bap-logo
Editorial

ကြောက်ခတ်ကို မှောက်ပစ်နိုင်ရန်

OJnzi84kqmau3nG4LN4hS-image

လွန်ခဲ့သော ၂ နှစ် က

၂၀၂၃ ခုနှစ်၏ ပထမ လတာကာလ ကုန်ဆုံးခဲ့ပါပြီ။ စစ်ကောင်စီ၏ သက်တမ်းတိုးအချိန်ချဲ့နေသည့် အာဏာ သိမ်းခြင်းသည်လည်း နှစ်ခွဲပြည့်တော့မည်ဖြစ်သည်။ ရွေးကောက်ပွဲပြုလုပ်ပေးမည်ဆိုသော အကြောင်းပြချက်၊ အရေးပေါ်ကာလအခြေအနေဆိုသော အကြောင်းပြချက်များကို ကိုင်စွဲ၍ စစ်ကောင်စီသည် အာဏာသိမ်း သက် တမ်းကို ဆန့်နိုင်သမျှ ဆွဲဆန့်မည်ဖြစ်၏။

 

စစ်ကောင်စီပြုလုပ်ပေးမည့် ရွေးကောက်ပွဲဆိုသည်မှာလည်း ယင်းတို့ ကျောထောက်နောက်ခံပြုထားသော သို့မ ဟုတ် ယင်းတို့ထံမှ အာဏာအရိုးအရင်းရလိုရငြား မျှော်ကိုးကြသူများအတွက် ဟန်ပြလုပ်ဆောင်ပြသသည့် လုပ် ဆောင်မှုတစ်ခုသာ ဖြစ်သည်။ ပြည်သူလူထုက လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ရောက်ရှိရန်လမ်း ဟုတ်ပါ။ ထို့ကြောင့် တော်လှန်ရေးကို ဆင်နွှဲနေကြခြင်းဖြစ်သည်။

 

၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် နွေဦးတော်လှန်ရေးကို အကြောင်းပြုပြီး ပြည်သူ့ထောက်ခံမှုဖြင့် ပေါ်ပေါက်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်းသည်လည်း နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီး ခုခံတွန်းလှန် စစ်ဟု ကြေညာခဲ့ခြင်းကလည်း လာမည့် စက်တင်ဘာတွင် နှစ်ပြည့် ကာလဆီသို့ ရောက်ရှိတော့မည်ဖြစ်သည်။ ထို့နည်းတူ အလေးထားရမည့်အချက်တစ်ခုမှာ ၂၀၂၃ ခုနှစ်ကို နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်အဖြစ် ရားဝင်‌ ကြေညာခဲ့ခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးကာလသမိုင်းကို ပြန်ကြည့်ပါက ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများသည် နိုင်ငံရေး ရေချိန်မြင့်သည့်ကာလများဖြစ်သည်။ ဇူလိုင် ရက်တွင် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံရှိခဲ့သည်။ မြန်မာ့ စစ်အာဏာရှင်အား ကန့်ကွက်ခဲ့ကြသည့် ပထမဆုံးလှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းတင်ခဲ့သည့် တော်လှန် မှုကြီး ဖြစ်သည်။ အသက်ပေါင်းများစွာလည်း ပေးခဲ့ရသည်။

 

ဇူလိုင် ၁၉ ဆိုသည်မှာလည်း အာဏာမက်မောသူတစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် နိုင်ငံခေါင်းဆောင်များ ကျဆုံးခဲ့ရသောနေ့ဖြစ်သည်။ ယင်းနေ့ကို အကြောင်းပြု၍ နိုင်ငံရေး လှုပ်ရှားခဲ့ကြသည်များ ရှိခဲ့၏။

 

ဩဂုတ်လတွင်လည်း ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံရှိ လူထူလူတန်းစားပေါင်းစုံ၊ အလွှာအသီးသီးက လူပေါင်းများစွာ တစ်ညီတစ်ညွတ်တည်းဖြင့် အာဏာရှင်အား ဆန့်ကျင်တော်လှန်ခဲ့ကြသော သမိုင်းဝင် လူထုလှုပ်ရှားမှုဖြစ်ခဲ့သည်။ ယင်းတွင်လည်း အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ကြ ရပြီး ဖြစ်သည်။

 

စက်တင်ဘာလဆိုသည်မှာလည်း သံဃာများဦးဆောင်မှုဖြင့် ပေါ်ပေါက်လာသည့် အာဏာရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရွှေဝါရောင်တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့သည်။ ထိုတော်လှန်ရေးများ ပေါ်ပေါက် လာခြင်း၊ ဖိနှိပ်ဖြိုခွင်းခံရခြင်း၊ တော်လှန်ရေးများ၏ ကောင်းခြင်း၊ ဆိုးခြင်း၊ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနှင့် ဆိုးမွေ ကောင်းမွေ ရှိခြင်းများကို ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးနှင့် ယှဉ်တွဲ၍ လေ့လာဆင်ခြင်နိုင်ရန် လိုအပ်ပါ မည်။ အားသာချက်၊ အားနည်းချက်များကို ထုတ်ယူ၍ ထိုကာလ၏ အမှတ်သညာများကို အရှိန်ပြု၍ တော်လှန်ရေးအောင်ကြောင်း တွန်းအားပြုနိုင်ရပါမည်။

 

တော်လှန်ရေးများ‌ ထပ်ကာထပ်ကာ ပေါ်ပေါက်လာခြင်းနှင့် အာဏာရှင်အမြစ်မပြတ်နိုင်ခြင်းများကို ဆင်ခြင်သုံး သပ်၍ ကြောက်ခတ်ကို မှောက်ပစ်နိုင်ရန် ယနေ့ ဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ ကောင်းစားရေး၊ အာဏာရရှိရေး မဟုတ်ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထွန်းကားရေး ရှေးရှုဦး တည်မှုဖြစ်ကြောင်း သတိမပြတ်ရန် လိုပါသည်။

 

Burma Associated Press

မြန်မာ
စစ်ကောင်စီ
အမျိုးသားညီညွတ်ရေးအစိုးရ
ပီဒီအက်ဖ်

Share With
bap-logo