Urban Life
စစ်အာဏာသိမ်းမှုအောက်က မြို့ပြအလုပ်သမားများ
လွန်ခဲ့သော ၂ နှစ် က
မေ ၁၀။
စစ်အာဏာသိမ်းပြီး လူထုအုံကြွမှုဖြစ်ပေါ်ပြီးနောက် GTIG ဂရု၏ ဟွာစိန့် စက်ရုံသည် တစ်လ ဝန်းကျင်ခန့် ခေတ္တရပ်နားကာ ပြန်လည်လည်ပတ်ခဲ့သည်။
ထိုသို့ ပြန်လည်လည်ပတ်ချိန်တွင် အချိန်ပိုအတင်းအဓမ္မဆင်းခိုင်းခြင်း၊ ပုံမှန်အလုပ်ချိန်ထက် လွန်ကဲစွာ ခိုင်းစေခြင်းများကို ကျူးလွန်ခဲ့သည်။ ထိုစေခိုင်းမှုကို ငြင်းဆိုသူများအား ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်ခြင်း၊ ခွင့်ရက်များ မပေးခြင်း၊ ကျွမ်းကျင်ကြေးလျှော့ချခြင်း၊ တစ်ရက်စာပြီးဆုံးရမည့် ပမာဏ ကို မတရားမြှင့်တင်ခြင်း၊ လက်လွတ်စပယ်အလုပ်ထုတ်ခြင်း၊ လုပ်ငန်းခွင် မတော်တဆမှုများကို တာဝန်မယူခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့သည်။
အာဏာမသိမ်းမီကတည်းက ထိုသို့အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့ပြီး အာဏာသိမ်း ပြီးနောက်တွင် ပိုမိုဆိုးဝါးလာကြောင်း ရွှေပြည်သာမြို့နယ်စက်မှုဇုန်ရှိ GTIG ဂရု၏ ဟွာစိန့် စက်ရုံအလုပ်သမား သမဂ္ဂအဖွဲ့ဝင်ကိုမင်းနိုင် (အမည်လွှဲ) ကပြောသည်။
၂၀၂၁ လူထုအုံကြွမှုကြီးဖြစ်ပွားပြီး စက်ရုံအလုပ်ရုံများ တစ်လဝန်းကျင်ခန့် ယာယီရပ်နားခဲ့ပြီးနောက် အများစုကဲ့သို့ပင် ဟွာစိန့်စက်ရုံသည်လည်း မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှာဖွေနေသူများပြားပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တဖြည်းဖြည်း ထွက်ခွာလာကြသည်။
ယင်းအပြင် စစ်ကောင်စီသည် ၂၀၂၁ စက်တင်ဘာဝန်းကျင်ကတည်းက လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ် စသည်တို့တွင် ကျူးကျော်အိမ်ထောင်စုများကို နေရာမှအတင်းအဓမ္မ ဖယ်ရှား ပေးခိုင်းခဲ့သည်။ ထို့ကြောင့် ယင်းကာလများတွင် အခြေခံလူတန်းစားများအတွက် အလုပ်အကိုင် ဆုံးရှုံးခြင်း၊ ဝင်ငွေ မရေရာခြင်း၊ နေထိုင်စရာအကြပ်အတည်း ဖြစ်ပေါ်ခြင်းများကို တပြိုင်တည်း ရင်ဆိုင်ကြရသည့် ကာလလည်းဖြစ်သည်။
ထိုအခြေအနေသည် အလုပ်ရှင်များကို အလုပ်သမားအခွင့်အရေး ပိုမိုချိုးဖောက်နိုင်ရန် ထောက်ပံ့ ပေးထားသကဲ့သို့ဖြစ်နေသည်။
၂၀၂၁ မေလအတွင်း စက်ရုံပြန်ဖွင့်ပြီးသည့်နောက်တွင် အလုပ်သမားများသည် တစ်ပတ် ၆ ရက် ညစဥ် ၁၀၊ ၁၁၊ ၁၂ နာရီဝန်းကျင်ခန့်အထိ အချိန်ပိုများကို ရွေးချယ်ခွင့်မရှိဘဲ ဆင်းခဲ့ရသည်။
အလုပ်သမားများသည် တစ်ပတ် ၆ ရက် ညစဥ် ၁၀၊ ၁၁၊ ၁၂ နာရီဝန်းကျင်ခန့်အထိ အချိန်ပိုများကို ရွေးချယ်ခွင့်မရှိဘဲ ဆင်းခဲ့ရသည်။
“၂၀၂၁ နောက်ပိုင်းပိုဆိုးလာတာ” ဟုကိုမင်းနိုင်ကဆိုသည်။
အော်ဒါရသည့်အပေါ်မူတည်၍ အချိန်ပိုဆင်းရသည်။ GTIG ဟွာစိန့်စက်ရုံ၏ Finishing ဌာနတွင် မီးပူတိုက်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ အပြီးသတ်ကြယ်သီးတပ်ခြင်းနှင့် ထုပ်ပိုးခြင်းတို့ စုပေါင်းထားသည်။
Finishing ဌာနနှင့် Line Iron ဌာနတို့ ရှိအလုပ်သမားများသည် စက်ရုံပြန်ဖွင့်ပြီးနောက်ပိုင်း နေ့စဥ် အဓမ္မအချိန်ပိုဆင်းခဲ့ရသည်ဟု GTIG အလုပ်သမား သမဂ္ဂအဖွဲ့ဝင် ကိုမင်းနိုင်က ဆိုသည်။
Cutting ဌာနနှင့် စက်ချုပ်သည့်ဌာနတို့သည် နေ့စဥ်မဟုတ်သော်လည်း အော်ဒါရရှိမှုအပေါ်မူတည်၍ လိုအပ်သလို အချိန်ပိုဆင်းရသည်။
GTIG ဂရုတွင် ဟွာစိန့်၊ ဂလိုရီ၊ ယူအန်ဂျီ၊ အီစတာ၊ ဟူဘို ဟူသည့်အမည်များနှင့် စက်ရုံများရှိသည်။ ကိုမင်းနိုင်တို့စက်ရုံသည် GTIG ဂရု၏ ဟွာစိန့်စက်ရုံဖြစ်သည်။ ကိုမင်းနိုင်တို့ချုပ်နေသည့် အထည်များသည် Primark တံဆိပ်ဖြစ်သည်။
မည်သည့်ဌာနဖြစ်စေကာမူ အလုပ်သမားများအားလုံးသည် နာရီများပြားလွန်းသော အချိန်ပိုဆင်း ခြင်းကို ရွေးချယ်ခွင့်မရှိဘဲ လုပ်ကိုင်ခဲ့ကြရသည်။ အချိန်ပိုဆင်းရန်ငြင်းဆန်ပါက ထိုအလုပ်သမားကို ငြိုးကာ ဖိအားပေးခြင်းပြုလုပ်သည်ဟုဆိုသည်။
ကိုမင်းနိုင်သည် အဝတ်အထည်များကို မီးပူတိုက်သည့်ဌာနတွင် လုပ်ကိုင်ခဲ့ပြီး အချိန်ပိုဆင်းရန် ငြင်းဆန်သောကြောင့် ၎င်းမီးပူတိုက်ပေးနိုင်သည့် ပုံမှန်အထည်ပမာဏထက် နှစ်ဆကျော်တိုးတောင်းခံခဲ့ရသည်။ တိုးတောင်းခံရသည့်ပမာဏအတိုင်း မပေးနိုင်သောအခါ လိုင်းလီဒါ (အလုပ် သမားများကို ကြီးကြပ်သည့်သူ) က ၎င်းအလုပ်လုပ်သည့်နားတွင်ထိုင်ကာ ပွစိပွစိပြော၍ အပြစ်တင်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်သည်ဟုဆိုသည်။
အချိန်ပိုဆင်းရန်ငြင်းဆန်သူတိုင်း ထိုကဲ့သို့ ကျူးလွန်သည်ဟုဆိုသည်။
“ မဆင်းနိုင်ဘူးဆို ခေါ်ပြောခံရတယ်၊ အညိုးခံရတယ်၊ လုပ်ငန်းခွင်နှောက်ယှက်ခံရတယ်” ဟု ၎င်းက ဆိုသည်။
ဌာနအတွင်းတွင် မိမိနေရာ၌အလုပ်လုပ်နေစဥ် လူရှေ့သူရှေ့မရှောင် ဖအေ၊ နှမ မကြားဝံ့မနာသာ လာရောက် ဆဲဆိုခြင်းဖြစ်သည်ဟု ကိုမင်းနိုင်က ရှင်းပြသည်။
အချိန်ပိုသည် အလုပ်သမားဘက်မှ ဆန္ဒရှိမှသာ အလုပ်လုပ်ပေးရသည့်အချိန်ဖြစ်သည်။ အလုပ်ရှင်တွင် အလုပ်သမားတစ်ဦးအား အချိန်ပိုဆင်းပေးပါရန် အတင်းအကြပ်တောင်းဆိုနိုင်သည့် အခွင့်အရေးမရှိပေ။
ထို့အပြင် စက်ရုံများ၌ ပုံမှန်အလုပ်ဆင်းချိန်မှာ အကြမ်းဖျင်းအားဖြင့် မနက် ၈ နာရီမှ ညနေ ၄ နာရီထိဖြစ်သည်။ ညနေ ၄ နာရီခွဲမှ ခြောက်နာရီ သို့ ၇ ဝန်းကျင်အထိအချိန်သည် စက်ရုံဘက်မှ ပုံမှန်အချိန်ပိုခေါ်ခွင့်ရှိသည့်အချိန်ဖြစ်သည်။ ထိုထက်နောက်ကျပါက စက်ရုံအား အချိန်ပိုမတရားခေါ်ခြင်းအတွက် တိုင်ကြားနိုင်သည်။ ည ၇ နောက်ပိုင်းအချိန်ပိုခေါ်ခြင်းသည် အလုပ်သမားများ အိမ်အပြန်နောက်ကျခြင်း၊ လိုင်းကားမရှိတော့ခြင်းများအပါအဝင် ဥပဒေစိုးမိုးမှုအားနည်းသည့် အိမ်အပြန်လမ်း၌ လူမှုရေးပြဿနာများဖြစ်ပွားနိုင်ခြင်း စသည့်အကြပ်အတည်းများကို ကြုံတွေ့ ရနိုင်သည်။ ထို့ကြောင့်အချိန်ပိုဆင်းပြီးပါက အလုပ်သမားများအတွက် ဖယ်ရီစီစဥ်ပေးမှုများ လိုအပ်သည်။ သို့သော် အလုပ်သမားများသည် ဖယ်ရီဝန်ဆောင်မှုလည်းမရပေ၊ စက်ရုံတွင်ပင် အိပ်ကြရသည်။
GTIG စက်ရုံတွင် အချိန်ပိုဆင်းရမည့်ဌာနများမှ အလုပ်သမားများသည် ပုံမှန်အလုပ်ချိန်ပြီးနောက် ညနေ ၄ နာရီခွဲမှ ည ၁၂ နာရီဝန်းကျင်အထိနေ့စဥ် အချိန်ပိုဆင်းကြရသည်။ အထည်ချုပ်စက်ရုံ အလုပ်သမားများအတွက် ပုံမှန်အလုပ်ချိန်သည် တနင်္လာမှသောကြာ ဖြစ်ပြီး စနေနေ့တွင် နေ့တဝက် ဆင်းရကာ တနင်္ဂနွေပိတ်ရက်ဖြစ်သည်။
GTIG စက်ရုံ၏ အချိန်ပိုအလုပ်ဆင်းပေးရသည့်ဌာနများတွင် စနေနေ့၌ ၂၄ နာရီ နီးပါး အလုပ်ဆင်းပေးနေရသည်။ စနေနေ့၌ ပုံမှန်နေ့တစ်ဝက်အလုပ်ချိန် မနက် ၈ နာရီမှ နေ့လည် ၁၂ နာရီပြီးနောက် အချိန်ပိုအဖြစ် နေ့လယ် ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ အလုပ်ဆင်းပေးရသည်။ ထို့အပြင် ညနေ ၅ နာရီမှစတင်ကာ ည ၉ နာရီတွင် နာရီဝက်ခန့် ခဏနားချိန်ရပြီး တစ်ညလုံးအလုပ်ဆင်းရကာ မနက် ၆ နာရီ စက်ရုံတံခါးဖွင့်မှပြန်ခွင့်ရသည်။
နောက်တစ်ရက်သည် တနင်္ဂနွေနေ့ပိတ်ရက်ဖြစ်သဖြင့် နောက်တစ်ရက်မှ တစ်နေကုန်အိပ်ဟု ကိုမင်းနိုင်က စက်ရုံကြီးကြပ်သူများ၏အတွေးကိုပြောသည်။
ထိုနေ့ညစာအတွက် ထမင်းစရိတ် တစ်ဦးလျှင်တစ်ထောင်ကျပ်စီ ပေးသည်ဟုဆိုသည်။ တစ်ထောင်ကျပ်သည် ယခုခေတ်ကာလကဲ့သို့ အထွေထွေကုန်ဈေးနှုန်းတက်နေသည့် အခြေအနေ တွင် မလုံလောက်ပေ။
“ညဘက်တွေအိပ်ချင်တော့ မအိပ်အောင် ကော်ဖီဝယ်သောက်တာနဲ့ကုန်တာပဲ” ဟု ကိုမင်းနိုင်က ပြောသည်။
အလုပ်ပြီးချိန်တွင် စစ်ကောင်စီအမိန့်ထုတ်ထားသော ညမထွက်ရ ကာဖျူးအချိန် ကျော်သွားပြီ ဖြစ်သည်။ စက်ရုံဝန်းတံခါးလည်း ပိတ်ပြီဖြစ်သည်။ စက်ရုံအလုပ်သမား အမျိုးသားများလည်း စက်ရုံတွင်ပင် အိပ်ကြရသည်။ အမျိုးသမီးများသည်လည်း စက်ရုံတွင်ပင် အခန်းတစ်ခန်းယူကာ စုအိပ်ကြရသည်။
ပိတ်ဆို့နေသည့်ရေမြောင်းကြောင့် ခြင်ပေါလှသည်။ ခြင်ကိုက်လွန်းသော်လည်း ၎င်းတို့တွင် အိပ်ရာ၊ခြင်ထောင်မရှိခဲ့ကြပေ။ စက်ရုံသည် ညအိပ်ရသည်အထိအလုပ်ခိုင်းသော်လည်း အလုပ်သမားများ အတွက် ရေချိုးရန်၊ အိပ်ရန်၊ စားရန်စသည့် တစ်ကိုယ်ရေလိုအပ်ချက်အတွက် မည်သည့် အစီအစဥ်မှ မထောက်ပံ့ပေးပေ။ စက်ရုံတံခါးများနှင့် မီးလုံးများသည်လည်း အကုန်ပိတ်ထားပြီး ဖြစ်သည်။ စက်ရုံတံခါးများပိတ်ထားသဖြင့် လေမရသော်လည်း ခြင်ကိုက်လွန်းသောကြောင့် ချုပ်ပြီး သားအထည်များကို ခန္ဓာကိုယ်ပေါ် တင်အိပ်ကြရသည်ဟု ၎င်းကဆိုသည်။
ယင်းဒုက္ခများကို ဖြေရှင်းရာနေရာမရှိခြင်းသည် အလုပ်သမဂ္ဂဖွဲ့၍တောင်းဆိုလှုပ်ရှားရန် ကိုမင်းနိုင် ကို တွန်းပို့ပေးလိုက်သကဲ့သို့ရှိသည်။
အလုပ်ချိန်များလွန်းသောကြောင့် ရက်ကြာလာသည့်အခါ အလုပ်သများများ အလုပ်ပင်ပန်းသည့် ဒဏ်ကို မခံနိုင်ကြတော့ပေ။ ထို့ကြောင့် အလုပ်ဆင်းရန်ငြင်းဆိုသူများ၊ စာရင်းလိမ်ပေးကာ အိမ်ပြန်ကြသူများသည် နောက်တစ်ရက် အလုပ်ဆင်းသည့်အခါ ဆဲဆိုကြိမ်းမောင်းခံကြရပြီး ပြဿနာ အရှာခံကြရသည်။ ထို့အပြင်ထိုသူများအား ကိစ္စသေးသေးလေးများကို အကြောင်းပြု၍ သတိပေးချက် Warning ပေးသည်။ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီမှုစာချုပ် EC အရ သုံးကြိမ် Warning ပေးခံရပါက အလုပ်မှ အလိုအလျှောက် ပြုတ်နိုင်သည်၊ လျော်ကြေးမရဘဲ အလုပ်ဖြုတ်ခံရပြီးဖြစ်သွားနိုင်သည်။
ထိုကာလများတွင် ကိုမင်းနိုင်တို့ စက်ရုံ၌ အလုပ်သမားအခွင့်အရေးအတွက် လှုပ်ရှားမှုများ ရှိခဲ့သော်လည်း သမဂ္ဂအဖြစ် တရားဝင်ဖွဲ့စည်းထားခြင်းမရှိသေးပေ။ အချိန်ပိုအလွန်အကျွံ ခေါ်ယူမှု အပြင် ခွင့်ရက်ခံစားခွင့်နှင့် အခြားသော အလုပ်သမားအခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် ဆက်စပ် ၍ သမဂ္ဂအဖြစ် တရားဝင် ဖွဲ့စည်းဖြစ်ခဲ့ကြသည်။
ထိုသို့သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အချိန်ပိုအလွန်အကျွံခေါ်ယူမှုကိုရပ်တန့်ရန် တောင်းဆိုမှသာ အတင်း အဓမ္မ အလွန်အကျွံ အချိန်ပိုဆင်းရမှုငရဲသည် ရပ်တန့်ခဲ့သည်ဟုဆိုသည်။ သို့ရာတွင် စက်ရုံအတွင်း၌ Leader/Supervisor ကဲ့သို့ အလုပ်သမားကြီးကြပ်သူများသည် အလုပ်သမားအခွင့်အရေး တောင်းဆိုသူများ၊ သမဂ္ဂအဖွဲ့ဝင်များအား ငြိုးကာ ပြဿနာရှာခြင်း လုပ်ငန်းခွင်နှောင့်ယှက်ခြင်း တို့ကို ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်ခဲ့သည်ဟု ၎င်းကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသည်ကို ကိုမင်းနိုင်က ပြောသည်။
သမဂ္ဂအဖြစ် ဖွဲ့စည်းကာ အချိန်ပို အလွန်အကျွံ ခေါ်ယူမှုကို ရပ်တန့်ရန် တောင်းဆိုမှသာ အတင်း အဓမ္မ အလွန်အကျွံ အချိန်ပိုဆင်းရမှု ငရဲသည် ရပ်တန့်ခဲ့သည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီဖွင့်ထားသည့် အလုပ်သမားဝန်ကြီးဌာနများမှ တဆင့် အလုပ်သမားသမဂ္ဂဖွဲ့စည်းရခြင်းသည် စစ်ကောင်စီအား သပိတ်မှောက်ခြင်းနှင့် ဆန့်ကျင် နေသဖြင့် လွယ်ကူသည်တော့မဟုတ်ပေ။
မြို့ပြရှိ စက်ရုံများမှအလုပ်သမားလူတန်းစားအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေး အင်အားစုများဘက်မှ အကာအကွယ်တစ်စုံတစ်ရာပေးနိုင်ရန် လက်လှမ်းမမီသေးပေ။
ကိုမင်းနိုင်တို့သည် အလုပ်သမားများ ခွင့်ရရှိရေး၊ အလုပ်ဖြုတ်ချင်သလိုဖြုတ်ခြင်း စသည့် အလုပ် သမား အခွင့်အရေးနှင့်ပတ်သက်၍ စက်ရုံမှတာဝန်ရှိသူများနှင့်စကားပြောဆိုရာတွင် စက်ရုံဘက်မှ ‘တိုင်ချင်ရာတိုင်’ ဟူသောအသုံးအနှုန်းများသည် ကိုမင်းနိုင်တို့ကို အကြပ်တွေ့စေခဲ့သည်။
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့် စက်ရုံမှတာဝန်ရှိသူလူကြီးများနှင့် ဆွေးနွေးရာတွင် “တိုင်ချင်ရာတိုင် ဗျူဟာမှုုးကိုထိပ်ခေါက်လာတာ” ဟုပြောကာ အလုပ်သမားအခွင့်အရေးကို လိုက်နာရန် ငြင်းဆိုခဲ့ကြောင်း ကိုမင်းနိုင်ကရှင်းပြသည်။
စစ်ကောင်စီစိုးမိုးရာနယ်မြေတွင် အလုပ်သမားများသည် ရွေးချယ်ခွင့်မရှိဘဲ စစ်ကောင်စီ၏ ယန္တရားအတိုင်း လည်ပတ်နေရလျက်ရှိသည်။ ဤသို့ဖြင့် ၂၀၂၂ အစောပိုင်းတွင် ကိုမင်းနိုင်တို့ အလုပ်သမားသမဂ္ဂ အဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနတွင် အသိအမှတ်ပြုလျှောက်လွှာ တင်ခဲ့ကြသည်။ ၂၀၂၂ ဇွန်တွင် အလုပ်သမားသမဂ္ဂတစ်ခုအဖြစ် အသိအမှတ်ပြုကြောင်း စာရခဲ့သည်။
စက်ရုံတွင် အလုပ်သမားသမဂ္ဂပေါ်ပေါက်ပြီးနောက် အတင်းအကြပ်အချိန်ပိုဆင်းခိုင်းခြင်းလည်း ရပ်တန့်ခဲ့သည်။ အချိန်ပိုဆင်းရသည့်အလုပ်သမားများသည် ဆယ့်တစ်လခန့်ကြာ ထိုသို့ အဓမ္မအလုပ် ဆင်းခိုင်းခံခဲ့ကြရသည်။ ကိုမင်းနိုင်တို့သည် အခြားအလုပ်သမား အခွင့်အရေးများကို လည်း တောင်းဆိုမှုများ ပြုလုပ်လာခဲ့သည်။
သို့သော် ဖေဖော်ဝါရီ ၂၀၂၃ တွင် အော်ဒါမရှိဟူသောအကြောင်းပြချက်ဖြင့် စက်ရုံကို ပိတ်သိမ်းခဲ့သည်။
ကိုမင်းနိုင်တို့သည် စက်ရုံပြန်လည်ဖွင့်ပါက လူဟောင်းများကို ဦးစားပေးအဖြစ် ပြန်လည်ခန့်ထားရန် သဘောတူသည့်စာချုပ်ချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း စက်ရုံဘက်က အပြင်းအထန် ငြင်းဆန် ခဲ့သည်ဟု ဆိုသည်။
ဟွာစိန့်စက်ရုံအနေဖြင့် စက်ရုံပြန်ဖွင့်ချိန်တွင် စက်ရုံပိုင်ရှင်အမည်ပြောင်းလျှင်သော်လည်းကောင်း၊ စက်ရုံအမည်ပြောင်းလျှင်သော်လည်းကောင်း လူဟောင်းများကို ပြန်မခန့်နိုင် ဟူသည့်အချက်များကို ထည့်သွင်းသည်။
စက်ရုံ၏ပိုင်ရှင်အမည်နှင့် စက်ရုံအမည်ပြောင်းရန်မှာလွယ်လွန်းသဖြင့် စာချုပ်ချုပ်ရန် ငြင်းလိုက် သည့် နည်းတစ်မျိုးဟု ၎င်းကယူဆသည်။
ကိုမင်းနိုင်တို့သမဂ္ဂသည် Primark ဘရန်းဘက်မှ မြန်မာတာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း စက်ရုံကိုပြောပေးထားမည်ဟုဆိုကာ အကြောင်းမပြန်တော့ဟုဆိုသည်။
ကိုမင်းနိုင်က အလုပ်သမားသမဂ္ဂများအား ဖြုတ်ချပစ်ချင်သောကြောင့် သမဂ္ဂအဖွဲ့ဝင်များကို အလုပ်ထုတ်ချင်သဖြင့် စက်ရုံပိတ်သည့်နည်းသုံးသည်ဟု သံသယရှိကြောင်းပြောသည်။
ဟွာစိန့်စက်ရုံသည် ကိုဗစ်ကာလ စက်ရုံအချို့ပိတ်သိမ်းရချိန်တွင်ပင် အချိန်ပိုဆင်းခဲ့ရလောက်အောင်အော်ဒါတက်သည့်စက်ရုံဖြစ်သောကြောင့် အော်ဒါမရှိဟူသော အကြောင်းပြချက်ကို မဖြစ်နိုင်ဟုသာ ၎င်းကဆိုသည်။
၂၀၂၁ အာဏာသိမ်းမှုကြောင့် စက်ရုံများပိတ်သိမ်းပြီးနောက်ပိုင်းတွင် အလုပ်သမားအခွင့်အရေး ချိုး ဖောက်မှုများ အလွန်မြင့်တက်လာသည်။ ရွှေပြည်သာစက်မှုဇုန်ရှိ အချို့စက်ရုံများသည် အလုပ် သမားများကို အချိန်ပိုအလကား ဆင်းခိုင်းသည်အထိပင်ရှိသည်ဟု ကိုမင်းနိုင်ကပြောသည်။ ၎င်းတို့ စက်ရုံတွင် အလုပ်သမားသမဂ္ဂရှိပြီး အလုပ်သမားအခွင့်အရေး တောင်းဆိုမှုများရှိနေသဖြင့် အခြား စက်ရုံများကဲ့သို့ လုပ်၍မရခဲ့ဟုပြောသည်။ စက်ရုံမှကြီးကြပ်သူများအတွက် ကိုမင်းနိုင်တို့ အလုပ် သမားသမဂ္ဂသည် ဆူးငြောင့်တစ်ခုဖြစ်နေသည်။ “အလုပ်ရှင်တွေက စည်းလုံးတယ်ဗျ” ဟု ကိုမင်းနိုင်က ပြောသည်။
အော်ဒါနှင့် အထည်ချုပ်အလုပ်များကို စက်ရုံမှသတ်မှတ်ထားသည့်ရက်ထက်စောပြီးလျှင် စက်ရုံ ဘက်မှ ဆုကြေးထုတ်ပေးသည်။ ထိုဆုကြေးကို ကြီးကြပ်သူ Supervisor များ၊ Line Leader များက ရာခိုင်နှုန်းအများအပြားရကြပြီး အချိန်ပိုဆင်းကာအထည်ချုပ်ရသည့် အောက်ခြေ အလုပ်သမားများ ရသည့်ဆုကြေးသည် ဆယ်ရာခိုင်နှုန်းပင်မရှိပေ။
အချိန်ပိုဆင်းခိုင်းသည့်ဖြစ်စဥ်သည် စက်ရုံရှင်နှင့် ကြီးကြပ်သူတာဝန်ရှိသူများမှ နိုင်ငံရေးအခြအနေ ယိမ်းယိုင်နေမှုကိုအကြောင်းပြု၍ အောက်ခြေလုပ်သမားအများအပြားအပေါ် ဂုတ်သွေးစုပ်နေသည့် သာဓကများမှ တစ်ခုဖြစ်သည်။
ထိုအခြေအနေကို စစ်ကောင်စီ၏အလုပ်သမားဝန်ကြီးဌာနမှလည်း စိတ်မဝင်စားသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရသည်လည်း တစ်စုံတစ်ရာဆွေးနွေးပြောဆိုခြင်းမရှိသေးပေ။
ရန်ကုန်၌ စစ်အာဏာသိမ်းမှုကိုပုန်ကန်ရန် ဖေဖော်ဝါရီ ၆ ရက် ၂၀၂၁ တွင် ဦးဆောင်ထွက်လာသည့် လူထောင်ချီတွင် အားလုံးနီးပါးမှာ ထမင်းချိုင့်များဆွဲလာသည့် စက်ရုံအလုပ်သမားများဖြစ်ကြသည်။