bap-logo
Urban Life

ခေါင်ရည်ဆိုင်

2PBVkVaLk_Kt_pT3h4Js7-image

လွန်ခဲ့သော ၂ နှစ် က

ကရင်နီဒေသ၏ ကားလမ်းမဘေးတစ်နေရာတွင် အမိုးနှင့်အကာကို တာလပတ်ဖြင့်​ဆောက်ထား သည့် ဆိုင်ငယ်လေးတွင် ဝါးစားပွဲနှင့် ထိုင်ခုံများရှိသည်။ ဝါးစားပွဲချည်းသာရှိသော ဝိုင်း​​ပေါ်တွင် ဝက်နှင့် အမဲသားကင်အ​ချောင်းများကို စကာဖြင့်အုပ်၍တင်ထားသည်။ ကြက်ဥပြုတ်နှင့် ခရုဟင်း များကိုလည်း အမြည်းအနေဖြင့်ရနိုင်သည်။

 

ခေါင်ရည်ဆိုင်သည် မနက်မိုးလင်းအ​စောကတည်းကဖွင့်ပြီးဖြစ်သည်။ အမြည်းမှာ နေမမြင့်ခင်တွင် ပန်းကန်ထဲရောက်ပြီး ဇကာဖြင့်အုပ်ပြီးသားပင်။ ခေါင်ရည်တစ်ခွက် ၅၀၀ ကျပ်၊ တစ်အိုးလျှင် ၁၀၀၀ ကျပ် ကျသင့်သည်။  ကိုင်းပါသည့်ကော်ကရားတစ်ခုလျှင် ၂၅၀၀ ကျပ်ဖြစ်သည်။ ထိုကော်ကရားသည် တစ်လီတာရေသန့်ဗူး တစ်ဗူးစာထက်ကျော်သည်ဟု ဆိုင်ရှင်ကဆိုသည်။

 

ရေသန့်ဗူးခွံရှားပါးသည့်အရပ်ဒေသဖြစ်သောကြောင့် ခေါင်ရည်ကို ရေသန့်ဗူးနှင့်ပါဆယ် မရောင်း နိုင်ပေ။ ပါဆယ်ဝယ်လိုပါက မိမိဘာသာရေသန့်ဗူးခွံယူလာရန် ​ခေါင်ရည်ပါဆယ် လာဝယ်သူ လူငယ် နှစ်ဦးကိုဆိုင်ရှင်ကပြောသည်။

 

လူငယ်နှစ်ဦးမှာ ဆိုင်ကယ်တစ်စီးတည်း စီးလာကြပြီး နှစ်ဦးလုံး အသက် ၁၈ နှစ်ဝန်းကျင်ခန့်သာ ရှိပုံရကြသည်။ ​၁၈ သို့ ၂၀ နှစ်မပြည့်​​သေးသူများအား အရက်၊ဆေးလိပ် စသည်မူးယစ်​ဆေးဝါးများ မ​ရောင်းချရဟူ​သောစည်းကမ်းသည် လက်​တွေ့ပြင်ပ မြန်မာနိုင်ငံတွင် အနည်းငယ်မျှပင် အရာ မထင်​ပေ။

 

၁၈ သို့ ၂၀ နှစ် မပြည့်​​သေးသူများအား အရက်၊ဆေးလိပ် စသည်မူးယစ်​ဆေးဝါးများ မ​ရောင်းချရဟူ​သော စည်းကမ်းသည် လက်​တွေ့ပြင်ပ မြန်မာနိုင်ငံ တွင် အနည်းငယ်မျှပင် အရာ မထင်​ပေ။

 

 

ခေါင်ရည်ဆိုင်တွင် Chang Yoma စသည့်ဘီယာများလည်း ရနိုင်သည်။ ထိုအရာများကိုဝယ်ယူရန် အသက်ကန့်သတ်ချက် သို့မဟုတ် အသက်အ​ထောက်အထားအိုင်ဒီ တစ်စုံတစ်ရာမလိုအပ်​ပေ။ Platinum၊ Premier စသည့် အသင့်သောက် ကော်ဖီမစ်ထုပ်များကိုလည်း ချိတ်ဆွဲထားသည်။ ခေါင်ရည်ဆိုင်တွင် အသင့်ဖျော်ကော်ဖီမစ် သို့ အသင့်ဖျော်လက်ဘက်ရည်ထုပ်များလည်းရနိုင်သည်။

  

ကရင်နီဒေသတွင် ကရင်နီ၊ ကယန်း၊ ကယော၊ ကယား စသည်လူမျိုးများအများဆုံးနေထိုင်ကြသည်။

 

ခေါင်ရည်သောက်သည့်ဓလေ့ထွန်းကားသည်။  လသားအရွယ်ကလေးမှစ၍ လူကြီးပိုင်းများအထိ အမျိုးသား အမျိုးသမီးမရွေး ခေါင်ရည်​သောက်သည့်ရိုးရာဓ​လေ့ရှိသည်။

 

ရာသီဥတုပူပြင်းသည့်မြေပြန့်အရပ်တွင် လက်ဖက်ရည်ကြမ်း( ရေနွေး/အခါးရည် ) ကို မှီဝဲကြသည်။ရာသီဥတု အေးသောတောင်ပေါ်အရပ်ဖြစ်သည့် ကရင်နီဒေသတွင် ​ ရေ​နွေးကြမ်းသာမက  ခေါင်ရည် ကိုလည်း  ရာသီဥတုနှင့်ကိုက်ညီသည့် ရိုးရာအစားအစာအဖြစ် မှီဝဲကြသည်။ မြေပြန့်တွင် ထန်းရည် သည် ရိုးရာယမကာဖြစ်ပြီး အမျိုးသမီးနှင့်က​လေးများ​​ ထန်းရည်​သောက်သည့်ဓ​လေ့မရှိ​ပေ။ တောင်​ပေါ်​ဒေသ၏ ရိုးရာအ​ဖျော်ယမကာစာရင်းဝင်လည်းဖြစ်သည့်ခေါင်ရည်ကို​တော့ ဓ​လေ့ထုံးတမ်း အရပင် အမျိုးသား၊ အမျိုးသမီးအပြင်က​လေးများလည်း မှီဝဲကြသည်။

 

ထိုကဲ့သို့ရိုးရာအစားအစာဖြစ်သော်လည်း ခေါင်ရည်ကိုမှီဝဲကြသူများသည် အများအားဖြင့် အမျိုးသားများ ဖြစ်ကြသည်အမျိုးသမီးများသည်ခေါင်ရည်ကို အနည်းငယ်သာသောက်​​လေ့ ရှိကြသည်။ ပုံမှန်အချိန်တွင်သာမက ပွဲ​တော်များတွင်ပင်လျှင် အမျိုးသားများ​​ကဲ့သို့ခေါင်ရည်မ​သောက်ကြ​ပေ။ 

 

“​ခေါင်ရည်မူးရင် မ​ကောင်းဘူးဟု အသက် ၁၅ နှစ်ဝန်းကျင် အမျိုးသမီးလူငယ်တစ်ဦးက​​ပြော သည်။ ၎င်းသည် က​​လေးအရွယ်တွင် အိမ်၌ချက်သည့်​ခေါင်ရည်ကို သောက်သုံး​လေ့ရှိ​သော်လည်း ယခုအသက်အရွယ်တွင် အနည်းငယ်တစ်ငုံနှစ်ငုံမှလွဲ၍ မ​သောက်ဖြစ်​တော့ဟုဆိုသည်။ ၎င်း​၏ ရွယ်တူသူငယ်ချင်းအမျိုးသမီးသည်လည်း ထိုကဲ့သို့ပင် ခေါင်ရည်အနည်းငယ်သာ​သောက်ဖြစ်သည် ဟု ၎င်း၏လက်ညိုးထိပ်နားကို လက်မဖြင့်ဖိပြီး ကျန်သည့်လက်ညိုးထိပ်ပိုင်းမျှပမာဏသာ​သောက်သည်ဟူ​သော လက်အမူအရာကို ပြရင်း​ပြောသည်။ ၎င်းတို့နှစ်ဦးလုံးသည် ကရင်နီ​ဒေသတွင်​နေထိုင်သည့် ရိုမန်ကတ်သလစ်ဘာသာဝင်များ ဖြစ်ကြသည်။

 

ကရင်နီဒေသတွင် ခရစ်ယာန် (ရိုမန်ကတ်သလစ်နှင့် နှစ်ခြင်း)ဘာသာ၊ ဗုဒ္ဓဘာသာ၊ တံခွန်တိုင် နတ်ကိုးကွယ်မှုတို့ကို အဓိကတွေ့ရသည်။ ခေါင်ရည်သောက်ခြင်းဓလေ့အပါအဝင် ဒေသတွင်း ပွဲတော်များသည် ဘာသာရေးမှတဆင့် ဖြစ်ပေါ်လာသည့်ပွဲများဖြစ်ကြသည်။ ခေါင်ရည်သောက်သုံး သည့် အလေ့အထနှင့် ပမာဏအနည်းအများသည်လည်း ကိုးကွယ်သည့် ဘာသာများပေါ်တွင် မူတည်၍လည်း ပြောင်းလဲသွားသည်။

 

​ခေါင်ရည်ဆိုင်သည် အမျိုးသမီးငယ်များအတွက်လည်း ဝင်ထွက်ရခက်သည့်​နေရာမဟုတ်​ပေ။

 

 

သို့​သော်ခေါင်ရည်ဆိုင်ကို အမျိုးသားများသာ အဝင်အထွက်များကြသည်။ ယာထဲမှအပြန်ခေါင် ရည် ဝင်လာ​သောက်ကြသည်။ အလုပ်မှအပြန်​ ခေါင်ရည်ဝင်​သောက်ကြသည်။ မိတ်ဆွေများနှင့် စကား​ပြောရန်​ခေါင်ရည် ဆိုင်သို့​ရောက်လာကြသည်။ အချို့မှာခေါင်ရည်ပါဆယ် ဝယ်ကြသည်။ အချို့မှာ ခေါင်ရည်ဝယ်ရင်း အမြည်းပါတစ်ခါတည်းဝယ်ကြသည်။

 

တစ်ခါတစ်ရံခေါင်ရည်ဆိုင်တွင် ဂစ်တာတီးရင်းသီချင်းဆိုသူများလည်းရှိတတ်ပြီး တစ်ခါတစ်ရံ ဖဲရိုက်​နေကြသူများလည်း ရှိသည်။ခေါင်ရည်ဆိုင်တွင် ရေသန့်ဗူးကြီးတစ်ဗူးမှ ရေရနိုင်ပြီး အချိုရည် တစ်ချို့လည်း​ရောင်းသည်။ လူငယ်အမျိုးသမီးများချည်းသာလျှင်လည်း လာထိုင်တတ်သည်။လူငယ် အမျိုးသမီးနှင့် အမျိုးသားများလည်း အုပ်စုလိုက်လာထိုင်တတ်ကြသည်။

 

​ကရင်နီဒေသရှိစစ်​​ဘေး​ရှောင်စခန်းတစ်ခုတွင် လုပ်အားပေးဆရာမလုပ်နေသည့် အသက် ၂၀ ဝန်းကျင်အရွယ်အမျိုးသမီးသည် ကယားပြည်နယ်တွင်နေထိုင်သည့် ရှမ်းလူမျိုးတစ်ဦးဖြစ်သည်။ သူမတို့ဓလေ့အရ ပွဲတော်ကာလများတွင် ၎င်းတို့အိမ်၌ခေါင်ရည်ချက်သည်။ သူမမှာ ငယ်စဥ် ကတည်းက ခေါင်ရည်၏အနံ့ကို မကြိုက်သောကြောင့်မသောက်ဖြစ်ဟုဆိုသည်။ ဘီယာ ၆ ဘူးခန့် အထိ မမူးဘဲသောက်နိုင်သည့် ထိုလူငယ်အမျိုးသမီးသည် ဒေသအတွင်း ဆေးစိမ်ဟုလည်း ခေါ်ကြသည့် ဓာတုဗေဒအမှုန်များနှင့်လုပ်ထားသည့်အရက်ကို တစ်လီတာဗူး၏ တစ်ဝက်မပြည့်ခင် အထိသာ သောက်နိုင်သည်ဟုဆိုသည်။

 

ထိုခေါင်ရည်ဆိုင်တွင် ယင်းဆေးစိမ် သို့မဟုတ် အရက်မရောင်းပေ။ ခေါင်ရည်သောက်ချင်သူများက ထိုဆိုင်ကိုကြိုက်ကြသည်။ ပလိုင်းလွယ်ထားပြီး ဖုန်တလူးလူးနှင့် ဆိုင်ကယ်ကိုစီးလာပြီး​ခေါင်ရည် ဆိုင်တွင် တစ်ခွက်နှစ်ခွက်ဝင်​​မော့တတ်သည့် အဘိုးအိုအချို့သည်လည်းခေါင်ရည်ဆိုင်၏​ဖောက် သည်များ ဖြစ်သည်။ အချို့၏ပလိုင်းအတွင်းတွင် လယ်ယာသုံးဓား၊ တူရွင်း စသည့်ကိရိယာများ ထည့်ထားတတ်ပြီး အချို့တွင် ဟင်းသီးဟင်းရွက်စသည်တို့ကိုတွေ့ရတတ်သည်။  

 

ပလိုင်းလွယ်ထားပြီး ဖုန်တလူးလူးနှင့် ဆိုင်ကယ်ကို စီးလာပြီး​ခေါင်ရည်ဆိုင်တွင် တစ်ခွက်နှစ်ခွက်ဝင်​​မော့တတ်သည့် အဘိုးအိုအချို့သည်လည်းခေါင်ရည်ဆိုင်၏​ ဖောက်သည်များ ဖြစ်သည်။

 

 

၎င်းတို့နှင့်အတူ အဖွားအိုများ​တော့ မပါလာကြ​ပေ။ ခေါင်ရည်ဆိုင်ကို အဖွားအိုအရွယ်များ အဝင် အထွက် ပြုလေ့မရှိကြပေ။ အဖွားအိုများသည် ဆိုင်ကယ်ပင်မစီးတတ်ကြသည်ကများသည်။ ခေါင်ရည်ဆိုင်သည် လူစည်ကားရာလမ်းတွင်ရှိသဖြင့် ဆိုင်ကယ်စသည့် ယာဥ်တစ်မျိုးမျိုးဖြင့် လာကြသည်ကများသည်။ အဖွားအိုအသက်အရွယ်များကို ခေါင်ရည်ဆိုင်တွင်မတွေ့ရသော်လည်း ချီပိုးထားရသည့်အရွယ်မှစ၍ မူလတန်းအရွယ်အပါအဝင် ကလေးများကို ၎င်းတို့ကို ခေါ်လာသည့် လူကြီးများနှင့် တွေ့ရတတ်သည်။

 

ခေါင်ရည်ဆိုင်သည် တာလပတ်မိုးပြီး တာလပတ်ကာထားကာ ဝါးဖြင့်တည်ဆောက်ထားသော ဆိုင်ငယ်လေးဖြစ်သည်။ အောက်တွင် အထွေအထူးမခင်းဘဲ မြေကြီးသာရှိသည့်အပြင် ခေါင်ရည် ဆိုင်တွင်ဖွင့်ဝင်ရသည့် တံခါးလည်းမရှိပေ။ အမြည်းတောင်းစားတတ်သော တောင်ပေါ်ခွေးများ အတွက်လည်း တံခါးမရှိဓားမရှိ မောင်းထုတ်သူလည်းမရှိပေ။ ဆိုင်ပိတ်လျှင် ဒေသတွင်းအိမ် အများစု ကဲ့သို့ပင် ဝါးလုံးနှစ်လုံး သုံးလုံးခန့်ကာလိုက်သည်၊ အစိမ်းရောင်ပလပ်စတစ်ဇကာဖြင့်ပင် ပြီးသည်။

 

ခေါင်ရည်မူးပါကအိပ်ချင်သည်ဟု ခေါင်ရည်အပါအဝင် ယမကာသောက်သုံးလေ့ရှိသည့်သူအချို့က ခေါင်ရည်၏သဘာဝကိုပြောပြသည်။ အိပ်လိုက်ပါကလည်း အမူးပြေသွားတတ်သည်ဟုဆိုကြသည်။ အသက် ၃၀ ဝန်းကျင်လူငယ်တစ်ဦးသည် ညဘက်ကောင်းစွာအိပ်ပျော်စေချင်လျှင် ခေါင်ရည် တစ်ခွက် ဝယ်သောက်ပြီးအိပ်သည်ဟုဆိုသည်။

 

ကရင်နီဒေသအတွင်းတွင် ခေါင်ရည်ကို ပြောင်းဆန်ဖြင့်ချက်သည်၊ ပြောင်းဆန်က နီသဖြင့် အချဥ်ဖောက်ပြီးထွက်လာသည့် ခေါင်ရည်ကလည်းနီသည်။ လက်နှစ်ဝါးစာခန့်ရှိသည့် ပူပူနွေးနွေး ခေါင်ရည်အိုး အတွင်းတွင် ကြိမ်ပိုက်ထည့်ကာ အိုးလိုက် တစ်ယောက်တစ်လှည့် စုပ်ယူ သောက်၍လည်းရနိုင်သည်၊ ထိုခေါင်ရည်သည် အပူဖြစ်ပြီး အိုးထဲမှအရည်ကုန်ပါက ရေနွေးအဖြူ ရောကာ ဆက်သောက်နိုင်သည်။ ယင်းကိုတော့ ခေါင်ရည်ဆိုင်တွင် မရနိုင်ပေ။  

 

ရှမ်းတောင်ဘက်ခြမ်းနှင့်နီးသည့်ကရင်နီဒေသတွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။ ရှမ်း လူမျိုးများသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ ခေါင်ရည် သောက်ခြင်း ကို အားမပေးပေ။

 

ကယားပြည်နယ် ကရင်နီဒေသတွင် လူမျိုးစုံသည့်အပြင် ကိုးကွယ်သည့်ဘာသာလည်း ကွဲကြသည်။

 

ပွဲ​တော်ကာလများတွင် ​ခေါင်ရည်ချက်ကြသည်။ ခေါင်ရည်ချက်သူအများစုသည် အမျိုးသမီးများ ဖြစ်ကြပြီး ခေါင်ရည်သောက်ကာ ပွဲတော်ဆင်နွှဲသူများသည် အမျိုးသားအများစုဖြစ်သည်။ ပွဲတော် ကာလ မဟုတ်လျှင် အိမ်တွင်ခေါင်ရည်မချက်ကြ၊ ထိုအခါ ခေါင်ရည်ဆိုင်သည် ခေါင်ရည် သောက်ချင်သူများအတွက် အားကိုးစရာဖြစ်လာသည်။ ကရင်နီဒေသတွင် မြေပြန့်ကဲ့သို့ လက်ဘက် ရည်ဆိုင် မပေါများပေ၊ အချင်းချင်းတွေ့ဆုံစကားပြောကြခြင်း၊ အေးဆေးထိုင်ကာ တစ်ခုခု သောက်ကြခြင်း အလေ့အထကို ခေါင်ရည်ဆိုင်တွင် ပြုလုပ်ကြသည်။

 

မြေပြန့်၏ လက်ဘက်ရည်ဆိုင်များတွင်ကဲ့သို့ပင် လူငယ်များတွင် အမျိုးသမီး၊ အမျိုးသား နှစ်မျိုး လုံးကို တွေ့ရပြီး လူကြီးပိုင်းတွင် အမျိုးသားများကိုသာတွေ့ရသည်။လူကြီးပိုင်းအမျိုးသမီးများကို ခေါင်ရည်ဆိုင်တွင် တွေ့ပါကလည်း ၎င်တို့၏ခင်ပွန်း၊ သား၊ သို့မဟုတ် ဆွေမျိုးတစ်ဦးဦးနှင့်အတူ ပါဆယ်ဝယ်နေခြင်းကိုသာတွေ့ရတတ်သည်။

 

နွေရာသီအလယ်တွင် ကရင်နီဒေသ၌ရာသီဥတု ပူပြင်းလာသော်လည်း လေတိုက်သဖြင့် အပူ သက်သာသည်။ တာလပတ်အမိုးအကာများနှင့် ဝါးထိုင်ခုံများဖြင့် ဧည့်ခံသောခေါင်ရည်ဆိုင်သည် တောင်ပေါ်လေကြားတွင် သူ၏ဖောက်သည်များနှင့်အတူ ပိတ်ရက်မရှိသလောက်ဖြင့် လည်ပတ် နေဆဲပင်။  

 

Burma Associated Press

 

ကရင်နီ
ခေါင်ရည်

Share With
bap-logo