bap-logo
Politics

ရန်ကုန်မြို့နယ်အချို့မှာ သင်္ကြန်ကာလ ရေကစားတဲ့ သေနတ်ကိုင်ရင် အရေးယူမယ်လို့ စစ်ကောင်စီ သတိပေး

_lvbAhNn35OoEHwByovIY-image

လွန်ခဲ့သော ၁၀ လ က

ဧပြီ ၁၀။

 

ရန်ကုန်က မြို့နယ်အချို့​မှာ သင်္ကြန်ကာလ ရေကစား‌တဲ့သေနတ် ကိုင်ဆောင်ဆော့ကစားခွင့် တားမြစ် ထားပြီး ကစားတာတွေ့ရှိခဲ့ရင် အရေးယူမယ်လို့ ​စစ်ကောင်စီလက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့က လိုက်လံအသိပေးနေတယ်လို့ သိရပါတယ်။

 

လှိုင်သာယာမြို့နယ် အနောက်ပိုင်းက ရပ်ကွက်တွေမှာ ဒီနေ့ ဧပြီ ၁၀ ရက် ညနေပိုင်းက လက်ကိုင်စပီကာတွေ အသုံးပြုပြီး ​လိုက်လံအသိပေးထားတယ်လို့ လှိုင်သာယာမြို့နေသူ တစ်ဦးက ပြောပါတယ်။

 

"ကလေးအမေတွေက ပြောနေတယ်၊ အဲလိုမှန်းသိ သေနတ်မဝယ်ပေးပါဘူးတဲ့၊ လိုက်အော်တဲ့လူကလည်း ပြန်ပြောတယ်၊ ငါတို့လည်း အခုမှသိတာပါဟာတဲ့၊ ရယ်ဖြဲဖြဲနဲ့ ပြန်ပြောသွားတယ်" လို့ လှိုင်သာယာ မြို့နေသူတစ်ဦးက ပြောပါတယ်။

 

ရန်ကုန်မြို့က လူဦးရေထူထပ်တဲ့ မြို့နယ်တွေမှာလည်း သင်္ကြန်ကာလအတွင်း ရေကစားတဲ့သေနတ်၊ လက်ပစ်ဗုံး စတဲ့ပစ္စည်းတွေကို မကစားကြဖို့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက အသိပေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့သိမ်ကြီးစျေးက အရုပ်ပစ္စည်းဆိုင်တွေမှာလည်း သင်္ကြန်ပစ္စည်းမျိုးစုံ ရောင်းချနေပေမယ့် ကစားစရာ သေနတ်တွေမရောင်းချဖို့​ အသိပေးတာမျိုး မရှိသေးဘူးလို့ ဆိုင်အချို့က ပြောပါတယ်။

 

" မနက်ဖြန်ဆိုင်ဖွင့်လို့ လာသတိပေးရင်တော့ မပြောတတ်ဘူး၊ ရပ်ကွက်ထဲတော့ လာကြေညာ သွားတယ်လို့​ ဝန်ထမ်းကောင်မလေးတွေ ဖုန်းဆက်လာ​တာတော့ရှိတယ်၊ သေချာမသိသေးဘူး” လို့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်ဟာ ရန်ကုန်မြို့မှာ သင်္ကြန်စည်ကားအောင် ကြိုးစားနေပြီး မဏ္ဍပ်တွေမှာ လုံခြုံရေး အများအပြား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် မသင်္ကြန် ပွဲတော်အတွက် ခရိုင်/ မြို့နယ်တွေက ဗဟိုမဏ္ဍပ် ၄၃ ခုနဲ့ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့နဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။

 

သင်္ကြန် ပွဲတော်ကို ပြည်သူ့ရင်ပြင်မှာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန် တစ်ခု၊ ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုနဲ့ မြို့တော်ခန်းမမှာ ရန်ကုန် မဟာသင်္ကြန်မဏ္ဍပ်နဲ့ လမ်းလျှောက်သင်္ကြန်ကို ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

 

ပုံစာ- ရန်ကုန်မြို့ သင်္ကြန်မြင်ကွင်းတစ်ခု (ပုံဟောင်း)

 

Buma Associated Press

ရန်ကုန်

Share With
bap-logo