Opinion
ဗိုလ်ချုပ်မှူးကြီးဥက္ကဌထံပေးစာ (၉၂)
လွန်ခဲ့သော ၂ နှစ် က
လွန်ခဲ့တဲ့ တစ်ရက်က သောကြာဂြိုလ်ကို လက ကွယ်ခဲ့တဲ့ ကြုံတောင့်ကြုံခဲ ဖြစ်စဉ်ကို မောင်စကတို့ မြင်ခဲ့ရပါတယ်။
“ညောင်စေ့လောက်လှူရင် ညောင်ပင်လောက်ရမယ်” အံမယ် ဒါတင်မက သူတစ်ပါးအလှူကို သာဓုခေါ်ရင်တောင် နိဗ္ဗာန်ကို လမ်းကြုံကုန်းဆင်းလို့ရမယ်လို့ ယုံကြည်တဲ့၊ အင်မတန် ဆုတောင်းကြမ်းတဲ့ မြန်မာပြည်သူတွေခမျာ ရှိရှိသမျှသော ဘုရားတွေတင်မက ဂြိုလ်ဝင်ဂြိုလ်ထွက် နေဝင်နေကြတ် စကြဝဠာဆိုင်ရာ ဖြစ်ရပ်ဆန်းတွေကိုပါ တိုင်တည် ဆုတောင်းနေကြပါပြီ။ ဒါကြောင့်မို့လည်း အနန္တ စကြဝဠာဆိုတာ ဟောလိဝုဒ်မှာတော့ ရုပ်ရှင်တွေ ဖြစ်လာပြီး မြန်မာပြည်မှာတော့ ဗေဒင်ဟောခန်းတွေ ဖြစ်လာတာပေါ့လေ။
ယခုတစ်ခေါက် ပြည်သူတွေဆုတောင်းက “သောကြာကြယ်ကြီး လနဲ့နီး တပ်ကြီး ပျောက်လတ္တံ့” ဆိုလားပဲ။ ဗိုလ်ချုပ်မှူးကြီးဥက္ကဌ တစ်ယောက် ကြားမှ ကြားပါလေစ။
ရွှေပြည်က လူတွေခမျာ မီးမှန်ဖို့လည်း ဆုတောင်း၊ ရေမှန်ဖို့လည်း ဆုတောင်း၊ စစ်တပ်ပြုတ်ဖို့လည်းဆုတောင်း ဟိုဟာဆုတောင်း ဒီဟာဆုတောင်းနဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌလက်ထက်မှာတော့ တိုင်းပြည်ဟာ ပြည်ထောင်စု သမ္မတ ဆုတောင်းစား တိုင်းပြည်ကြီးဖြစ်လာနေပါပြီ။
ကတုတ်ကျင်းထဲ ပုတီးကိုင်၊ စောင်နီလေးအောက် စောင်ခြုံကွေးချင်တဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ လက်ပါးစေတွေ ကတော့ ဆုတောင်းမပြည့်ခဲ့ရှာပါဘူး။
ကရင်နီစစ်မြေပြင်မှာ ကပစ ထုတ်သေနတ်တွေ အစုလိုက်အပုံလိုက် မြင်လိုက်ရတော့ ရုစကီးတွေဆီ ပို့တော့မယ်ဆိုတဲ့ ဟာတွေ လိပ်စာမှားပြီးတော့များ ရောက်ကုန်သလားလို့ မောင်စကထင်မိပါတယ်။
ငါးနီတူနဲ့ ကြက်ဥကတ်လေးရဖို့ ကရင်နီမှာ လှည်းစီးတန်းစီနေတဲ့ စတန်းဒက် အာမီကြီးကို ကြည့်ရင်း “ဒီနှစ်တော့ ပြည်သူတွေပျော်စေရမယ်” ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီးဥက္ကဌရဲ့ စကားက သွေးထွက်အောင်ကို မှန်တော့သကိုးလို့ ခံစားမိပါရဲ့။
မနက်ဖြန်ကျရောက်မဲ့ (၇၈) နှစ်မြောက် စတန်းဒက်အာမီနေ့ဟာ ကရင်နီက လှည်းစီးပုပ်ကိုယ်တွေအတွက်တော့ အသုဘ ရက်လည်ဖြစ်သွားတာပေါ့ခင်ဗျာ။
စတန်းဒက်အာမီကြီး ရှိဦးမယ်ဆိုရင် နောက်နှစ်အတွက် ဓာတ်ရှင်နာမည်တောင် ပြည်သူတွေက ဝိုင်းဝန်း စဉ်းစားထားပြီးပါပြီ။ “လှည်းကလေး သုံးစီး” ရယ်ပါတဲ့ခင်ဗျာ။
ဘာပဲဖြစ်ဖြစ် ဒီနှစ် အာမီဒေးဟာ မုန့်ဟင်းခါးနဲ့ အိုးဘဲဥဆိုတော့ ပြည်သူတွေ ပျော်ပါတယ်လို့ သတင်းစကား ပါးရင်း စာကို အဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စု သမ္မတ နိုင်ငံထဲက ဂျနရေးရှင်းစက
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က