Urban Life
မိုင်တိုင်အမှတ် ၈၄ ညသန်းခေါင်
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၂၈။
“ထမင်းကြော် ထမင်းသုပ် ထမင်းဆီဆမ်း ပဲပြားသုပ်ခေါက်ဆွဲသုပ် လက်ဖက်သုပ် လက်ဖက်ထမင်းတွေရမယ် ကော်ဖီပူပူလေးတွေရတယ် ထမင်းစုံရတယ်နော်” ဟူသောအသံစာစာရှိရာဆိုင်သည် အဝေးပြးလမ်းမပေါ် ၈၄ မိုင် တွင်ရှိပြီး ည ၁၂ နာရီ ကျော်ခန့်တွင်ဖြစ်သည်။
ညလယ်ခေါင်ဆိုသော်လည်း ဆိုင်ရှင်အမျိုးသမီးအသံသည် လက်ဆတ်နေဆဲပင်။ အခြားဈေးဆိုင် များဆီမှလည်း မုန့်ဟင်းခါး၊ မုန့်တီနှင့် အကြော်တို့ကို ပူပူနွေးနွေးရနိုင်ဆဲပင်။
၂၀၂၀ ကိုဗစ်ကာလ အဝေးပြေးလမ်းအသွားအလာပိတ်ခြင်းမှစတင်ကာ ၂၀၂၁ အာဏာသိမ်းမှု ပြီးနောက် အဝေးပြေးလမ်းများပေါ်တွင် ည ၁၂ နာရီကျော်လျှင် ဖြတ်သန်းမောင်းနှင်ခွင့်မရှိတော့ပေ။ ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း အဝေးပြေးလမ်းပေါ်၌ မည်သည့်ကားမျှ ဖြတ်သန်းသွားလာခွင့် မရှိပေ။
ထို့ကြောင့် ည ၁၂ နာရီအထိ လမ်းမပေါ်တွင်သာ မောင်းနှင်ဆဲဖြစ်သော ကားများသည် ည ၁၂ နာရီအချိန်သို့ ရောက်လျှင် ခေတ္တရပ်နားထားကြပြီး မနက် ၄ နာရီဝန်းကျင်မှသာ ကား ပြန်ထွက်ကြသည်။ ထိုသို့ ခေတ္တရပ်နားရန် ယာဥ်ရပ်နားစခန်း ပြင်ဆင်ထားခြင်းလည်း မရှိပေ။
အဝေးပြေးလမ်းမှ ယခင်ကတည်းကရှိပြီးသား ယာဥ်ရပ်နားစခန်းများတွင်နားလျှင် ည ၁၂ နာရီ မတိုင်မီကတည်းက ရပ်နားရမည်ဖြစ်ရာ အချိန်နှင့်ပြေးဆွဲကြသည့် ခရီးသည်ယာဥ်လိုင်းများ အတွက် ပုံမှန်ထက်များစွာ နောက်ကျပြီးမှသာ လိုရာဂိတ်သို့ ဆိုက်ရောက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ယခင်ရှိပြီးသားဂိတ်စခန်းများတွင် မနားဘဲ ဆက်တိုက်မောင်းလာကာ ည ၁၂ နာရီ အချိန်တွင် ၎င်းတို့ရောက်သည့် အရပ်အနီးအပါးတွင်ပင် ကားများစုဝေးရပ်နားကြသည်။
အဝေးပြေးကားများရပ်သည့်အချိန်တွင် ပါလာသည့်ခရီးသွားများ၏ လိုအပ်ချက်ကိုဖြည့်သည့် လမ်းဘေးဈေးသည်များ ပေါ်လာရင်းနှင့်ပင် ဈေးဆိုင်တန်းများ၊ ညလုံးပေါက်ဖွင့်သည့် နားနေစရာ ဆိုင်များပေါ်ပေါက်လာသည်။
“ဝင်နားဝင်ထိုင်လို့ရပါတယ်..ကော်ဖီပူပူလေးတွေ ရတယ်နော်...အသုပ်စုံ မုန့်ဟင်းခါးပူပူလေးတွေ ရပါတယ်“ ဟူသောအသံသည်လည်း မဆဲပေ။
၂၀၂၂ တွင် အဝေးပြးကားများထိုသို့ ရပ်နားသည့် နေရာ၌ စစ်ကောင်စီ၏ဂိတ်ရှိသည်။ ည ၁၂ နာရီ တွင် ဘန်ကာများချကာ လမ်းမပေါ်တွင် ကားများဖြတ်သန်းခွင့်မပြုတော့ပေ။ လက်နက်ကိုင် ထားသည့် စစ်ကောင်စီတပ်သားများမှ ဘန်ကာ၏ အခြားတစ်ဖက်တွင် စောင့်ကြပ်ကြသည်။ ယခုနှစ် အဝေးပြေးကားများရပ်နားလေ့ရှိသည့် ထိုနေရာများတွင် စစ်ကောင်စီ၏ စစ်ဆေးရေး ဂိတ်များကို မတွေ့ရတော့ပေ။ ယင်းအစား မီးသီးများနှင့် စည်ကားသောဈေးတန်း သို့မဟုတ် ထမင်းပူပူနှင့် ခေါက်ဆွဲပြုတ်ရသေးသည့် အနားယူ၍လည်းရသည့်ဆိုင်များ ပိုမိုများပြားလာသည်။
“အာပူလျှာပူ အသုပ်စုံလေးတွေရမယ်နော်...ကော်ဖီပူတာလေးတွေရမယ်နော်” ဟု အော်ရောင်း သည့် ဆိုင်လည်းရှိသကဲ့သို့ “အအေး ဘီယာ ဆေးလိပ် ကွမ်းယာတွေရမယ်နော်” ဟု အော်ရောင်းသည့် ဈေးသည်လည်း ရှိသည်။
“ဝင်နားဝင်ထိုင်လို့ရပါတယ်..ကော်ဖီပူပူလေးတွေရတယ်နော်...အသုပ်စုံ မုန့်ဟင်းခါးပူပူလေးတွေ ရပါတယ်“ ဟူသောအသံသည်လည်း မဆဲပေ။
ယင်းသို့ဖြင့် ၈၄ မိုင်လမ်းဘေးတွင် ထမင်းပူပူလေးသာမက မုန့်ဟင်းခါးနှင့် မုန့်တီပူပူလေးများ ကိုလည်း ညလယ်စာအဖြစ် သုံးဆောင်နိုင်ပါတော့သည်။
“အစ်ကိုကြီးတို့ အစ်မကြီးတို့ ဖျာငှားလို့ရတယ်....တစ်ချပ်ကိုတစ်ထောင်ပါ” ဟု လှည့်လည်အော်နေသည့် ဈေးသည် ၁၀ ဦးဝန်းကျင်ခန့်ပင်ရှိသည်။
၎င်းတို့အားလုံးလက်ထဲတွင် ဖျာများကိုလိပ်၍ ကိုင်ထားကြပြီး ကားများရပ်ထားသည့် လမ်းတစ် လျှောက် လှည့်လည်အော်ငှားနေကြသည်။ ဖျာမှာ အရပ်ထဲတွင် 'ချစ်သုဝေဖျာ' ဟု လူသိများသည်၊ အပြင်ပိုင်းတွင် ပလစတစ်ဖြင့်ဖုံးထားပြီး အတွင်းတွင်အိစက်စက်ဖြစ်သည်၊ တစ်လက်မခန့်ထူ၍ တစ်ယောက်ခွဲစာခန့် အကျယ်ရှိသည်။
“အစ်ကိုကြီး...အစ်ကိုကြီး...ကားဆရာကိုခေါ်ပေးပါဦး၊ ကားထဲကထွက်မရလို့” အဖြူရောင် ခရီးသည်တင်ကား တစ်စီး၏ အတက်အဆင်းပေါက်တွင် လူရွယ်အမျိုးသားတစ်ဦး မတ်တပ်ရပ်ကာ ပြောနေသည်။
ကားတံခါးပိတ်ထားပြီး မှန်ရှိရာအပေါ်ပိုင်းသာ ဖွင့်ထားသည်၊ ၎င်းကထိုမှန်ပေါက်မှတဆင့် အပြင် လူကို အကူအညီတောင်းခြင်းဖြစ်သည်။ အပြင်လူမှာလည်း ထိုကားမှမဟုတ်သဖြင့် ယာဥ်မောင်း ဝန်ထမ်းကို မသိရကား အတော်အခက်တွေ့နေကြသည်။ ဝန်ထမ်းများမှာအနီးတွင် မရှိဘဲ ဈေးဆိုင် တစ်ခုခုတွင်သာ ရှိနိုင်သဖြင့် ဈေးဆိုင်များဘက်တွင် သွားခေါ်သင့်ကြောင်း အမျိုးသားတစ်ဦးက ခန့်မှန်းအကြံပေးသည်။ ကားထဲမှ အမျိုးသားမှာလည်း ဗိုက်နာသဖြင့် အပြင်ထွက်လိုသည်ဟု ဆိုသည်။ မည်သို့ခေါ်လိုက်ကြသည်မသိ အတန်ကြာမှ ယာဥ်ဝန်ထမ်း ရောက်လာကာ ကားတံခါး ဖွင့်ပေးသည်။
အဝေးပြေးလမ်းမအပေါ်တွင် ရပ်နားနေသည့် ကားများသာမက ထိုကားများ အရှေ့အနောက် ဘေးဘက်များတွင်ကပ်ကာ ဖျာခင်းပြီးအိပ်နေကြသည့် လူများလည်းရှိကြသည်။ အချို့မှာ ဖျာတစ်ချပ်အပေါ်တွင် လူခြောက်ယောက်ခန့်စုထိုင်ကာ စကားပြောနေကြသည်။
“ခရီးသွားထောက်ခံစာမထုတ်ပေးဘူး။ အလုပ်လျှောက်လို့ရတယ်ဗျာ၊ မှတ်ပုံတင်ထုတ်လို့ ရတယ်ဗျာ (မှတ်ပုံတင်ပျောက်ဆုံးပျက်စီးသူများသည် ခရီးသွားပါက ရပ်ကွက်ရုံးမှ ထောက်ခံစာ ယူရသည်)။ ခရီးသွားတော့မထုတ်ပေးဘူး” လူခြောက်ယောက်ဝန်းကျင်ခန့်အလယ်တွင်ထိုင်နေသည့် အသက်လေးဆယ် ဝန်းကျင်အရွယ် ခပ်ပိန်ပိန်အမျိုးသားက အားရပါးရ ၎င်း၏ကားမောင်းသည့် အတွေ့အကြုံ ဆိုင်ရာများကို ပြောပြနေသည်။
“ခင်ဗျား ဥက္ကဌဆီမှာအဆူခံအပြောခံပြီးတော့ ထုတ်လို့ရတယ်၊ ခရီးသွားထောက်ခံစာဆိုပြီးတော့ ဘယ်သူမှတရားဝင်မထုတ်ပေးဘူး ” ဟု ဆက်လက်ပြောသည်ကို မည်သူမှမငြင်းနိုင်ဘဲ နားထောင် နေကြသည်။ ၎င်းတို့အနီးအပါးတွင် ကုန်တင်ကားကြီးများ ရပ်ထားသည်။
“ခင်ဗျား ဥက္ကဌဆီမှာအဆူခံ အပြောခံပြီးတော့ ထုတ်လို့ ရတယ်၊ ခရီးသွားထောက်ခံစာဆိုပြီးတော့ ဘယ်သူမှတရားဝင်မထုတ်ပေးဘူး ”
အချိန်မှာ မနက် ၁ နာရီဝန်းကျင်ခန့်ဖြစ်သည်။ အိပ်နေသူများလည်းရှိသလို စကားကောင်းနေကြ သူများလည်း ရှိသည်။ လမ်းမတွင်ပင် ဖျာခင်းကာနားသူများရှိသကဲ့သို့ အနီးအပါးရှိဆိုင်များမှ ခုံများတွင်ထိုင်နားကာ စကားပြောနေကြသူများလည်းရှိကြသည်။
အဝေးပြေးလမ်းမပေါ်နားသည့်အချိန်တွင် ကားများစက်ရပ်ထားသောကြောင့် အဲကွန်းပါသော ကားများပင် အဲကွန်းမဖွင့်နိုင်ကြ။ ခရီးသွားကားများတွင် စီးနင်းသည့်ခရီးသည်လည်းများသဖြင့် အဲကွန်းမဖွင့်ပါက အနံ့လှောင်နေသည်။ လေမဝသောကြောင့် အဲကွန်းမဖွင့်ထားသည့် အလုံပိတ် ကားအပေါ်တွင် ကြာရှည်နေရန်မှာ ခက်ခဲသည်။ ကားဒရိုင်ဘာနှင့် အကူမှာ ကားနံဘေးတွင်ပင် ဖျာများဖြင့် အိပ်ကာ အနားယူကြသည်။ ခရီးသည်များမှာ အချို့မှာ ကားပေါ်တွင်ပင်ကျန်ခဲ့ပြီး အချို့မှာအောက်ဆင်းကာ မိမိဆန္ဒအလျောက် အနားယူကြသည်။ မနက် ၄ နာရီတွင် ကားပြန် ထွက်မည်ဟု ည ၁၂ နာရီ ကားရပ်နားစဥ်ကတည်းက ယာဥ်အကူဝန်ထမ်းက ကြေညာထားသည်။
ကားပြင်ပတွင်မူ အဝေးပြေးလမ်းမဖြစ်သဖြင့် လေတဖြူးဖြူးတိုက်နေသည်။ ဈေးဆိုင်များမှ မီးရောင်များနှင့် ဆိုင်ထိုင်သူများနှင့်လည်း စည်ကားသည်။ အားလုံးနီးပါးမှာ စားစရာနှင့် သောက်စရာ ရောင်းကြသည့် ဆိုင်များဖြစ်သည်။
အဝေးပြေးလမ်းမတန်း၏ဘေးတွင် မြက်များနှင့် မြေလွတ်အနည်းငယ်ရှိသည်။ ၎င်းဘေးတွင် မြောင်းတစ်ခု ရှိပြီး ထိုမြောင်းဘေးတွင် ဘိလပ်မြေခင်းထားသည့် လမ်းတစ်ခုရှိသေးသည်။ ထိုလမ်းဘက်တွင် အနီ၊ အပြာ၊ အဖြူ မီးရောင်နှင့် မီးသီးအကြီး အသေးတို့နှင့် စည်ကားနေသည်။ အရှေ့တွင် ဆိုင်းဘုတ်အကြီးကြီး တစ်ခုကို ခန့်ညားစွာထောင်ထားသည်၊ “ သန့်စင်ခန်း ” ဟူ၍။ အထဲမှ အမျိုးသမီး၊ အမျိုးသား အဝင်အထွက်များနှင့် စည်ကားနေသည်။ ဘေးပတ်ပတ်လည် တွင်လည်း မီးချောင်းအဖြူများရှိသည့်အပြင် မလှမ်းမကမ်းမှ ဈေးဆိုင်များ၏ မီးရောင်ကြောင့် လည်း ကားများရပ်ထားသည့်နေရာမှ ထိုနေရာသို့သွားရသည်မှာ လင်းလင်းထင်းထင်းရှိသည်။ မိုးရွာထားသောကြောင့် သန့်စင်ခန်းဘက်မှ ဘိလပ်မြေခင်းလမ်းမပေါ်တွင် ရေအနည်းငယ် တင်ကျန်နေသည်။
မနက် ၂ နာရီ ခွဲခန့်တွင် မိုးစက်များကျလာသည်။ မိုးစက်များဖွဲလာသောအခါ လမ်းမပေါ်မှ ဖျာပေါ် အိပ်နေသူများ ထကြရတော့သည်၊ မိုးသည်ရွာသလို မရွာသလိုနှင့် လေမှာငြိမ်နေသည်။
မိုးစက်ကျလာသည်နှင့်တပြိုင်နက် “မိုးရွာလာပြီ....ဆိုင်ထဲမှာမိုးခိုလို့လည်းရပါတယ်၊ အစ်ကိုကြီး ဆိုင်ထဲဝင်ခိုလို့ရတယ်နော်...ထမင်းကြော် ထမင်းသုပ် ရတယ်နော်” ဟုအသက် နှစ်ဆယ်ဝန်းကျင် အမျိုးသမီးငယ် တစ်ဦး အသံစာစာကို ကြားလိုက်ရသည်။
၎င်းတို့ဆိုင်တွင် တာလပတ်မိုးကာ ဝါးစင်နှင့် ပလစတစ်စားပွဲခုံ ထိုင်ခုံများရှိသဖြင့် အဝေးပြး ကားလမ်းမထက်တော့ အမိုးလုံလေလုံဖြစ်သည်။ ၎င်းတို့ဆိုင်သာက ၎င်းတို့ဘေးမှ အကြော်ဆိုင် ထမင်းဆိုင် စသည်တို့မှာလည်း တာလပတ်မိုးများနှင့် ပလစတစ် စားပွဲခုံထိုင်ခုံများနှင့်ပင်။ ထမင်း ဆိုင်များတွင် ထမင်းနှင့် ကြက်သားစသည့်ဟင်းနှင့် တစ်ပွဲ ၂,၅၀၀ ကျပ်ကျသင့်ကာ ဝက်သား ဆိတ်သား စသည်တို့နှင့် တစ်ပွဲ ၃,၀၀၀ နှင့် ၃,၅၀၀ ဝန်းကျင်ခန့် ကျသည်။
မိုးအနည်းငယ်ရွာပြီး ဆဲသွားသည့်အချိန်တွင် ၃ နာရီကျော်ခန့်ရှိပြီ။ ဖျာသည်များသည် ၎င်းတို့ဖျာကို လိုက်သိမ်းနေသည်၊ မိုးရေမစိုစေရန် ထိုဖျာများကို တစ်ချပ်စီထပ်ကာလိပ်၍ ပလစတစ်အိတ်ထဲ ထည့်ပြီး သိမ်းရသည်။ မိုးရွာသဖြင့် ဖျာပေါ်မှ ခရီးသည်များ ကားပေါ် သို့မဟုတ် ဈေးဆိုင်များသို့ ရွှေ့ကုန်ကြသည်။
“ဘာဘားရေ ဂိုးစေပါ့၊ အချွေလပိန် အချွေလပိန် ” ဟုဆိုရင်း ဆာရီဝတ်ထားသည့် ခပ်ပိန်ပိန် အမျိုးသမီးတစ်ဦးသည် ၎င်းလက်ထဲမှ ဖျာများကိုချကာ လမ်းမနံဘေးတွင် ဖျာခင်းအိပ်နေသည့် အရပ် ၁ ပေမှ ၂ ပေကြားရှိသည့် ကလေးတစ်ဦးကို နှိုးနေသည်။
ကလေးငယ်မှာ အုပ်မှုံစုံမွှားနှင့် ထထိုင်ပြီးနောက် မဲ့ရွဲ့ကာ ထိုင်ရာမှမထပေ။ ထိုကလေးထက် ပိုငယ်ပုံရသည့် ကလေးကို ချီကာ ထိုကလေးကိုလည်းလက်ဆွဲရင်း ဖျာသိမ်းကာ အမှောင်ထဲသို့ ထွက်သွားပါသည်။ ကလေးသည် အိပ်ချင်မူးတူးပုံံဖြင့် ငိုသံနှောကာလိုက်သွားရလေသည်။
ထိုကလေးထက် ပိုငယ်ပုံရသည့် ကလေးကို ချီကာ ထိုကလေးကိုလည်း လက်ဆွဲရင်း ဖျာသိမ်းကာ အမှောင်ထဲသို့ ထွက်သွားပါသည်။
အခြားသော ဆာရီဝတ်အမျိုးသမီးအချို့နှင့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး အမျိုးသားလေး အချို့သည် ၎င်းတို့၏ ဖျာများလိုက်လံသိမ်းဆည်းရင်း အိမ်ပြန်ရန်ပြင်ကြသည်။ အချို့ဆိုင်များမှာ ပစ္စည်းများသိမ်းနေပြီဖြစ်။ ၎င်းတို့သည် ည ၁၀ ဝန်းကျင်ကတည်းက ထိုနေရာတွင် ဆိုင်စခင်း ကြခြင်း ဖြစ်သည်။ ကားများမှာ မနက် လေးနာရီ ဆိုလျှင် ထိုနေရာမှထွက်ခွာကြမည်ဖြစ်ပြီး တစ်နေ့လုံး မည်သည့်ကားမျှခေတ္တရပ်နားကြမည်မဟုတ်ပေ။ ၎င်းတို့ဈေးတန်းသည် ရန်ကုန်မြို့ အဝင် ကားလမ်းမဘက်ခြမ်း ၈၄ မိုင်တွင်ရှိသည်၊ ပဲခူးတိုင်းထဲတွင်ပါဝင်သည်ဟု ဈေးရောင်းသူ အမျိုးသားတစ်ဦးက ဆိုသည်။ ၎င်းက ထိုလမ်းမနှင့် အနီးအပါးရွာမှ လာရောက်ရောင်းချခြင်းပင်။ သုံးနာရီခွဲခန့်တွင် လူပါးသည်နှင့်တစ်ပြိုင်နက် ၎င်းဆိုင်လည်း ပိတ်သိမ်းပြီးဖြစ်သည်။
လေးနာရီထိုးရန် မိနစ်အနည်းငယ်အလိုတွင် ရပ်နားထားသည့်ကားများ၏ မီးလုံးများသည် တစ်စီးပြီးတစ်စီးလင်းလာကြကာ ထိုနေရာမှထွက်ခွာကြလေတော့သည်။ ညလယ်ပိုင်းက လင်းထိန် နေသည့် ဈေးဆိုင်များတွင် မီးရောင်များ မတွေ့ရတော့ပေ။