDF ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် နန့်ဖားကျေးရွာအနီးရှိ ဗန်းမော်တက္ကသိုလ်ပိတ်ထားရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများကြား ယခုနှစ်အစောပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တက္ကသိုလ်မှ Non CDM ပညာရေး ဝန်ထမ်းများ အပါအဝင် လူဦးရေ ၁၄၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့များက ခေါ်ထုတ်ခဲ့ရသည်။
ဓာတ်ပုံ - လူမှုကွန်ရက်
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က