International
စာဖတ်ခြင်းနှင့် စာရေးခြင်းတို့သည် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်
လွန်ခဲ့သော ၁၀ နာရီ က
BAP ဘာသာပြန်။
အသက်အရွယ်အိုမင်းလာချိန်တွင် ဦးနှောက်နှင့်ဉာဏ်ရည်ပိုင်းဆိုင်ရာ ကျန်းမာမှုသည် တစ်သက်တာလုံး အသိပညာဗဟုသုတ တိုးပွားစေမည့် ပတ်ဝန်းကျင်များနှင့် ထိတွေ့မှုရှိခဲ့ခြင်းအပေါ် ‘အားကောင်းစွာ သက်ရောက်မှုရှိကြောင်း’ သုတေသီများက ပြောသည်။
စာဖတ်ခြင်း၊ စာရေးခြင်းနှင့် ဘာသာစကား တစ်ခု သို့မဟုတ် နှစ်ခု သင်ယူခြင်းတို့သည် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရပြီး ၎င်းမှာ လူပေါင်းသန်းနှင့်ချီ၍ ဤရောဂါကို ကာကွယ်ရန် သို့မဟုတ် ဖြစ်ပွားမှု နှောင့်နှေးစေရန် ဆောင်ရွက်နိုင်သည်ဟု ညွှန်ပြနေသည်။
မှတ်ဉာဏ်ချို့ယွင်းမှုရောဂါသည် ကမ္ဘာ့အကြီးမားဆုံး ကျန်းမာရေး ခြိမ်းခြောက်မှုများအနက် တစ်ခုဖြစ်သည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပွားမှု လူဦးရေ သန်း ၁၅၀ ကျော်အထိ သုံးဆတိုးလာမည်ဟု ခန့်မှန်းထားပြီး ၎င်းမှာ လူ့အသိုင်းအဝိုင်းတိုင်း၊ နိုင်ငံတိုင်းနှင့် တိုက်ကြီးတိုင်းတွင်ရှိသည့် အနာဂတ် ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်ရေး စနစ်များအတွက် ကြီးမားပြီး လျင်မြန်စွာ ကြီးထွားလာနေသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ဘဝတစ်လျှောက်လုံးတွင် စာဖတ်ခြင်း၊ စာရေးခြင်း သို့မဟုတ် ဘာသာစကားအသစ်တစ်ခု သင်ယူခြင်း ကဲ့သို့သော အသိပညာကို လှုံ့ဆော်ပေးသည့် လှုပ်ရှားမှုများ၌ ပါဝင်ဆောင်ရွက်ခြင်းသည် မှတ်ဉာဏ် ချို့ယွင်းမှုရောဂါ၏ အဖြစ်အများဆုံးပုံစံဖြစ်သော အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေး ရုံသာမက သိမြင်နားလည်မှု ကျဆင်းခြင်းကိုလည်း နှေးကွေးစေကြောင်း အမေရိကန် သုတေသီများက တွေ့ရှိခဲ့သည်။
ချီကာဂိုမြို့ရှိ Rush University Medical Center မှ လေ့လာမှုပြုလုပ်သူ Andrea Zammit က ဘဝနှောင်းပိုင်းတွင် သိမြင်နားလည်မှုဆိုင်ရာ ကျန်းမာရေးမှာ ဘဝတစ်လျှောက်လုံး အသိပညာကို လှုံ့ဆော်ပေးသော ပတ်ဝန်းကျင်များနှင့် ထိတွေ့မှုအပေါ် “အားကောင်းစွာ လွှမ်းမိုးမှုရှိသည်” ဟု ဤတွေ့ရှိချက်က ညွှန်ပြနေကြောင်း ပြောသည်။
“ကျွန်မတို့ရဲ့ တွေ့ရှိချက်တွေက အားတက်စရာပါပဲ။ ဘဝတစ်လျှောက်လုံး စိတ်ကို လှုံ့ဆော်ပေးတဲ့ လှုပ်ရှားမှုအမျိုးမျိုးမှာ အမြဲတစေ ပါဝင်ဆောင်ရွက်တာဟာ သိမြင်နားလည်မှုအပေါ် ထူးခြားမှု ရှိစေနိုင်တယ်လို့ ညွှန်ပြနေပါတယ်။ စာကြည့်တိုက်တွေနဲ့ တစ်သက်တာ သင်ယူလိုစိတ်ကို ဖြစ်ပေါ်စေတဲ့ အစောပိုင်း ပညာရေးအစီအစဉ်တွေလိုမျိုး အသိပညာ ကြွယ်ဝစေတဲ့ ပတ်ဝန်းကျင်တွေကို လူတိုင်းလက်လှမ်းမီအောင် ပြည်သူ့ဘဏ္ဍာနဲ့ ရင်းနှီးမြှုပ်နှံတာဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။” ဟု ၎င်းက ပြောသည်။
သုတေသီများသည် လေ့လာမှု စတင်ချိန်တွင် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ မရှိသည့် ပျမ်းမျှအသက် ၈၀ အရွယ်ရှိသူ ၁,၉၃၉ ဦးကို ခြေရာခံ လေ့လာခဲ့ကြသည်။ ၎င်းတို့ကို ပျမ်းမျှအားဖြင့် ရှစ်နှစ်ကြာ စောင့်ကြည့်ခဲ့သည်။ ပါဝင်သူများသည် သိမြင်နားလည်မှုဆိုင်ရာ လှုပ်ရှားမှုများနှင့် သင်ယူမှု အရင်းအမြစ်များအကြောင်းကို အဆင့်သုံးဆင့်ခွဲ၍ စစ်တမ်းများ ဖြေဆိုခဲ့ကြသည်။
အသက် ၁၈ နှစ်မတိုင်မီ အစောပိုင်း အသိပညာ ကြွယ်ဝမှုတွင် စာဖတ်ပြခြင်းနှင့် စာဖတ်ခြင်း အကြိမ်ရေ၊ အိမ်တွင် သတင်းစာများနှင့် မြေပုံစာအုပ်များ ရှိခြင်းနှင့် နိုင်ငံခြားဘာသာစကားတစ်ခုကို ငါးနှစ်ထက်မနည်း သင်ယူခြင်းတို့ ပါဝင်သည်။
အလယ်အလတ်အရွယ် အသိပညာ ကြွယ်ဝမှုတွင် အသက် ၄၀ အရွယ်ရှိ ဝင်ငွေအဆင့်အတန်း၊ မဂ္ဂဇင်း မှာယူစာရင်းသွင်းမှုများ၊ အဘိဓာန်များနှင့် စာကြည့်တိုက်ကတ်များကဲ့သို့သော အိမ်ထောင်စု အရင်းအမြစ်များနှင့် ပြတိုက် သို့မဟုတ် စာကြည့်တိုက်သို့ သွားရောက်ခြင်းကဲ့သို့သော လှုပ်ရှားမှု အကြိမ်ရေတို့ ပါဝင်သည်။ ဘဝနှောင်းပိုင်း အသိပညာ ကြွယ်ဝမှု (ပျမ်းမျှအသက် ၈၀ မှ စတင်၍) တွင် စာဖတ်ခြင်း၊ စာရေးခြင်းနှင့် ဂိမ်းကစားခြင်း အကြိမ်ရေနှင့် လူမှုဖူလုံရေး၊ အငြိမ်းစားယူခြင်းနှင့် အခြားအရင်းအမြစ်များမှ ရရှိသော စုစုပေါင်းဝင်ငွေတို့ ပါဝင်သည်။
အမေရိကန် အာရုံကြောဆိုင်ရာ အကယ်ဒမီ (American Academy of Neurology) ၏ ဆေးပညာဂျာနယ်ဖြစ်သည့် Neurology တွင် ဖော်ပြခဲ့သည့် အဆိုပါ သုတေသန လေ့လာမှုအတွင်း ၅၅၁ ဦးမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခဲ့ပြီး ၇၁၉ ဦးမှာ သိမြင်နားလည်မှုဆိုင်ရာ အနုစား ချို့ယွင်းမှု (MCI) ဖြစ်ပွားခဲ့သည်။
သုတေသီများက ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်မှု အမြင့်မားဆုံးဖြစ်သည့် ထိပ်တန်း ၁၀ ရာခိုင်နှုန်း အုပ်စုကို အနိမ့်ဆုံးဖြစ်သည့် အောက်ခြေ ၁၀ ရာခိုင်နှုန်း အုပ်စုနှင့် နှိုင်းယှဉ်ကြည့်ခဲ့ကြသည်။ ၎င်းတို့တွင် အမြင့်မားဆုံးအုပ်စုအတွင်းမှ ၂၁ ရာခိုင်နှုန်းမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခဲ့ပြီး အနိမ့်ဆုံးအုပ်စုအတွင်းမှ ၃၄ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း တွေ့ရသည်။
အသက်၊ ကျား၊ မ နှင့် ပညာရေးကဲ့သို့သော အချက်များကို ညှိနှိုင်းတွက်ချက်ပြီးနောက် ဘဝတစ်လျှောက်လုံး အသိပညာ ကြွယ်ဝမှု မြင့်မားခြင်းသည် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို ၃၈ ရာခိုင်နှုန်း လျော့နည်းစေပြီး MCI ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း လျော့နည်းစေကြောင်း တွေ့ရှိရသည်။
ဘဝတစ်လျှောက်လုံး အသိပညာ ကြွယ်ဝမှု အမြင့်ဆုံးရှိသူများသည် ပျမ်းမျှအသက် ၉၄ နှစ်တွင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားခဲ့ပြီး အနိမ့်ဆုံးရှိသူများမှာမူ ၈၈ နှစ်တွင် ဖြစ်ပွားခဲ့ရာ ငါးနှစ်ကျော် ကြန့်ကြာသွားခြင်းဖြစ်သည်။
MCI ဖြစ်ပွားမှုတွင်လည်း အမြင့်ဆုံးရှိသူများမှာ ပျမ်းမျှအသက် ၈၅ နှစ်တွင် ဖြစ်ပွားပြီး အနိမ့်ဆုံးရှိသူများမှာ ၇၈ နှစ်တွင် ဖြစ်ပွားခဲ့ရာ ခုနစ်နှစ် ကြန့်ကြာသွားခြင်းဖြစ်သည်။
လေ့လာမှုအတွင်း ကွယ်လွန်သွားပြီး ခန္ဓာဗေဒဆိုင်ရာ စစ်ဆေးမှုပြုလုပ်ခဲ့သည့် ပါဝင်သူများကို ကြည့်ရှုရာတွင်လည်း အသိပညာ ကြွယ်ဝမှု မြင့်မားသူများသည် မကွယ်လွန်မီတွင် မှတ်ဉာဏ်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်း ပိုမိုကောင်းမွန်ပြီး ကျဆင်းမှု နှေးကွေးကြောင်း တွေ့ရှိရသည်။
အားနည်းချက်တစ်ခုမှာ ပါဝင်သူများသည် ၎င်းတို့၏ ဘဝအစောပိုင်းနှင့် အလယ်ပိုင်း အတွေ့အကြုံများကို ဘဝနှောင်းပိုင်းမှသာ ပြန်လည်အစီရင်ခံခဲ့ခြင်းကြောင့် အချက်အလက်များ တိကျစွာ မမှတ်မိခြင်းမျိုး ဖြစ်နိုင်သည်။ ထို့ပြင် ဤလေ့လာမှုသည် ဆက်နွှယ်မှုရှိကြောင်းကိုသာ ပြသနိုင်ခြင်းဖြစ်ပြီး တစ်သက်တာ သင်ယူခြင်းက မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသည်ဟု အပြီး သတ် သက်သေမပြနိုင်သေးပေ။
လေ့လာမှုတွင် မပါဝင်သည့် Alzheimer’s Research UK မှ အကြီးတန်း မူဝါဒ စီမံခန့်ခွဲသူ ဒေါက်တာ Isolde Radford က ဤတွေ့ရှိချက်များသည် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါသည် အသက်ကြီးလာလျှင် မလွဲမသွေ ဖြစ်ရမည့် အရာမဟုတ်ကြောင်းကို မီးမောင်းထိုးပြနေသည်ဟု ပြောသည်။
“ဒီသုတေသနအသစ်က ဘဝတစ်လျှောက်လုံး စိတ်ပိုင်းဆိုင်ရာ တက်ကြွစွာ နေထိုင်ခြင်းဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းနီးပါး လျှော့ချပေးနိုင်တယ်ဆိုတာကို ပြသနေပါတယ်” ဟု သူမက ဆိုသည်။ “ဒါဟာ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ လူတွေ လုပ်ဆောင်နိုင်တဲ့ ကြိုတင်ကာကွယ်မှု အဆင့်တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ သိရှိပြီး အချက်တွေကို ထောက်ခံမှု ပြုနေပါတယ်။” ဟု ၎င်းက ပြောသည်။
ကိုးကား - The Guardian
ပုံစာ - စာကြည့်တိုက်များကဲ့သို့ အသိပညာ ကြွယ်ဝစေသော ပတ်ဝန်းကျင်များကို လူတိုင်းလက်လှမ်းမီနိုင်အောင် ပြည်သူ့ဘဏ္ဍာဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်ခြင်းသည် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချရန် အထောက်အကူဖြစ်စေနိုင်ကြောင်း လေ့လာမှု ပြုလုပ်ခဲ့သူက ပြောသည်။
ဓာတ်ပုံ - Westend61/Getty Images။
Top News
လွန်ခဲ့သော ၁၀ နာရီ က
လွန်ခဲ့သော ၂ ရက် က
လွန်ခဲ့သော ၂ ရက် က