bap-logo
Editorial

အသိ၊ သတိ

aYWmFfR4JOqdZkhEx-qOS-image

လွန်ခဲ့သော ၂ နှစ် က

စစ်ရေးတင်းမာနေမှုများ လျော့ကျစေရန်နှင့် နိုင်ငံရေးအကျပ်အတည်းမှ ထွက်ပေါက်ရရန် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အသုံးချလာသည်။ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြောင်းသည်ဟု သတင်းလွှင့်ခြင်း၊ လွှတ်တော်ဥက္ကဌဟောင်းဖြစ်ခဲ့သူ ဦးတီခွန်မြတ်နှင့် တရုတ်အထူး ကိုယ်စားလှယ်တို့ တွေ့ဆုံကြောင်း တင်းလွှင့်ခြင်းတို့ဖြင့်လည်း လှည့်ကွက်များ အသုံးပြုလာသည်။

 

စစ်ကောင်စီက စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းသက်တမ်းသည် မကြာမီသက် တမ်းတိုးရမည်ဖြစ်သည်။ ထို့အတူ ကျင်းပမည်ဟု ဆိုထားသော ရွေးကောက်ပွဲ အကြောင်းအရင်းသည်လည်း ရှိ လာနေပြီဖြစ်သည်။ ထိုအကြောင်းအရာများအတွက် ဇူလိုင်လအစောပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်း အဝေးတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိသေးကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုထား ချက်လည်း ရှိနေခဲ့သည်။

 

ထို့သို့သော အခင်းအကျင်း၏ အခြားတစ်ဖက်တွင် စစ်ခေါင်းဆောင်သည် ငွေစက္ကူသစ် ရိုက်ထုတ်ခြင်းကို ပြုလုပ်လာသည်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အသစ်ထုတ်မည့် ငွေစက္ကူ ကျပ် ၂၀,၀၀၀ တန်ကို အကြောင်းပြု၍ ရွှေဈေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်းထားနှင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှု ဖြစ်ပေါ် လာခဲ့သည်။ အခြေခံ စားသောက်ကုန်ဖြစ်သော ဆန်၊ ဆီ ဈေးနှုန်းများနှင့် သားငါးသီးရွက်ဈေးနှုန်းများ မြင့်တက် လာမှုကလည်း အခြေခံ ပြည်သူလူထုအတွက် စားဝတ်နေရေးကျပ်တည်းမှုကို ပိုမိုဆိုးဝါးစွာ ကြုံလာရပြန်သည်။

 

ပြည်သူလူထု၏ ဝင်ငွေသည် တိုးပွားလာခြင်းမရှိသော်လည်း နေ့စဉ်ကုန်ကျစရိတ်သည် မူလထက်နှစ်ဆဖြစ်လာ သည်။ ထိုကြောင့် ပြည်သူလူထုသည် နေ့စဉ်ဘဝရှင်သန်နိုင်ရန်နှင့် မိသားစုဘဝလည်ပတ်နိုင်ရန် ပိုမိုရုန်းကန်လှုပ် ရှားလာကြရ၏။ စီးပွားရေးအကျပ်အတည်းများကြားတွင် အများပြည်သူသည် စားဝတ်နေရေးအတွက် ပိုမိုဦး စားပေး လုပ်ကိုင်လာရသည်။

 

တော်လှန်ရေးကာလ ကြာရှည်လာခြင်းနှင့် စားဝတ်နေရေးကျပ်တည်းလာခြင်းကြောင့် တော်လှန်ရေးအပေါ် လူထု ထောက်ပံ့နိုင်မှု အားနည်းလာမည်ဖြစ်သည်။ လူထု၏ ကျပ်တည်းမှုအခြေအနေနှင့် ရုန်းကန်နေရမှု အခြေအနေများကို စစ်ကောင်စီက လိုလားမည်ဖြစ်သည်။ ထိုသို့ကျပ်တည်းအောင် ဖန်တီးလုပ်ဆောင်နေမှု များသည် စစ် ကောင်စီ၏ အာဏာဆက်လက်သိမ်းယူထားရန် အကြောင်းအကျိုးလည်း ဖြစ်သည်။

 

ထို့ကြောင့် ပြည်သူ၏ထောက်ခံမှုကို အပြည့်အဝရရှိထားသော တော်လှန်ရေးဦးဆောင်သူများသည် အများပြည် သူ တော်လှန်ရေးအပေါ် စိတ်အားထက်သန်မှုကို ထိန်းထားရန် လိုအပ်ပါသည်။ မြေပြင်ရှေ့တန်းတွင် ဦးဆောင် တိုက်ပွဲဝင်နေသည့် စစ်ရေးအင်အားများကို စုစည်းနိုင်ရန်လိုအပ်ပါသည်။ ယင်းတို့၏ အင်အားကို စိတ်အား၊ ရုပ် ဝတ္ထုအားဖြင့် အပြည့်အဝထောက်ပံ့၍ ဦး‌ဆောင်နိုင်ရန် လိုအပ်ပါသည်။

 

တော်လှန်ရေးဦးဆောင်သူများအပေါ် အများပြည်သူ၏ ထောက်ခံမှုလျော့ကျခြင်း၊ စိတ်ပျက်လာခြင်းနှင့် ယုံကြည်မှု ကင်းမဲ့လာခြင်းများ မဖြစ်အောင် အားထုတ်သင့်ပါသည်။ ထို့အတူ နှစ်ကာလဆိုသည် အသစ် ဖြစ်သော မျိုးဆက် တစ်ခုကို သယ်ဆောင်နေမည်ဖြစ်ခြင်းကြောင့် ထိုမျိုးဆက်များအတွက်လည်း တော်လှန်ရေး က ဖယ်ခွာသော ကြီးပြင်းမှုမျိုးဖြင့် အဆုံးမသတ်စေရန်လည်း လိုအပ်ပေမည်။

 

Burma Associated Press

မြန်မာ
စစ်ကောင်စီ
အာဏာသိမ်းမှု

Share With
bap-logo