Editorial
အမြင်ကျယ်ရမည့် ပြည်ထောင်စု တည်ထောင်ရေး
လွန်ခဲ့သော ၂ နှစ် က
မြန်မာနိုင်ငံရေးတွင် တိုင်းရင်းသားရေးရာကိစ္စသည် အလေးအနက်ထား ဆောင်ရွက်ရမည့် နိုင်ငံရေး ပြဿနာ ဖြစ်သည်။ တိုင်းရင်းသားဟုဆိုရာတွင် ဗမာကို တိုင်းရင်းသားဟု ထည့်သွင်းမစဉ်းစားခြင်း၊ အခြားသော လူနည်းစုများကို ထည့်သွင်းမစဉ်းစားခြင်းနှင့် တရုတ်၊ အိန္ဒိယနွယ်ဖွား နိုင်ငံသားများကို ထည့်သွင်းမစဉ်းစားခြင်း တို့သည်လည်း မြန်မာနိုင်ငံရေးပြဿနာတွင် အလေးအနက်ထား သုံးသပ် ဖြေရှင်းရမည့် အကြောင်းတွင် ပါဝင်ပေသည်။
ဤနေရာတွင် တိုင်းရင်းသားဆိုသည့်အဓိပ္ပာယ်ကို ရှင်းလင်းစွာ ဖွင့်ဆိုရန်လိုအပ်ပါသည်။ စစ်အာဏာရှင် နေဝင်း သတ်မှတ်ခဲ့သည့် တိုင်းရင်းသား ၁၃၅ မျိုးဆိုသည့် အနားသတ်စည်းအတွင်းမှနေ၍ တိုင်းရင်းသားဟု ပြောဆို ဆွေးနွေးနေခြင်းနှင့် လူမျိုးအပေါ်တွင် အခြေခံ၍ ဖွဲ့စည်းထားသော ပြည်နယ် ခုနစ်ခုအပေါ် သတ်မှတ်စဉ်းစား၊ ဆွေးနွေးခြင်းများက ပြဿနာ၏ အရင်းအမြစ်ဟု ဆိုလျင် ဆိုရနိုင်ပေလိမ့်မည်။ မြင်သာအောင်ဆိုရလျှင် ဘောင်ခတ်ပေးထားခဲ့သော တိုင်းရင်းသားဖြစ်မှု အတွင်းတွင် စစ်အာဏာရှင်အလိုကျ တိုင်းရင်းသားဖြစ်မှုကို ခံစားသက်ဝင်နေမှုပင်ဖြစ်သည်။
ခေတ်အဆက်ဆက် ရှိခဲ့သော မြန်မာ့နိုင်ငံရေးပြဿနာများကို အဖြေရှာရန် အားထုတ်ရာတွင် ဆိုခဲ့သော တိုင်းရင်းသားဖြစ်မှုနှင့် သတ်မှတ်စဉ်းစားမှု၊ ဗမာလူမျိုးကြီးဝါဒ သွတ်သွင်းခံရမှုတို့ကြောင့် မတူကွဲပြားမှုများကို လက်မခံလိုခြင်း၊ လူမျိုးနှင့် ကိုးကွယ်ယုံကြည်မှု သဘာဝများကို နားမလည်ခြင်းနှင့် ဩဇာအာဏာ တည်ထောင်လိုခြင်းများသည် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်မှုဆီသို့သာ ဦးလှည့်နေစေသော အကြောင်းအရင်း ဖြစ်စေခဲ့သည်။
သိသာထင်ရှားသည်မှာ ကမ္ဘာမှာ အကြာဆုံးသော ပြည်တွင်းစစ်မီးနှင့် လက်နက်ကိုင်တော်လှန်ရေး ဖြစ်သည်။ အာဏာရှင်ကို စက်ဆုပ်ရွံရှာရင်း နှစ်ပေါင်းများစွာကြာအောင် အံတုတော်လှန်နေသော်လည်း၊ ဖက်ဒရယ်စနစ် တည်ထောင်နိုင်အောင် ရည်ရွယ်ခြင်းရလဒ်သည် ဆိုခဲ့သော တိုင်းရင်းသားနှင့်ဖက်ဒရယ် အကြောင်းတွင် ကျောက်တုံးကို တောင်ပေါ်တွန်းတင်သော Sisyphus ကဲ့လို့ လိမ့်ကျရင်း တွန်းတင်ရင်း ဖြစ်နေခဲ့ပေသည်။
ထို့ကြောင့် တကြော့ပြန် အာဏာသိမ်းမှုဖြင့် ပြန်လည်ခေါင်းထောင်လာသော စစ်အာဏာရှင်နှင့် ယင်းစနစ်ကို တော်လှန်နေကြရပြန်သည်။ နှစ်ပေါင်းများစွာပြောခဲ့သော လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးခြင်းများနှင့် ၂၁ ရာစု ပင်လုံညီလာခံတို့ဆိုသည် အကျိုးစီးပွား Sisyphus များသာဟု ဆိုရမည့်ဟန် ဖြစ်တော့သည်။
ထို့ကြားတွင် တရုတ်၏ နိုင်ငံရေးဩဇာနှင့် ထိုဩဇာသက်ရောက်မှု၊ ဒီချုပ်အစိုးရ၏ ဖက်ဒရယ်အပေါ် ချဉ်းကပ်ပုံ မှားယွင်းခဲ့မှုများကလည်း ဒေသခံတိုင်းရင်းသားများ၏ အယုံအကြည်မဲ့မှုကို ဖြစ်ပေါ်ခဲ့ပြီး လူမျိုးကြီး ဝါဒသူငယ်နာ မစင်ခြင်းကို သိသာထင်ရှားသလို ဖြစ်စေခဲ့သည်။
ယင်း၏ အကျိုးဆက်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသော အမျိုးသား ညီညွတ်ရေး အစိုးရအပေါ်တွင်လည်း တိုင်းရင်းသားနှင့် အခြားသောနိုင်ငံရေးအင်အားစုများ၏ ယုံကြည်နိုင်မှုက အားပျော့ ယုတ်လျော့နေသည်ကို လေ့လာတွေ့ရှိရခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရသည် နိုင်ငံရေး အရ သံသယမဖြစ်သော ဆက်ဆံရေးမျိုးကို တိုင်းရင်းသား အဖွဲ့အစည်းများ၊ လက်နက်ကိုင်အစုအဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရန်နှင့် ထူထောင်ရန် လိုအပ်ပါမည်။
ထို့အတူ တိုင်းရင်းသားနိုင်ငံရေးနှင့် လက်နက်ကိုင်အင်အားစုများသည်လည်း လူမျိုးအရေးတူညီခြင်း၊ ဒေသ အရေး တူညီခြင်းနှင့် ကိုးကွယ်ယုံကြည်မှုတူညီခြင်းများအပေါ်တွင်သာ နိုင်ငံရေးကို မစဉ်းစားသင့်ဘဲ မတူ ကွဲပြားသည့် လူသားများ ဖြစ်ခြင်းအပေါ်အခြေခံသည့်၊ လူ့အခွင့်အရေး ပေးထားချက်များဖြင့် ညီညွတ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ရေးကို အမြင်ကျယ်စွာ ဦးတည်စဉ်းစားသင့်ကြောင်း တိုက်တွန်းရပါသည်။