Politics
စစ်ကောင်စီလက်ထက် ဘိန်းစိုက်ပျိုးမှု တဟုန်ထိုးမြင့်တက်လာကြောင်း ကုလအစီရင်ခံစာဖော်ပြ
လွန်ခဲ့သော ၃ နှစ် က
နယူးယောက် - ဇန်နဝါရီ ၂၆။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခြောက်နှစ်ကြာ ဘိန်းစိုက်ပျိုးဧရိယာကျဆင်းမှု ရပ်တန့်ကာ ၂၀၂၂ ခုအတွင်း ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်း ခုန်တက်သွားခြင်းကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ကြီးထွားလာခြင်းသည် နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုများနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာ ရုံး (UNODC) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး၊ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကမောက်ကမ ဖြစ်စဉ်တွေကြောင့် အခြေအနေ ပိုဆိုးရွားသွားတာပါ။ ဝေးလန်ခေါင်သီတဲ့ဒေသက လယ်သမားတွေ၊ အထူး သဖြင့် ပဋိပက္ခဒဏ်ကို မကြာခဏခံစားရလေ့ရှိတဲ့ဒေသက တောင်သူတွေ အနေနဲ့ ဘိန်းပြန်စိုက်ဖို့ကလွဲရင် တခြားရွေးချယ်စရာ မရှိသလောက်ပါပဲ" ဟု UNODC ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ဆိုသည်။
အစီရင်ခံစားနှင့်စပ်လျှဉ်း၍ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ခဲ့သော်လည်း တစုံတရာ တုန့်ပြန်ခြင်း မရှိခဲ့ပါ။
"တခြားရွေးချယ်စရာမရှိဘူး၊ စီးပွားရေးလည်းမတည်ငြိမ်ဘူးဆိုရင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုက ဆက်ပြီးကျယ်ပြန့်လာမှာပါ" ဟုလည်း UNODC မြန်မာ နိုင်ငံ မန်နေဂျာ Benedikt Hofmann က သတိပေး ထားသည်။
၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ၃၃ ရာခိုင်နှုန်းတိုးလာပြီး ဘိန်းအထွက်နှုန်း ၈၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု UNODC မှ အာဏာသိမ်းပြီး ဘိန်းစိုက်ရာသီအစတွင် ကောက်ယူခဲ့သည့် အချက်အလက်များ အရ သိရသည်။
ကိန်းဂဏန်းအားဖြင့် အဆိုပါအရေအတွက်သည် ယမန်နှစ်ဘိန်းစိုက်ပျိုးဧရိယာ ဟက်တာ ၄၀၀၀၀ (၉၉၀၀၀ ဧက) ထက် အနည်းငယ်ပိုတိုးလာပြီး ဘိန်းထွက်နှုန်းမှာ မက်ထရစ်တန်ချိန် ၇၉၀ နှင့် ညီမျှသည်။
တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်ချင်းစပ်တည်ရှိသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းပိုင်းတွင် ဘိန်းစိုပျိုးမှု ၃၉ ရာခိုင်နှုန်း (အမြင့်မားဆုံး) ဖြစ်ကြောင်း သိရသည်။
ကုလ၏၂၀၂၁ အစီရင်ခံစာတွင် ဂြိုလ်တုဒေတာကို အဓိကအသုံးပြု၍ စိုက်ပျိုးဧရိယာသတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ နှစ်စဉ်ဘိန်းထုတ်လုပ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရှိလာနိုင်ပြီး မူးယစ် ဆေးဝါးအများစုသည် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့ဈေးကွက်သို့ မှောင်ခိုတင်ပို့နေကြောင်း အစီရင်ခံစာ က ဆက်လက်ဖော်ပြသည်။
Source – Reuters/Al Jazeera
ဓာတ်ပုံ - ကရင်နီ (ကားယား)ပြည်နယ်ရှိ ဘိန်းစိုက်ခင်းအလုပ်သမားတစ်ဦး။