International
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းအတွက် တရုတ်နိုင်ငံ နှစ်ရှည်လများ ပြင်ဆင်လာခဲ့မှု ယခုအခါ အရာထင်လာပြီဖြစ်
လွန်ခဲ့သော ၃ ရက် က
BAP၊ ဘာသာပြန်။
အခြားအာရှစီးပွားရေးနိုင်ငံများက စွမ်းအင်ခြွေတာရန် ရုန်းကန်နေရချိန်တွင် တရုတ်နိုင်ငံ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြား သိုလှောင်ထားရှိရုံသာမက လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့သော အစားထိုးစွမ်းအင် အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားသည်။
ရှီကျင့်ဖျင်သည် ဤကဲ့သို့သော အကျပ်အတည်းမျိုးအတွက် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကြီးမားလှသော ရေနံမြေတစ်ခုသို့ သွားရောက်စဉ် တရုတ်နိုင်ငံသည် မိမိတို့၏ စွမ်းအင်ထောက်ပံ့မှုကို "မိမိတို့လက်ထဲတွင်သာ" ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမည်ဟု သမ္မတရှီက ပြောခဲ့ကြောင်း သိရှိရသည်။
အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသသည် နက်ရှိုင်းသော ပဋိပက္ခအတွင်းသို့ ကျရောက်သွားခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး၏ အရေးပါဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်သည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှာ ပိတ်လုနီးပါးဖြစ်ကာ ဒေသတွင်းရှိ အဓိကစွမ်းအင် အဆောက်အအုံများလည်း တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
ပုံမှန်အားဖြင့် ၎င်း၏ ရေနံစိမ်းလိုအပ်ချက် တစ်ဝက်ခန့်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေသော တရုတ်နိုင်ငံသည် အခြားအာရှစီးပွားရေးနိုင်ငံများကဲ့သို့ စိုးရိမ်ရသည့် အခြေအနေမျိုးတွင် မရှိပေ
ရေကြောင်းသွားလာမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Kpler ၏ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှု ၆၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ဤအခြေအနေသည် ၂၀၂၅ ခုနှစ်အတွင်း ရေနံစိမ်းတင်သွင်းမှု၏ ၅၉ ရာခိုင်နှုန်းကို အဆိုပါဒေသအပေါ် မှီခိုခဲ့ရသည့် အာရှနိုင်ငံများကို အကြီးအကျယ် ရိုက်ခတ်ခဲ့ပြီး စွမ်းအင်ခြွေတာရေးအတွက် အပြိုင်အဆိုင် လုပ်ဆောင်လာရစေပါသည်။
သို့သော် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှာမူ အာရှတိုက်ရှိ အခြားနိုင်ငံအများစုနှင့် မတူဘဲ ကွဲပြားသော အနေအထားတွင် ရှိနေပုံရသည်။
လွတ်လပ်သော သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် အောက်စဖို့ဒ် စွမ်းအင်လေ့လာရေးဌာန (Oxford Institute for Energy Studies) မှ တရုတ်စွမ်းအင်သုတေသနဌာန အကြီးအကဲ Michal Meidan က မကြာသေးမီက ထုတ်ဝေခဲ့သော စာတမ်းတစ်ခုတွင် တရုတ်နိုင်ငံ၏ စွမ်းအင်စနစ်၌ ကြီးမားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) သိုလှောင်မှုများမှသည် လေနှင့် နေရောင်ခြည်ကဲ့သို့သော အစားထိုး စွမ်းအင်များအပါအဝင် ခိုင်မာသည့် ပြည်တွင်းထုတ်လုပ်မှုအထိ "သိသာထင်ရှားသော ကြားခံ အကာအကွယ်များ (buffers)" ရှိနေကြောင်း ရှင်းပြထားသည်။
ပုံမှန်အားဖြင့် ၎င်း၏ ရေနံစိမ်းလိုအပ်ချက် တစ်ဝက်ခန့်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းနေသော တရုတ်နိုင်ငံသည် အခြားအာရှစီးပွားရေးနိုင်ငံများကဲ့သို့ စိုးရိမ်ရသည့် အခြေအနေမျိုးတွင် မရှိပေ။ "တင်သွင်းမှုပမာဏက မြင့်မားနေသေးပေမဲ့ ဂျပန်၊ အိန္ဒိယ ဒါမှမဟုတ် ကိုရီးယားတို့နဲ့ နှိုင်းယှဉ်ရင်တော့ အကန့်အသတ်နဲ့ပဲ ရှိပါသေးတယ်" ဟု Meidan က ဆိုသည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံသည် ၎င်း၏ ရေနံတင်သွင်းမှု ၉၅ ရာခိုင်နှုန်းခန့်ကို ထိုဒေသမှ ရယူနေရခြင်းဖြစ်ပါသည်။
အီရန်သည် စစ်ပွဲဖြစ်ပွားနေသော်လည်း ၎င်း၏ အဓိကရေနံဝယ်ယူသူဖြစ်သည့် တရုတ်နိုင်ငံသို့ ဆက်လက်တင်ပို့နေသည်။ Kpler ၏ ခန့်မှန်းချက်အရ တရုတ်နိုင်ငံ၏ အီရန်ရေနံစိမ်း တင်သွင်းမှုသည် ဖေဖော်ဝါရီလတွင် တစ်နေ့လျှင် ၁.၅၇ သန်း ရှိခဲ့ရာမှ မတ်လတွင် ၁.၄၇ သန်းသို့ အနည်းငယ်သာ လျော့ကျသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နိုင်ငံပိုင်ကုမ္ပဏီများမှ စီမံခန့်ခွဲသည့် တရုတ်သင်္ဘောများသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်း ရေလမ်းကြောင်းများမှ ဖြတ်သန်းသွားလာနိုင်ရန် ကြိုးပမ်းနေကြသည်။ Kai Jing ရေနံတင်သင်္ဘောကြီးသည် ယခုလအစောပိုင်းက ဆော်ဒီရေနံစိမ်းများ တင်ဆောင်ရန် ပင်လယ်နီဆိပ်ကမ်းတစ်ခုသို့ လမ်းကြောင်းပြောင်းလဲ မောင်းနှင်ခဲ့ကြောင်း တရုတ်သတင်းဌာန Caixin က ဖော်ပြခဲ့ပြီး ဧပြီလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ ဆိုက်ကပ်မည်ဖြစ်သည်။
ဘေဂျင်းအနေဖြင့် ပြည်ပစွမ်းအင် ပြတ်တောက်မှုနှင့် ရင်ဆိုင်ရလျှင်ပင် ကြီးမားသော ရိုက်ခတ်မှုများကို လျှော့ချနိုင်ရန်အတွက် ထူးခြားသော စွမ်းအင်သိုလှောင်မှု အမြောက်အမြားကို တိတ်တဆိတ် စုဆောင်းထားခဲ့သည်။
တရုတ်အစိုးရသည် ၎င်း၏ ရေနံသိုလှောင်မှု ပမာဏကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ခန့်မှန်းချက်များမှာလည်း အမျိုးမျိုး ကွဲပြားနေသည်။ သို့သော် ကိုလံဘီယာတက္ကသိုလ်၏ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒစင်တာ (Center on Global Energy Policy) အရ တရုတ်နိုင်ငံသည် ရေနံစည်ပေါင်း ၁.၄ ဘီလီယံခန့်ရှိသော ကြီးမားလှသည့် ရေနံသိုလှောင်မှုကြီးပေါ်တွင် ထိုင်နေသည်ဆိုသည့်အချက်ကို အများက သဘောတူထားကြသည်။
စစ်ပွဲစတင်ပြီးနောက်တွင် ဘေဂျင်းသည် ၎င်း၏ ကိုယ်ပိုင်ရေနံချက်စက်ရုံများကို ပြည်ပသို့ တင်ပို့မှုရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်အစိုးရသည် ရုပ်ကြွင်းလောင်စာများအပေါ် စီးပွားရေးအရ မှီခိုနေရမှုကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၏ အဆိုအရ တရုတ်နိုင်ငံအတွင်း နှစ်စဉ်ရောင်းချရသော လျှပ်စစ်နှင့် ဟိုက်ဘရစ်မော်တော်ယာဉ် အရေအတွက်မှာ ကမ္ဘာ့ကျန်ရှိသော နိုင်ငံများအားလုံး စုပေါင်းထားသည်ထက် ပိုမိုများပြားကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီနှစ်များအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုများကိုလည်း အရှိန်အဟုန်ဖြင့် တိုးချဲ့ခဲ့ရာ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုမှုကို လျော့နည်းစေခဲ့သည်။ စွမ်းအင်သုတေသနအဖွဲ့ Ember ၏ ခန့်မှန်းချက်အရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှု ၃၁ ရာခိုင်နှုန်းခန့်ကို လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် ရေအားလျှပ်စစ်တို့မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဤအကျပ်အတည်းသည် ကြာရှည်လေလေ၊ ပိုမိုရှုပ်ထွေးပြီး နာကျင်စရာကောင်းလေလေ ဖြစ်လာမည်ဖြစ်သည်။ မည်သည့်နိုင်ငံမျှ ကင်းလွတ်နိုင်မည်မဟုတ်ပေ။
Meidan ၏အဆိုအရ စွမ်းအင်သိုလှောင်မှုများကို ထုတ်ယူသုံးစွဲရန်မှာ "ပြောသလောက် မလွယ်ကူ" ကြောင်းနှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ရေနံသိုလှောင်မှု (SPR) ယန္တရားကို တစ်ကြိမ်သာ စမ်းသပ်ခဲ့ဖူးကြောင်း သိရသည်။ "နောက်ထပ် ပိုမိုကြီးမားတဲ့ SPR ထုတ်ယူသုံးစွဲမှုက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအတွက်ကတော့ ရေရှည်ထောက်ပံ့မှု ပြတ်တောက်တာနဲ့ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာမျိုး လိုအပ်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။
ခဏတာ ပြတ်တောက်မှုကို ကိုင်တွယ်နိုင်ပေမဲ့ ရေရှည်ပြတ်တောက်နိုင်တဲ့ အလားအလာနဲ့ ဆက်စပ်နေတဲ့ ဈေးနှုန်းမြင့်တက်မှုတွေကတော့ ဘေဂျင်းအတွက် သတိပေးခေါင်းလောင်းသံတွေ မြည်လာစေပါတယ်
အီရန်ရေနံစိမ်းကို အဓိကတင်သွင်းနေသော တရုတ်နိုင်ငံရှိ လွတ်လပ်သော ရေနံချက်စက်ရုံများသည် ရုရှားနိုင်ငံဘက်သို့ လှည့်နေကြသော်လည်း ထိခိုက်လွယ်ဆုံး အနေအထားတွင် ရှိနေသည်။ LNG ကို မှီခိုနေရသော စက်မှုနှင့် ဓာတုဗေဒကဏ္ဍများသည်လည်း ဈေးနှုန်းမြင့်တက်မှုနှင့် ထောက်ပံ့မှု လိုအပ်ချက်များရှိလာနိုင်သည့် အလားအလာနှင့် ရင်ဆိုင်နေရသည်။
"ခဏတာ ပြတ်တောက်မှုကို ကိုင်တွယ်နိုင်ပေမဲ့ ရေရှည်ပြတ်တောက်နိုင်တဲ့ အလားအလာနဲ့ ဆက်စပ်နေတဲ့ ဈေးနှုန်းမြင့်တက်မှုတွေကတော့ ဘေဂျင်းအတွက် သတိပေးခေါင်းလောင်းသံတွေ မြည်လာစေပါတယ်" ဟု Meidan က ပြောသည်။
တရုတ်နိုင်ငံသည် အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲကြောင့် ပေါ်ပေါက်လာသော စီးပွားရေးအန္တရာယ်များကို ကျော်လွှားနိုင်ရန် အခြားနိုင်ငံများထက် ပိုမိုကောင်းမွန်သည့် အနေအထားတွင် ရှိနေသည်။ သို့သော် ရှီကျင့်ဖျင်၏ မျှော်မှန်းချက်ရှိနေလင့်ကစား ၎င်း၏ စွမ်းအင်ထောက်ပံ့မှုမှာ တစ်ခုလုံးအတိုင်းအတာဖြင့် မိမိလက်ထဲတွင်သာ ရှိနေသည်တော့ မဟုတ်ပေ။
အကယ်၍ ရက်သတ္တပတ်များမှသည် လများအထိ ကြာမြင့်သွားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက်သည် ဆက်လက်ယိုင်နဲ့နေမည်ဆိုပါက ကမ္ဘာ့ကျန်နိုင်ငံများနည်းတူ တရုတ်နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်ရည်မှာလည်း စမ်းသပ်ခံရမည်သာ ဖြစ်သည်။
ကိုးကား - The Guardian
ပုံစာ - အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ရိုက်ခတ်မှုများတွင် တရုတ်နိုင်ငံ၌ ရေနံသိုလှောင်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဟူသော 'သိသာထင်ရှားသည့် ကြားခံအကာအကွယ်များ' ရှိနေသည်။ (ဓာတ်ပုံ - VCG/Getty Images)
Burma Associated Press