Local News
တောင်းဆိုချက်များကို မပူးပေါင်းပါက ထိုင်း PTT ကုမ္ပဏီကို စင်္ကာပူ အနုညာတ တရားရုံး တွင် NUG တရားစွဲမည်
လွန်ခဲ့သော ၂ နှစ် က
မတ် ၂၁
မြန်မာနိုင်ငံ၏အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်သည့် “ရတနာစီမံကိန်း” နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် မပူးပေါင်းပါက ထိုင်း PTT ကုမ္ပဏီအား စင်္ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲမည်ဟု သတိပေးလိုက်သည်။
စင်္ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံး (Singapore International Arbitration Centre–SIAC) ဆိုသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံတော်အကြား မည်သည့်အငြင်းပွားမှုကိုမဆို ဖြေရှင်းရေး အတွက် ထူထောင်ထားသည့် ယန္တရားတစ်ခုဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် ရတနာစီမံကိန်း၏ ရန်ပုံငွေ ခွဲဝေမှုနှင့် စပ်လျဉ်းသည့် တရားဝင် တောင်းဆိုချက်စာ (demand letter) တရပ်ကို PTT Exploration and Production Public Company ထံ ယနေ့ မတ်လ ၂၁ ရက်တွင် ပေးပို့ရာတွင် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။
“ရန်ပုံငွေများသည် ကျွန်ုပ်တို့ မြန်မာ ပြည်သူများအား အကြမ်းဖက်တိုက်ခိုက် နှိပ်စက်သတ်ဖြတ်နိုင်ရန် အာဏာ သိမ်းစစ်အုပ်စုအား အထောက်အပံ့ ဖြစ်ထွန်းလျက်ရှိသည်။ နိုင်ငံအဝှမ်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုအား နိုင်ငံခြားငွေစီးဆင်းနေခြင်းအား ရပ်တန့်ရန် အရေးတကြီး လိုအပ်သည်” ဟု NUG က PTT ကုမ္ပဏီထံပေးပို့သည့် စာတွင် ဖော်ပြထားသည်။
အဆိုပါ ဝင်ငွေများဖြင့် စစ်အုပ်စုသည် လက်နက်များဝယ်ယူကာ အရပ်သား ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများကို တိုက်ခိုက် ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိ ကုလသမဂ္ဂမှ ထုတ်ပြန်သောကိန်းဂဏန်းအရ ၁,၇၀၄,၀၀၀ (၁.၇ သန်းကျော်) သော ပြည်သူများသည် မိမိနေအိမ်ကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး ဖြစ်သည့်အပြင် နောက်ထပ် ပြည်သူ တစ်သန်းကျော်သည်လည်း အိမ်နီးချင်းနိုင်ငံများတွင် ခိုလှုံနေနိုင်ရန် ကြိုးစားလျက်ရှိနေသည်ဟု NUG က ဆိုသည်။
ကုမ္ပဏီများ နှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက် တိုက်ခိုက်မှုများကို လူသားချင်း စာနာသော တာဝန်တရပ်အဖြစ် ဝိုင်းဝန်း ကူညီသည့်အနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ယခု ရန်ပုံငွေ ဖြတ်တောက်ရေး လုပ်ဆောင်ချက်အပေါ် ဝိုင်းဝန်းကူညီကြရန် တာဝန်ရှိသည်ဟုလည်း NUG ကဆိုသည်။
ပေးပို့သောစာသည် အကြမ်းဖက်စစ်အုပ်စုထံ စာချုပ်ပါ အချက်အလက်များကို မမှန်မကန် လိုက်နာ၍ ပေးပို့ခဲ့သော အခွန်အကောက်များ၊ လစဉ် အစီရင်ခံစာများ၊ စစ်အာဏာလုယူပြီးနောက် ဆက်လက်လုပ်ဆောင် ခဲ့သော လုပ်ငန်းများအပေါ် ဖြေရှင်းချက်တောင်းခံခြင်း ဖြစ်သည်ဟုလည်းဆိုသည်။
ထို့အပြင် ရတနာစီမံကိန်း၏ အနာဂတ်ပေးဆောင်မှုအားလုံးသည် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အမျိုးသားညီညွတ်ရေးအစိုးရက သဘောတူ လက်ခံသော အခြားငွေစာရင်းတခုသို့သာ ဆောင်ရွက်ရန် ညွှန်ကြား လိုက်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခင် အစိုးရအဆက်အဆက်နှင့် ပေါင်းသင်းဆက်ဆံခဲ့သော PTT အပေါ် ထိခိုက်စေလိုခြင်း အလျဉ်းမရှိပါ။ အလားတူပင် လက်ရှိဆောင်ရွက်နေသာ လုပ်ငန်းများအားလည်း ရပ်တန့်စေလိုခြင်း မရှိပါ။ ကျွန်ုပ်တို့သည် PTT ၏ ဆောင်ရွက်ချက်များအား လူ့အခွင့်အရေးများနှင့် ကိုက်ညီ လျက် ရှိကြောင်း အတည်ပြုနိုင်ရန် အားပေး ဆောင်ရွက်ခြင်းဖြစ်သည်” ဟုလည်းဆိုသည်။
PTT အနေဖြင့် ယခုစာပါ တောင်းဆိုချက်များအပေါ် ပူးပေါင်းဆောင်ရွက်ခြင်း မပြုပါက ကျွန်ုပ်တို့ အနေဖြင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုအဖြစ် တရားဝင်အစိုးရတရပ်၏ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေများနှင့်အညီ လူထု၏ အခြေခံ လူ့အခွင့်အရေးများ နှင့် ဂုဏ်သိက္ခာများ ကျဆုံးခဲ့ရမှုအပေါ် မူတည်၍ စာချုပ်ပါ အတိုင်း စင်္ကာပူနိုင်ငံ အနုညာတ တရားရုံးတွင် တရားစွဲဆိုသွားမည်ဟု NUG က PTT အား သတိပေး လိုက်သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အော်ပရေတာဖြစ်သူ ပြင်သစ် ရေနံကုမ္ပဏီကြီး Totalနှင့် အမေရိကန် အခြေစိုက် Chevron (Unocal) ကုမ္ပဏီ တို့က ထွက်ခွာမည်ဟု ကြေညာပြီးနောက် ထိုင်း PTT ကုမ္ပဏီက ရှယ်ယာအများဆုံးဝယ်ယူကာ အော်ပရေတာအဖြစ် ဆက်လက် လုပ်ကိုင်နေသည်။
ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ရောင်းချနေသော ရတနာ စီမံကိန်းတွင် Chevron ကုမ္ပဏီက ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၁ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင် ကြောင်း ၃၇ ရာခိုင်နှုန်းဖြင့် အော်ပရေတာသစ်ဖြစ်လာသူ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။
ပုံစာ - PTT ကုမ္ပဏီကို ပိတ်ဆို့အရေးယူပေးရန် တောင်းဆိုဆန္ဒပြသည့် ချင်းတွင်းမြစ်သပိတ် (ဓာတ်ပုံ - လူမှု ကွန်ယက်)