Opinion
ဗိုလ်ချုပ်မှူးကြီး ဥက္ကဌထံပေးစာ (၉၅)
လွန်ခဲ့သော ၂ နှစ် က
ဧပြီ ၂၃။
တစ်ချိန်လုံးလိုလို နိုင်ငံတော်ကချည်း ကယ်တင်ခြင်းခံနေရခြင်းကနေ မောင်စကတို့ ပြည်သူတွေက နိုင်ငံတော်ကို ပြန်လည်ကယ်တင်ခွင့်ရတော့မယ့် အချိန်အခါကို ရောက်လာခဲ့ပါပြီ။
မီးမကြာခဏလာနေတဲ့ နိုင်ငံတော်ကြီးအတွက် လျှပ်စစ်ဓာတ်အားတွေ ကူပြီး ဖြည့်တင်းလို့ရပြီမဟုတ်လား။ မီးလည်းလာ ပိုက်ဆံလည်းရ သိပ်နိပ်တဲ့ စီမံကိန်းပေါ့ခင်ဗျာ။
တိုင်းပြည်ပျက်ကထဲက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့ မောင်စကဖို့ မနက် မိုးလင်းလာရင် အရင်လို နှစ်လုံး သုံးလုံး ဂဏန်းတွေအပြင် နောက်ထပ် စိတ်ဝင်တစားစုံစမ်းရမဲ့ ဂဏန်းတစ်ခုတိုးလာခဲ့ပြီပေါ့။
လျှပ်စစ်မီးပေါက်ဈေးပါ။
နေ့စဉ် လျှပ်စစ်မီးပေါက်ဈေးလေး သိထားတော့ သူတစ်ပါးထက် နှာတဖျား သာတာပေါ့ခင်ဗျာ။
တစ်ခုတော့ စိတ်ပူမိတာ အမှန်ပါပဲ။ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရ ဝန်ထမ်းလစာတိုးပေးဖို့တောင် မဖြစ်နိုင်ဘူးဆိုလာပြန်တော့ မောင်စကရဲ့ မီတာခကို အကြွေးနဲ့ချေရင် အရင်းပြုတ်ရချေရဲ့လို့တွေးမိတာပါ။ အကြွေး ပတ်လည်ဝိုင်းနေတဲ့ ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီး မဟုတ်လားခင်ဗျာ။
ကိုယ်က နိုင်ငံတော်ရဲ့ အကြွေးရှင် ဖြစ်ချင်လည်း ဖြစ်သွားနိုင်တာမို့ စိတ်မကောင်းစွာနဲ့ပဲ မောင်စကရဲ့ စီမံကိန်းကို လက်လျှော့လိုက်ပါတယ်။
မီးလာလာမလာလာ ဒီကမ္ဘာမှာ အပျော်ဆုံးတိုင်းပြည်က မောင်စကတို့ မြန်မာပြည်ပါပဲ။
ဝမ်းနည်းကြောင်း ပြသတဲ့လူတွေ၊ ဝမ်းနည်းကြောင်းရေးသားတဲ့လူတွေကို ဖမ်းနေပြီဆိုမှတော့ မြန်မာပြည်မှာ ဝမ်းနည်းခွင့်မရှိတော့ဘူး မဟုတ်လားခင်ဗျာ။ ဒါကြောင့် ဒီတိုင်းပြည်ထဲက လူတွေအားလုံးဟာ အလိုလိုနေရင်း ပျော်တတ်လာကြောင့် ကမ္ဘာမှာ အပျော်ဆုံးတိုင်းပြည်ရယ်လို့ ဆိုရတာပါ။
ရေခဲတောင်ကို ဟတ်စကီးနဲ့ ကြွတဲ့ ဂူအောင်းဆရာတော်ကြီးဟာဖြင့် ဗိုလ်ချုပ်မှူးကြီးဥက္ကဌ အင်မတန် မုန်းတဲ့ တော်လှန်ရေးသမားတွေကို အန္တရယ်ကင်းအဆောင်တွေ ပေးသွားတာ တွေ့လိုက်ပါတယ်။
ဒီနေရာမှာ ဒီဆရာတော်မို့သာပေါ့လေ၊ အခြားသူဆိုလို့က နိဗ္ဗာန်မရောက်ခင် စပ်ကြား ထောင်ထဲမှာပဲ တစ်ဘဝစာ ဆွမ်းဘုဉ်းသွားရနိုင်တယ်မဟုတ်လား။ အဆောင်ပေးတဲ့ ဆရာတော်ဆိုတော့လည်း ကုသိုလ်ထူးပေမပေါ့လို့ တွေးရင်း စာကိုအဆုံးသတ်လိုက်ပါတယ်။
ပြည်သူထောင်စုသမ္မတနိုင်ငံထဲက ဂျန်နရေးရှင်းစက
Top News
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၂၂ ရက် က
လွန်ခဲ့သော ၂၂ ရက် က