bap-logo
Local News

မြန်မာနှင့် ရုရှား ဥပဒေပညာများ အပြန်အလှန်သင်ကြားပေးမည်ဟု စစ်ခေါင်းဆောင်ဆို

ZuGU1fefulOks4kjUhA-6-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၂၃။

ဥပဒေပညာရှင်များကို မြန်မာနှင့် ရုရှား နှစ်နိုင်ငံအကြား ဥပဒေပညာ အပြန်အလှန် သင်ကြားနိုင်ရန် စီစဉ်လျှက် ရှိသည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

 

ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် Mr. Igor Krasnov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

မြန်မာနှင့် ရုရှားအကြား ဥပဒေရေးရာ ကိစ္စများပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သွားမည်ဟုလည်း ပြောဆိုခဲ့ပြီး စစ်ဘက်ဥပဒေများ သင်ကြားနိုင်ရေးအတွက် မြန်မာနိုင်ငံမှ သင်တန်းသားများ စေလွှတ်ရန်လည်း ဆွေးနွေးခဲ့ သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် မီဒီယာများတွင် ဖော်ပြသည်။

 

မြန်မာနိုင်ငံတွင် ရုရှားဘာသာ စကားသင်တန်းများ ဖွင့်လှစ်လျက်ရှိမှုနှင့် ရုရှားနိုင်ငံတွင် မြန်မာဘာသာ စကား သင်တန်းများ ဖွင့်လှစ်သင်ကြားမှုတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟုဆိုသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲမှုကြောင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေ ရသည်။

 

မကြာသေးမီကလည်း နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC)သည် ရုရှားသိမ်းယူထားသည့် နယ်မြေများမှ ယူကရိန်း ကလေးငယ်များကို ရုရှားသို့ အတင်းအကျပ်နှင်ထုတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်အား ဖမ်းဝရမ်းထုတ်ခဲ့သည်။

 

လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ထားသော်လည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် မြန်မာ စစ်တပ်ကို လည်း နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က အရေးယူပေးရန် ကုလသမဂ္ဂအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ(SAC-M)က ပြီးခဲ့သည့် နှစ်ကုန်တွင် တောင်းဆိုထားသည်။

 

ပုံစာ- အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ရုရှားရှေ့နေချုပ် Mr. Igor Krasnov

Burma Associated Press

စစ်ကောင်စီ
ရုရှား
မြန်မာ

Share With
bap-logo