War
ဆီးရီးယား သမ္မတ အာဆတ် ရုရှားသို့ ထွက်ပြေးပြီးနောက် သမ္မတနန်းတော်ကို လူအများ ဝင်ရောက် စီးနင်းလုယက်
လွန်ခဲ့သော ၂ လ က
အာဏာရှင် သမ္မတ အယ် အာဆတ် ရုရှားသို့ ထွက်ပြေးသွားပြီးနောက် ဆီးရီးယားလူမျိုးများက သမ္မတ အိမ်တော်ကို ဝင်ရောက် ဖျက်ဆီးလုယက်နေကြသည်။
ဗီဒီယိုများတွင် သူပုန်များနှင့် အရပ်သားပြည်သူများက ၎င်း၏ ယခင်က နေအိမ်များကို ဝင်ရောက် လှည့်လည်သွားလာနေကြပြီး ပြုတ်ကျသွားသည့် အာဏာရှင်၏ ဇိမ်ခံ လူနေမှုဘဝပုံစံကို ဝင်ရောက် ကြည့်ရှုနေကြသည်။
ရိုက်တာသတင်းဌာန၏ ဗီဒီယိုတွင် ကလေးသူငယ်များ အာဆတ်၏ သမ္မတနန်းတော်အတွင်း ပြေးလွှားနေ ကြသည်ကို တွေ့မြင်ရပြီး လူအချို့ ပရိဘောဂများ သယ်ဆောင်ကာ ထွက်လာကြသည်ကို တွေ့မြင်ရသည်။ ရိုင်ဖယ်သေနတ်ကိုင် လူတစ်ဦးကိုလည်း နန်းတော်တွင်း တွေ့မြင်ရသည်။
ဆီးရီးယားလူမျိုးများ ဒမတ်စကပ်မြို့တော် လမ်းများပေါ်သို့ စုပြုံဝင်ရောက်လာကာ သမ္မတဟောင်း ဘရှာ အယ် အာဆတ် ပြုတ်ကျသွားသည့်အတွက် အောင်ပွဲခံနေကြသည်။ ဆယ်စုနှစ် ငါးခုကျော်ဆွေစဉ်မျိုးဆက် အုပ်စိုးမှု အဆုံးသတ်သွားစေသည့် သူပုန်များ၏ လျင်မြန်သော ထိုးစစ်ကြောင့် သမ္မတမှာ ရုရှားနိုင်ငံသို့ တနင်္ဂနွေနေ့က ထွက်ပြေးသွားခြင်းဖြစ်သည်။
အတိုက်အခံ တိုက်ခိုက်ရေးသမားများက တင့်ကားများနှင့် ချီတက်လာကြပြီး အောင်ပွဲခံ သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြကာ ပြည်သူများက အားပေးချီးမြှောက်နေကြသည်။ ၂၀၁၁ ခုနှစ်မှစတင်၍ ရက်စက်ကြမ်းကြုပ်သော ပြည်တွင်းစစ်ဒဏ် ခံစားခဲ့ရာမှ အံ့အားသင့်စဖွယ်၊ မမျှော်လင့်ဘဲ တိုင်းပြည်၏ နိုင်ငံရေးအလှည့်အပြောင်း ဖြစ်ခဲ့ခြင်းကို ရည်ညွှန်း၍ ငြိမ်းချမ်းရေး အမှတ်သင်္ကေတများ ပြုလုပ်ကြသည်။
ဆစ်ဒနီမှသည် စတော့ဟုမ်းအထိ ကမ္ဘာတစ်လွှားမှ ဆီးရီးယားလူမှုအသိုင်းအဝန်းများက နှစ် ၅၀ ကျော်ကြာ ရက်စက်ကြမ်းကြုပ်သည့် အာဏာရှင် အာဆတ်နှင့် မိသားစု ကျဆုံးခြင်းကို အောင်ပွဲခံနေကြသည်။
ဆီးရီးယန်းဒုက္ခသည် အများဆုံးရှိသည့် ဂျာမနီနိုင်ငံတွင် လူရာပေါင်းများစွာ အာဆတ်၏ မျက်နှာကို အနီရောင် ကြက်ခြေခတ်ထားသည့် ပိုစတာများ ကိုင်ဆောင်၍ မြို့တော် ဘာလင် လမ်းများပေါ်သို့ ထွက်လာကြသည်။
“ကျွန်တော်တို့ နှစ်ပေါင်းများစွာ မျှော်လင့်ချက် ပျောက်ဆုံးခဲ့ကြရတယ်။ အခုတော့ မျှော်လင့်ချက် ပြန်ရလာပြီ။” ဟု Muhamad Hamzalimam က AFP သတင်းအေဂျင်စီကို ပြောသည်။ "ကျွန်တော်တို့ ရှေ့မှာ ဘာပဲရှိပါစေ အဆင်သင့်ပဲ။ ကျွန်တော်တို့ ပျော်တာပဲ သိတယ်။ ဒီထက် ကောင်းတာ မရှိတော့ပါဘူး။”
ကိုးကား - CNN
ပုံစာ - ဒီဇင်ဘာ ၈ ရက်နေ့ ဒမတ်စကပ်မြို့တွင် ဆီးရီးယား အတိုက်အခံ တိုက်ခိုက်ရေးသမားများရောက်ရှိလာစဉ် အောင်ပွဲခံနေကြပုံ။ Photo: Omar Sanadiki/AP
Burma Associated Press