Opinion
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၃)
လွန်ခဲ့သော ၂ နှစ် က
ဗိုလ်ချုပ်မှူးကြီးဥက္ကဌခင်ဗျာ
ယပ်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ရန်ကုန်ဆိပ်ကမ်းကို တသုတ်ပြီး တသုတ်ရောက်လာတဲ့ အီးကားတွေကို ကြည့်နေရတာ နွေနေပူမှာ အရသာ အရှိဆုံးပါပဲ။
နေမြင့်လေ မီးပျက်လေဆိုတဲ့ တိုင်းပြည်မဟုတ်လား။
နေမြင့်လေ အရူးရင့်လေဖြစ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌကတော့ သင်္ကြန်နား နီးလို့ထင်ရဲ့ ဖွင့်နေကြ ဓာတ်ပြား ကိုပဲ စင်ပေါ်မှာ ထပ်ရွတ်ပြနေတာ တွေ့လိုက် ပါတယ်။
စတန်းဒက်အာမီဒေးမှာ စင်ပေါ်တက် မျက်လုံးလေး ကလယ်ကလယ်နဲ့ ဟိုအဖွဲ့ကို အပြုတ်တိုက်မယ်၊ ဒီအဖွဲ့ကို အပြီဖြဲမယ်ဆိုပြီး ထပ်ပြောလာတယ် မဟုတ်လား။ ဟုမ်းမိတ်စွပ်ပြုတ် ခဏခဏ တိုက်ရအောင် အီးအေအိုတွေ ဆိုတာလည်း နာတာရှည်ဖြစ်နေတဲ့ လူမမာတွေမှ မဟုတ်တာခင်ဗျာ။
ဗိုလ်ချုပ်မှူးကြီးဥက္ကဌ အားနဲ့မာန်နဲ့ ကြိမ်းမောင်းလိုက်တိုင်းမှာ တကယ့်တကယ် ပြုတ်ပြီး ဖဝါးနဲ့တင်ပါး တသား ပြေးကြတာတော့ စတန်းဒက်အာမီကြီးဖြစ်တော့သကိုး။
ကရင်ဂွင်မှာ ရလိုက်တဲ့ သံချေးအထပ်ထပ် စတန်းဒက်အာမီရဲ့ ကပစ ထုတ်တွေဟာလည်း နိုင်ငံတော်အသာထား ကိုယ့်ကိုယ်ကိုတောင် ကာကွယ်ဖို့ မသေချာတော့ပုံပါပဲ။
ဒါကြောင့်လည်း လုံးပါးပါးနေတဲ့ ကိုကြင်စိုးရဲ့ လက်ပါးစေ ပရုတ်လုံးတစ်စုဟာ နိုင်ငံတော်ကို ထားခဲ့ပြီး ချောင်းကူးမြောင်းကူး ယပလက်ကို ပြေးပြီးဆေးကုရတော့တာပေါ့။
စပွန်ဆာ မရှိလို့ နိုင်ငံတော်က စရိတ်ခံ အကယ်ဒမီပေးမယ်ဆိုလာတော့ ရွှေစင်ရုပ်နေရာမှာ ဗိုလ်ချုပ်မှူးကြီး ဥက္ကဌရဲ့ မျက်နှာနဲ့လုပ်ဖို့ ကျနော် မောင်စက အကြံပြုလိုပါတယ်။ ကြယ်နေရာမှာလည်း ရွှေကြိုးကွင်းပုံလေးနဲ့ဆို နိုင်ငံတော်ရဲ့ စေတနာလည်း ပိုပြီးပေါ်လွင်သွားဖို့ရှိပါတယ်။ ဒါက ကဘော်လစ်ခဲကို ပတ္တမြားလုပ်တာထက်လည်း ပိုပြီးလွယ်ကူနိုင်သလို ဆင်မဲကို ဆင်ဖြူဖြစ်နေတာထက်လည်း ယုတ္တိရှိမှာ အမှန်ပါပဲ။
ရွေးကောက်ပွဲဝင်ချင်လွန်းလို့ ပိုက်ဆံသိန်းတစ်ထောင်ရှာထားတဲ့ ချာပါတီကြီးတွေခမျာလည်း ဘယ်အရပ် ဌာနေ ဘယ်ဆီနေမှန်းမသိတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အသုံးအဆောင်ဖိုးပါ ပိုက်ဆံ ထပ်ရှာပေးရတော့မယ့် ပုံပါပဲ။
လူကြားကောင်းအောင် ရွေးကောက်ပွဲ လုပ်နေပါနဲ့ခင်ဗျာ ‘ငါသာ မင်းလောင်း ထီးဖြူဆောင်း’ ဟဲ့ဆိုပြီး ပုလ္လင်ပေါ် ခုန်တက်ပြီး ‘အာဏာရှင်’ လို့သာ ရဲရဲကြီးခံယူလိုက်ပါခင်ဗျာ။ စတန်းဒက်အာမီရဲ့ စေတနာတွေကြောင့် ရှုနာရှိုက်ကုန်း ဖြစ်နေတဲ့ နိုင်ငံတော်လည်း ပိုက်ဆံအကုန်အကျ သက်သာသွားတာပေါ့။
မကြာခင်မှာပဲ မြန်မာသင်္ကြန်ကာလကိုရောက်တော့မှာပါ။ သင်္ကြန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့ စိတ်ကူးယဉ်နေပြီ ဆိုတော့ ‘သင်္ကြန်နွေဦး တူးပို့တူးပို့’ ပါလို့ ပြောရင်း စာကို အဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က