War
အစ္စရေးနှင့် ဟားမက်စ်တို့ ဂါဇာအပစ်ရပ်ရေးနှင့် ဓားစာခံလဲလှယ်ရေး သဘောတူညီမှုရ
လွန်ခဲ့သော ၁၁ ရက် က
BAP၊ ဘာသာပြန်။
အစ္စရေးနှင့် ဟားမက်စ်တို့ ဂါဇာတွင် အပစ်ရပ်ဆိုင်းထားရေး သဘောတူညီမှုရရှိပြီး ဓားစာခံများ၊ ပါလက်စတိုင်း အကျဉ်းသားများ လွှတ်ပေးရေးသို့ ဦးတည်လုပ်ဆောင်သွားမည်ဟု ကာတာ ဝန်ကြီးချုပ်က အတည်ပြုသည်။
တနင်္ဂနွေနေ့တွင် စတင် အသက်ဝင် အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ဟားမက်စ်တို့က သဘောတူညီမှု ပထမအဆင့်အရ ဓားစာခံ ၃၃ ဦး လွှတ်ပေးမည်ဟု မျှော်လင့်ရသည်။ တစ်ချိန်တည်းတွင် အစ္စရေးအကျဉ်းထောင်များမှ ပါလက်စတိုင်း အကျဉ်းသား ရာနှင့်ချီ၍ လွှတ်ပေးသွားမည်ဖြစ်သည်။
အပြီးသတ်နေသည့် သဘောတူညီချက် ပထမအဆင့်အရ ဓားစာခံများလွှတ်ပေးရမည်ဖြစ်သည်။ ဓားစာခံများ လွှတ်ပေးမှု ၁၆ ရက် ပြည့်လျှင် စစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် ဒုတိယအဆင့် စတင်မည်ဖြစ်သည်။
“ဂါဇာမှာ စစ်ဖြစ်နေတဲ့သူတွေအကြား အကျဉ်းသားတွေ၊ ဓားစာခံတွေ လဲလှယ်ရေး သဘောတူခဲ့တဲ့အတွက် ကာတာ၊ အီဂျစ်နဲ့ အမေရိကန်နိုင်ငံတို့က ပူးတွဲ ကြားဝင်ညှိနှိုင်းမှု အောင်မြင်ကြောင်း ကြေငြာရတာ ဝမ်းမြောက်မိပါတယ်။” ဟု ကာတာ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ Mohammed bin Abdularahman bin Jassim AI Thani က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဗုဒ္ဓဟူးနေ့က ပြောသည်။
ဂါဇာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အစ္စရေး ကလေးငယ်နှစ်ဦးဖြစ်သည့် Ariel နှင့် Kfir Bibas တို့၏ မိသားစုက အပစ်ရပ်ရေး၊ ဓားစာခံလွှတ်ပေးရေး သဘောတူညီမှုအရ ၎င်းတို့၏ ချစ်ရသူများ လွှတ်ပေး၊ မပေး သတိထားသည့် အကောင်းမြင်မှုဖြင့် စောင့်ကြည့်နေသည်ဟု ဆိုသည်။
“ကျွန်ုပ်တို့၏ စိတ်ပျက်ခဲ့ရသည့် အတွေ့အကြုံများ ချစ်ရသူများ နယ်စပ်ဖြတ်ပြန်လာခြင်း မပြုမီ မည်သည့်အရာကိုမျှ အဆုံးသတ်ဟု စဉ်းစားသတ်မှတ်ခြင်းမပြုပါ။” ဟု ဓားစာခံနှင့် ပျောက်ဆုံးနေသည့် မိသားစုများဖိုရမ်မှ ထုတ်ပြန်သည့် ၎င်းမိသားစု၏ ကြေငြာချက်တွင် ဖော်ပြထားသည်။
Kfir သည် ယခုလတွင် နှစ်နှစ်ပြည့်မည်ဖြစ်ကာ အောက်တိုဘာ ၇ ရက် တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံရသူများအနက် အသက်အငယ်ဆုံးဖြစ်သည်။ ၎င်းနှင့် ညီအကို တော်စပ်သူ Ariel မှာ ယခုအခါ ၅ နှစ်အရွယ်ရှိပြီဖြစ်သည်။ ၎င်းတို့ အသက်ရှင်လျက် ရှိ၊ မရှိ မသိရှိရပါ။
အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက "မဖြေရှင်းရသေးသည့် အချက်များ များစွာကျန်ရှိနေသေးပြီး ၎င်းအသေးစိတ်အချက်များကို ယခုည အပြီးသတ်နိုင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။” ဟု ၎င်း၏ ရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးတို့ ဝိုင်းရံပိတ်ဆို့ထားသည့် ဂါဇာမှ လမ်းများပေါ်တွင် ပြင်းထန်သော လူသားချင်းစာနာမှု အကျပ် အတည်း၊ အစားအစာ၊ ရေနှင့် လောင်စာဆီ အကြီးအကျယ် ပြတ်တောက်မှုများ ကြုံနေရသည့် ပါလက်စတိုင်းများက အစ္စရေးတို့၏ ဆက်လက်ပြုလုပ်နေသော လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုများရှိနေသော်လည်း အောင်ပွဲခံနေကြသည်။
“ကျွန်မ ပျော်တယ်။ ဟုတ်တယ်။ ကျွန်မ ငိုနေပါတယ်။ ဒါပေမယ့် ပျော်လို့ မျက်ရည် ကျတာပါ။” ဟု ကလေးငါးဦး၏ မိခင် Ghada က ဆိုသည်။
ရှုပ်ထွေးသော သဘောတူညီမှုကို တရားဝင် မကြေငြာရသေးသော်လည်း ဦးစွာ ခြောက်ပတ် အပစ်ရပ်ရေး၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့များ တဖြည်းဖြည်းချင်း ဆုတ်ခွာရေးနှင့် ဟားမက်စ်တို့ ထိန်းသိမ်းထားသော ဓားစာခံများနှင့် အစ္စရေးတို့ အကျဉ်းချထားသော ပါလက်စတိုင်း အကျဉ်းသားများ လဲလှယ် လွှတ်ပေးရေးတို့ ပါဝင်ကြောင်း အရာရှိများက Reuters သို့ ပြောသည်။
ကိုးကား - CNN, Reuters
ပုံစာ - အောက်တိုဘာ ၂၉ ရက် ၂၀၂၃ ခုနှစ်က ဂါဇာကမ်းမြှောင်မှ မီးခိုးလုံးများ။ Photo: Fadel Senna/AFP/Getty Images
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၁၁ ရက် က