bap-logo
Politics

တင်းကြပ်ပြင်ဆင်လိုက်သည့် ဥပဒေတွင် အင်အားကြီးပါတီများလွဲ၍ ကျန်ပါတီများ အခက်ကြုံနိုင်

QwK5gFpjyqijDsdyUkKOq-image

လွန်ခဲ့သော ၃ နှစ် က

 ရန်ကုန်၊ ဇန်နဝါရီ ၂၇

 

စစ်ကောင်စီတင်းကြပ်ပြင်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံရေးပါတီဝင် လူဦးရေ တိုးမြှင့် လိုက်ခြင်း၊ ရွေးကောက်ပွဲတွင်မဖြစ်မနေ နေရာတစ်ဝက်ဝင်ပြိုင်ရမည့်အချက်များအပါအဝင် မြို့နယ် များတွင် ပါတီရုံးခန်းများဖွင့်လှစ်ရမည်ဟု ပြဠာန်းထားသဖြင့် အင်အားကြီးပါတီများမှလွဲ၍ ကျန်ရှိနေသည့် နိုင်ငံရေးပါတီများအတွက်အခက်ကြုံနိုင်ကြောင်း သိရသည်။

 

ပြည်ထောင်စုတစ်ဝန်းလုံးတွင်စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းရှိရမည်ဖြစ်ပြီး မြို့နယ်ထက်ဝက်ခန့်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဖြစ်ကြောင်းပါဝင်သည်။

 

အဲဒီလောက်လုပ်နိုင်မဲ့ပါတီက ဘယ်နှစ်ခုမှမရှိနိုင်ဘူး။ အဲဒီတော့တိုင်းရင်းသားပါတီတွေက သိပ်ပြသနာမရှိဘူး သူ့ပြည်နယ်နဲ့သူ။ အခြားပါတီတွေဘယ်လိုလုပ်မလဲမသိဘူး။ ဦးကိုကိုကြီးတို့၊ ဒေါ်သက်သက်ခိုင်တို့ပါတီတွေ။ အခုပါတီ မှတ်ပုံတင်အသစ်ပြန်တင်ချင်ရင်တင်၊ မတင်ရင်ဖျက်ပေးရမဲ့သဘောပဲ။ မဟုတ်ရင် အခြားတစ်ခုခုနဲ့ ပေါင်းရမယ်ထင်တယ်” နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

 

နိုင်ငံတစ်ဝန်းရှိ မြို့နယ်ထက်ဝက်ခန့်ရုံးဖွင့်မည့်ဆိုသည့်အချက်တွင် မြို့နယ်ပေါင်း ၃၃၀ မြို့နယ်ရှိရာတွင် သတ်မှတ်ချက် အတိုင်း ရုံးမဖွင့်နိုင်သည့် နိုင်ငံရေးပါတီက ပါတီမှတ်ပုံတင်ခွင့်ရရှိမည်မဟုတ်ပေ။

 

ပါတီကြီးတွေမှာတော့အဲဒီလိုရန်ပုံငွေသိန်းတစ်ထောင်ပေးနိုင်တယ်။ ပါတီရုံးကလည်းထက်ဝက်ဖွင့်ရ မယ်ဆို တော့ မြို့နယ် ၁၅၀ နဲ့ ၂၀၀ လောက်ဖွင့်ရမယ်ရှိရမယ်ဆိုတော့ ပါတီကြီးတွေပဲလုပ်နိုင်မယ်” ဟု နိုင်ငံရေးလေ့လာသူ တစ်ဦးက ဆိုသည်။

 

ထို့ပြင် တစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီကြီးဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ဖြင့်ငွေစာရင်းဖွင့်လှစ် ထားသည့် အထောက်အထား မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင်ရှိရမည်ဖြစ်ကြောင်း ပါဝင်သည်။

 

ယင်းအပြင်ပြည်နယ် (သို့) တိုင်းဒေသကြီး တစ်ခုအတွင်းသာယှဉ်ပြိုင်မည့်ပါတီများအနေဖြင့် ရက်ပေါင်း ၉၀ အတွင်းပါတီဝင် တစ်ထောင်ခန့်ရှိရမည်ဖြစ်ပြီး မြို့နယ်အားလုံးထဲမှ အနည်းဆုံးငါးမြို့နယ်တွင်ပါတီရုံးခန်း ဖွင့်လှစ်နိုင်မည်ဟုပါဝင်သည်။

 

ယခင်ဥပဒေတွင်မူ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေရက်မှစပြီး အနည်းဆုံး ၁၀၀၀ ကို စည်းရုံးရမည်ပြီး ပြည်နယ်တစ်ခု (သို့ ) တိုင်းဒေသကြီးတွင် စည်းရုံးမည်ပါတီဖြစ်ပါက လူဦးရေအနည်းဆုံး ၅၀၀ ရှိရမည်ဟု ပြဠာန်းထားသည်။

 

ထို့အပြင်စစ်ကောင်စီက အကြမ်းဖက်အဖွဲ့ဟုသတ်မှတ်ထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝှိက်ပြီးသော်လည်းကောင်း ဆက်သွယ်ခြင်းမပြုရဟု ရေးသားထားသည်။

 

လက်ရှိနိုင်ငံရေးပါတီများသည် အသစ်ပြဠာန်းလိုက်သည့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေဖြင့် စစ်ကောင်စီ ပြန်လည်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတွင်  ပါတီမှတ်ပုံတင်ရမည်ဖြစ်ပြီး ပြန်လည် လုပ်ဆောင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှအလိုလိုပယ်ဖျက်မည်ဖြစ်သည်။

 

လက်ရှိတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိပြီး ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးသည့်ပါတီ ၇၄ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခုအတွင်းစည်းရုံးသည့်ပါတီ ၁၈ ပါတီရှိကြောင်း သိရသည်။ 

 

Burma Associated Press

နိုင်ငံရေးပါတီများ
စစ်ကောင်စီ
ရွေးကောက်ပွဲ

Share With
bap-logo