Opinion
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၆)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
‘ဆိုင်ကလုန်း’ ‘ဆိုင်ကလုန်း’ လို့ဆိုရင် လွန်ခဲ့တဲ့ ၁၅ နှစ် ဒီလိုအချိန်က အဖြစ်ကို မြန်မာပြည်သူတွေ မမေ့ကြသေးပါဘူး။
လူတွေသောက်သောက်လဲ သေနေတဲ့ ဆိုင်ကလုန်းကြားက သောက်ကျိုးနည်းစာအုပ်ကြီးတစ်အုပ်ကို အတည်ပြု ခဲ့ကြတယ်မဟုတ်လား။ တိုင်းပြည်ကို ချက်ခြင်းကြီး ဒီမိုကရေစီစေချင်တဲ့ မြန်မာပြည်အနှံ့ ဘုရားကျောင်းကန် လမ်းတံတား ကန်ထရိုက်တာ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ စေတနာပေါ့ခင်ဗျာ။
ဘယ်နေရာရောက်ရောက် ‘ဘဘဗိုလ်ချုပ်မှူးကြီးကျန်းမာပါစေ’ လုပ်ခဲ့ရတာကြောင့်ထင်ရဲ့ ဒင်းကတော့ မြစ်ထဲ မျောနေတဲ့ မစင်တုန်းလို အခုထိပေါ်လိုက်ပျောက်လိုက် လုပ်လို့ကောင်းတုန်းပေါ့လေ။
အခုတဖန် အာဏာရှင်ရဲ့ အာဏာရှင်လက်ထက်မှာ ‘မိုခါ’ ဆိုင်ကလုန်းက ဒီတိုင်းပြည်ကို ဝင်ဆောင့်တော့မတဲ့။ စတန်းဒက်အာမီထဲက စစ်သားတွေဟာ လက်ဖက်ရည်ဖိုးကြိုက်သလို နတ်နဂါးတွေကတော့ ပေါက်ပေါက်ဆုပ်၊ ငှက်ပျောသီးနဲ့ အုန်းသီးကြိုက်ပုံမရဘူးထင်ရဲ့။
အုန်းသီးနဲ့ ငှက်ပျောသီးကို ဖေးဘရိတ်ဖုအဖြစ်သဘောထားတဲ့ နဂါးရယ်လို့ မောင်စကဖြင့် ယောင်လို့တောင် မကြားမိပါဘူး။ ဒါကြောင့် အခြား သူကြိုက်မယ်ထင်လောက်တာလေး ပြောင်းကျွေးကြည့်ဖို့ အကြံပြုလိုပါတယ်။
အားပြင်းတဲ့ ဆိုင်ကလုန်းကို လူတွေတောင် ကြောက်လို့ထွက်ပြေးနေရတဲ့အချိန် သူ့ကိုဖောင်ပေါ်တင် ပင်လယ်ထဲ မျောခံရတဲ့ ကိုယ်တော်ကြီးခမျာလည်း ဖောင်ကိုမှောက်ပြီး CDM လုပ်သွားလေရဲ့။
ကိုယ်တော်ကြီးနေရာမှာ အိမ်စောင့်အဖွဲ့ကြီး တစ်ဖွဲ့လုံးတင်ပြီး ပင်လယ်ထဲ မျောကြည့်ရင်တော့ တစ်မျိုး တစ်မည် ထူးလောက်မယ်ထင်ပါရဲ့။ ပင်လယ်ထဲမှာဖောင်လေးတစ်စင်းနဲ့ ဆိုတော့ life of Pi ကိုမှီငြမ်းတဲ့ life of MAL ဆိုပြီး မြန်မာပေါလိဝုဒ်ကနေ ဓာတ်ရှင်တကား ရိုက်လို့ရတာပေါ့ခင်ဗျာ။
ဝန်ကြီးချုပ် တစ်ဒါဇင်လောက်ရှိတဲ့ ပင်လယ်ထဲကို တစ်ဖွဲ့လုံးသာ ပါသွားမယ်ဆိုရင် ဒီဓာတ်ရှင်ဟာဖြင့် စောင်အနီ တွေ စောင်အပြာတွေထက် လူဝင်များရုံမက အော်စကာတွေဘာတွေတောင် ရနိုင်လောက်ပါရဲ့။
ဒါဟာ အင်မတန်လူရာဝင်ချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌအတွက် နိုင်ငံတကာ သတင်းစာမျက်နှာ မျက်နှာဖုံးတွေမှာ ပါဖို့ မဟာ့မဟာ အခွင့်အလမ်းပေမို့ မုန်တိုင်းမစဲခင် ဖောင်ပြင်ပြီး ထွက်တော်မူ နန်းကခွာသင့်ပါကြောင်း အကြံပြုရင်း စာကို အဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Burma Associated Press
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၁ ရက် က
လွန်ခဲ့သော ၂၁ ရက် က