Editorial
ချုပ်နှောင်ခံထားရသည့် နေ့ရက်များဖြင့် ၇၈ နှစ်ပြည့်မွေးနေ့
လွန်ခဲ့သော ၂ နှစ် က
ဒီနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ သူသည် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် အတွက် အများက လေးစားရသည့် စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆုပေါင်းများစွာ ရရှိခဲ့သူဖြစ်ပြီး ကမ္ဘာပေါ်တွင် အထင်ရှားဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံးဖြစ်သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိထားသူဖြစ်သည်။
"ဖေဖေတည်ထောင်ခဲ့သော တပ်မတော်"ဟု ဗမာစစ်တပ်ကို သူက ရည်ညွှန်းပြောဆိုလေ့ရှိသည်။ ထိုစကားဖြင့် သူ၏ ဘဝတစ်သက်တာပတ်လုံးကို အငြိုးကြီးစွာ နှိပ်ကွပ်ခဲ့သည့် ဗမာစစ်တပ်ခေါင်းဆောင်များအပေါ် ရင်ကြားစေ့ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အတိတ်ကာလ၌ ဗမာစစ်တပ်က သူကို အကျဉ်းချ ထိန်းသိမ်းထား သည်မှာ ၁၅ နှစ် ရှိခဲ့သည်။
၂၀၂၁ ခုနှစ် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်း သိမ်းပြီး အမှုပေါင်းများစွာဖြင့် စွပ်စွဲပြစ်တင်၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားခဲ့သည်။ အာဏာရှင်သန်းရွှေ လက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် တက္ကသိုလ်ရိပ် သာလမ်းနေအိမ်တွင် ထားခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့သည်။
၁၉၈၈ ခုနှစ်ကစ၍ ယနေ့ထိ စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အလွန်မုန်းတီးကြောင်း သက်သေများစွာ ရှိခဲ့သည်။
၂၀၀၃ ခုနှစ် မေ ၃၀ ရက် ဒီပဲယင်းဖြစ်စဉ်တွင် အသက်ဆုံးပါးသည်အထိ ရည်ရွယ်တိုက်ခိုက်ခြင်း၊ အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာညှိုးနွမ်းသွားအောင် ပုတ်ခတ်ရေးသားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတရာထူးရယူနိုင်ခြင်း မရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းခြင်း စသည့် အခြေအနေ များသည် သူ့အပေါ် ထားသော စစ်တပ်၏ သဘောထားများဖြစ်သည်။ မကြာသေးမီက စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် ဘုန်းကြီး တစ်ပါး၏ အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေး၌ ပါဝင်ခြင်းမရှိရန် ထုတ်ဖော်ပြောဆိုခြင်းများလည်းရှိခဲ့သည်။
အခြားတစ်ဖက်တွင် နိုင်ငံရေးအကျပ်အတည်းများရှိလာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ထုတ်၍ အသုံးချခဲ့သည်။ နိုင်ငံတကာဖိအားမြင့်ချိန်တွင် သူနှင့်တွေ့ဆုံခြင်း၊ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲ ဝင်ခွင့်ပြုခြင်း၊ သမ္မတမဟုတ်သည့် နိုင်ငံရေးရာထူးများကို မကန့်ကွက်ခြင်းနှင့် ရိုဟင်ဂျာ ပြဿနာအ တွက် ခေါင်းခံခိုင်းခြင်းများကို ပြုလုပ်ခဲ့သည်။
ရင်ကြားစေ့ရေးဆိုသော စကားကို စစ်တပ်ကလှိုင်လှိုင်သုံးခဲ့ပြီး ပြုခဲ့သောတရားလက်မဲ့ကိစ္စများကို ပြည်ဖုံးကား ချရန် ကြိုးစားခဲ့သည်။ ထိုအပေါ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အသုံးချခဲ့သည်။ စစ်တပ် အတွင်းက အပြစ်ကျူးလွန်သူများသည် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရခဲ့သည်။ ထိုနေရာတွင် ဒေါ်အောင်ဆန်စုကြည် သည် နိုင်ငံရေးအရ ခြေလှမ်းမှားခဲ့ပြီး တိုင်းရင်းသားများ၊ လူနည်းစုများ၊ အခြားသော နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ယုံကြည်အားကိုးလိုစိတ် အမှတ်များ လျော့ကျခဲ့သည်။
အမြင်ကျယ်လာသည့် ခေတ်ပညာတတ် လူငယ်နှင့် လူလတ်ပိုင်းများက ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစား ချစ်ခင် ယုံကြည်ကြသော်လည်း ဒီမိုကရစီနှင့် လူ့အခွင့်အရေးစံနှုန်းများအတွက် မေးခွန်းထုတ်လာသည်။ တစ်ဖက်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က တစ်ခွန်းဆိုလျှင် တစ်ခွန်းဆိုသည့်အတိုင်း တသွေမတိမ်း လိုက်ပါကြသော သူတို့ကလည်း အင်နှင့်အားနှင့် ရှိနေခဲ့သည်။
ထိုသို့ ဩဇာကြီးမား၍ လူထုအပေါ် လွှမ်းမိုးထားနိုင်ခြင်းသည် အချို့သောကိစ္စများအတွက် သင့်တော်သော်လည်း နိုင်ငံတည်ဆောက်ရေးနှင့် အခြားသောကဏ္ဍအသီးသီး၏ မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူ အန္တရာယ် အ လွန်များသည်။ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူတို့၏ လုပ်ပိုင်ခွင့်နှင့် ဩဇာကို အထက်မှနေ၍ စီးမိုးထား သကဲ့သို့ဖြစ်စေသည်။ ပညာသည်၏ အသံထက် ဩဇာအာဏာရှိသူ၏ လွှမ်းမိုးခြင်းကို ခံရတတ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ တစ်ကိုယ်ရည်ဘဝကို ပြန်ကြည့်ပါက ချုပ်နှောင်ခံထားရချိန်များပြားခြင်း၊ ခင်ပွန်း သည်၏ နောက်ဆုံးအချိန်ကိုပင် မသွားနိုင်ခြင်း၊ မိခင်တစ်ဦးအနေဖြင့် သားနှစ်ဦးအပေါ် ကောင်းမွန်စွာ ဆက်ဆံရေးမပြုနိုင်ခြင်း၊ အသက်အန္တရာယ်စိုးရိမ်ရခြင်းနှင့် တစ်ကိုယ်ရည်ဘဝ လွတ်လပ်ခွင့်ပျောက်ဆုံးခြင်း စသည်တို့ကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူ၏ ဘဝတစ်ခုလုံးကို စွန့်လွှတ်၍ မြန်မာနိုင်ငံတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူ၊ မြန်မာ့ဒီမိုကရေစီအရေးအတွက် စွန့်လွတ်အနစ်နာခံသူ သူရဲ ကောင်း၊ အများပြည်သူ၏ ရင်၌ဖြစ်သောချစ်ခြင်း ခံယူရသူနှင့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အဖြစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် အဓိကကျသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ရှိနေပါသည်။
ထို့ကြောင့် သူ၏ အဆုံးအဖြတ် အယူအဆနှင့် လုပ်ရည်ကိုင်ရည်များသည် မြန်မာနိုင်ငံ၏ ကံကြမ္မာအတွက် အတိုင်းအတာတစ်ခုအထိ အရေးကြီးပါသည်။
ထို့ကြောင့် ချုပ်နှောင်ခံထားရသည့် နေ့ရက်များဖြင့် ၇၈ နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းရမည့် ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့နှင့်အတူ အချုပ်အနှောင်မှ လွတ်မြောက်၍ မြန်မာဖက်ဒရယ် ဒီမိုကရေစီ အရေးအတွက် အောင်မြင်စွာကြိုးပမ်းနိုင်ပါစေကြောင်း မေတ္တာပို့လိုက်ရပါသည်။ ထို့အတူ ပညာသည် ဩဇာ အာဏာရှိသူ၏ လွှမ်းမိုးခံရခြင်းမှ ကင်းလွတ်စေသော ခရီးအား ထွန်းပေါက်ပါ စေကြောင်း ဆုတောင်းရပါသည်။