Urban Life
မော်ချီးရောဂါ
လွန်ခဲ့သော တစ်နှစ် က
ဇူလိုင် ၁၃။
“မော်ချီးရောဂါဆို ကုမရဘူး၊ အကုန်ပြောင်” ဟုကရင်နီဒေသရှိ အမျိုးသမီးငယ်တစ်ဦးက မှတ်ချက် ချသည်။
မော်ချီးရောဂါဟူသည်မှာ ကယားပြည်နယ် မော်ချီးမြို့တွင် ရှိသည့်ခဲတူးသည့် အလုပ်လုပ်ကိုင်ရင်း နှစ်အတန်ကြာတွင် ဒေသခံများ ခံစားလာရပြီး အသက်ဆုံးရှုံးကြရသည့် ရောဂါဖြစ်သည်။
ထိုရောဂါဖြစ်လျှင် အသက်ရှုမဝခြင်း၊ သွေးအန်ခြင်း၊ ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း စသည်အဆုတ်နှင့် သက်ဆိုင်သည့်ရောဂါလက္ခဏာများနှင့် တူသည်။
အဆုတ်ရှိသည့်နေရာသို့ညွှန်ပြကာ ဒီနေရာကဖြစ်တာဟု မော်ချီးရောဂါဖြင့် ဆုံးသွားသည့် ညီတစ်ဦး၏ အကြောင်းကို အသက်ငါးဆယ်ဝန်းကျင်အရွယ် ဒေသခံအမျိုးသားတစ်ဦးဖြစ်သူ ဦးမူးလာ(အမည်လွှဲ) က ပြောပြသည်။
၎င်း၏ညီသည် အသက်နှစ်ဆယ်ဝန်းကျင်မှစတင်၍ မော်ချီးတွင်ခဲတူးခဲ့ရာ သုံးဆယ့်သုံးနှစ် အရွယ်တွင် ရောဂါဖြစ်ကာ သေဆုံးခဲ့သည်။ ၎င်းမသေဆုံးမီ ထိုရောဂါကို ဆေးကုခဲ့ကြရသေးသည်၊ အာဏာသိမ်းမှု မတိုင်မီကတည်းက ဆေးကုခဲ့ရာမပျောက်ဘဲ ယခုနှစ် ၂၀၂၃ တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
မော်ချီးရောဂါဖြစ်ပါက မော်ချီးတွင်ရှာထားသမျှ အားလုံးပြုတ်တတ်သဖြင့် ရှာရသည်နှင့် ရောဂါ ရသည်က မတန်ကြောင်း အမျိုးသမီးငယ်က ဆက်ပြောသည်။ ခဲတူးသည့်အလုပ်သည် အလုပ်ကြမ်းဖြစ်ရာ ထိုအလုပ်ကိုလုပ်ကိုင်သူများသည် အမျိုးသားများဖြစ်သည်။ ခဲတူးရန် မြေကြီးအား မိုင်းဖြင့်ခွဲရခြင်းတို့ကြောင့် ယမ်းအမှုန်အမွှားအမြောက်အများပါဝင်သည့် လေထုကို နေ့စဥ်ရှုရှိုက်ရသည်။ နှစ်အတန်ကြာသည့်အခါ အဆုတ်ထိခိုက်မှုဖြစ်ပွားစေသည်။ အလုပ်သမား များသည် ခဲတူးဖော်သည့် မိုင်းတွင်းများအတွင်းတွင် ယမ်းနှင့်ခဲများကို အကာအကွယ်လုံခြုံရေး ပစ္စည်းမပါဘဲကိုင်တွယ်ရသည်။
ဦးမူးလာသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်က မိုင်းတွင်းတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ၎င်းမိုင်းတွင်း၌ အလုပ်လုပ်သည့်ကာလတွင် ကျောက်တွင်း၌ကျောက်သားကို အချွန်နှင့် တူတို့ဖြင့် ထု၍ခွဲကာ ခဲရှာရသည်ဟု ဆိုသည်။
ထိုကာလများတွင် ခဲဖော်ရာ၌ မိုင်းမသုံးသေးဘဲ လက်ဖြင့်သာ ကျောက်တူနှင့်ထု၍ မိုင်း ရှာသောကြောင့် ခဲနှင့်ယမ်းအမှုန်အမွှားများလည်း ထုထည်များပြားစွာ မထွက်သကဲ့သို့ အသက်ရှုလမ်းကြောင်း ညစ်ညမ်းမှုလည်း မမြင့်တက်သေးပေ။ ထိုကာလများတွင် မော်ချီး ရောဂါသည် နာမည်မကြီးသေးပေ။
ဦးမူးလာတို့ ခဲဖော်သည့်ကာလတွင် တစ်ရက်သုံးထောင်ခန့်ရပြီး တစ်ပတ်လျှင်တစ်ရက် မိမိ ဖော်နိုင်သည့် ခဲများကို မိမိဘာသာယူနိုင်သည်ဟု ဆိုသည်။ တစ်ပတ်တွင် ၆ ရက် နေ့စားအဖြစ် ခဲဖော်သည့် ကုမ္ပဏီများအတွက် လုပ်ကိုင်ရပြီး ကျန်တစ်ရက်တွင်တော့ ရသမျှသည် မိမိအတွက် ချည်းသာ ဖြစ်သည်။ ထိုစနစ်သည် ယနေ့ခေတ်တိုင် ကျင့်သုံးနေဆဲဖြစ်သည်၊ ယနေ့ခေတ်တွင် နေ့စားခမှာ အနည်းဆုံး ၇,၀၀၀ ဝန်းကျင်ခန့်ရသည်ဟု ထိုခဲမိုင်းတွင်းတွင် အလုပ် လုပ်ကိုင်ဖူး သူများက ဆိုကြသည်။
တစ်ပတ်တွင် ၆ ရက် နေ့စားအဖြစ် ခဲဖော်သည့် ကုမ္ပဏီများအတွက် လုပ်ကိုင်ရပြီး ကျန်တစ်ရက်တွင် တော့ ရသမျှသည် မိမိအတွက် ချည်းသာ ဖြစ်သည်။
“သူများတွေ တစ်ပတ်မှာ ၁၀ သိန်းလောက်ရတယ် ကိုယ်ကဘာမှမရဘူး” ဟု မော်ချီးတွင် လေးလခန့် ခဲရှာသည့်အလုပ် လုပ်ကိုင်ခဲ့သည့် အသက်သုံးဆယ်ဝန်းကျင်ခန့်အရွယ် ကိုမူးရယ် (အမည်လွှဲ) က ဆိုသည်။ ခဲတူးသည့်အခါတွင် မိမိဘာသာ ခဲမရှာဖွေတတ်ပါက ကံမသင့်လျှင် မိမိနေ့စားခမှလွဲ၍ ဝင်ငွေမရှိနိုင်ပေ။ ကိုမူးရယ်သည် အသက်နှစ်ဆယ့်ငါးနှစ်ဝန်းကျင်တွင် မော်ချီး၌ ခဲသွားတူးခဲ့ပြီး ၎င်းနှင့်အဆင်မပြေသဖြင့် စောစီးစွာပင် ပြန်လာခဲ့သည်။ မိဘမှ နောက်ခံအရင်းအနှီး တစ်စုံတစ်ရာ မတတ်နိုင်သဖြင့် ကိုမူးရယ် စင်္ကာပူသွားကာ အလုပ်လုပ်ခဲ့သည်။ ခဲတွင်းများတွင် အလုပ်လုပ်ရန် ဆန္ဒမရှိတော့ပေ။
ထို့အပြင် မော်ချီး၌ နေထိုင်စားသောက်စရိတ်ကြီးသည်။ ဒီမော့ဆိုမြို့နယ်တွင် ကြက်ဥပြုတ်တစ်လုံး ၃၀၀ ခန့်ဆိုပါက မော်ချီးတွင် ကြက်ဥပြုတ်တစ်လုံး ၁,၀၀၀ ခန့် ကျသင့်သည်။ ကုန်ကူးသန်း ရောင်းဝယ် စီးဆင်းမှု နည်းပါးသဖြင့် ကုန်ပစ္စည်းရနိုင်သည့်အရပ်နှင့် မော်ချီးသို့ သွားလာရသည့် စရိတ်သည် ကြီးသဖြင့် အစစဈေးကြီးကြောင်း အသက်သုံးဆယ်ကျော်အရွယ် ဒီမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်စတယ်လာက ပြောသည်။
ခရုပြုတ်ရောင်းသည့် ဒေါ်စတယ်လာသည် အစစဈေးကြီးသည့်မော်ချီးတွင် ဒီမော့ဆိုမှ ကုန်ကြမ်း များဝယ်ကာ ဈေးဆိုင်ဖွင့်ရောင်းလျှင် ပိုမြတ်နိုင်သည်ဟု စိတ်ကူးနေသည်။ သို့သော် ဒေါ်စတယ်လာ တကယ်မသွားဖြစ်ပါ။ ဒီမော့ဆိုမှ မော်ချီးသို့သွားလျှင် ဆိုင်ကယ်ဖြင့် ခရီးပြင်းနှင်လျှင်ပင် သုံးနာရီခန့် ကြာသည်။ ပုံမှန်ဆိုလျှင် လေးနာရီကျော်ခန့် ကြာမြင့်နိုင်သည်။ ထို့အပြင် ထိုခရီးအတွက် အသုံးပြုရသည့် ဆီဖိုးမှာလည်း လေးနာရီဝန်းကျင်စာ ဖြစ်သည်။ ဒေါ်စတယ်လာတစ်ယောက် အမြတ်ပိုရချင်သော်လည်း ထိုမော်ချီးမှ ခဲမိုင်းတွင်းဧရိယာများတွင် သွားနေနိုင်ခြင်းမရှိ၊ ထို့ကြောင့် ထိုအရပ်တွင် ဈေးသွားမရောင်းနိုင်ပေ။
မော်ချီးမိုင်းတွင်းများတွင် ခဲတူးသူအများစုမှာ အမျိုးသားများဖြစ်ကြသည်။ အနေအထိုင် အစားအသောက် ဈေးကြီးပြီး ကုန်စည်ရှားပါးသည့် မော်ချီးသည် ကရင်နီဒေသရှိ အမျိုးသား လူငယ်များကြားတွင် ရေပန်းစား နေဆဲပင်။ နိုင်ငံခြားသို့ထွက်ရန် အရင်းအနှီးမရှိခြင်း သို့မဟုတ် ပညာဆက်လက်သင်ကြားရန် မဖြစ်တော့သည့် အမျိုးသားလူငယ်များအတွက် မော်ချီးသည် သူဌေးဖြစ်နိုင်သည့် အခွင့်အရေးရှိသော အရပ်ဖြစ်နေသေးသည်။
ဦးမူးလာသည် ခဲတွင်းတွင် သုံးနှစ်ကျော်ခန့်ကြာသာ အလုပ်လုပ်ပြီး အလုပ်အကိုင်ပြောင်းခဲ့သည်။ ၎င်းခေတ်တွင် မိုင်းဖြင့်ခဲဖော်မှု ခေတ်မစားသေးသောကြောင့်လည်း ယမ်းငွေ့များလွှမ်းသော ညစ်ညမ်းသည့် လေထုကို မကြုံခဲ့ရပေ။
ဦးမူးလာ၏တူ ခဲတူးသမားအဖြစ် အလုပ်လုပ်သည့် လက်ထက်တွင်မူ မော်ချီးမှ ခဲတွင်းများသည် ယမ်းငွေ့ဝေ ပြီဖြစ်သည်။ ၎င်း၏တူသည် မော်ချီးခဲတွင်းတွင် နှစ်အနည်းငယ် အလုပ်လုပ်ပြီးနောက် တိုက်အိမ် ဆောက်နိုင်သည့်အပြင် ဆိုင်ကယ်၊ ကားစသည်တို့နှင့် မိသားစုမှာ ပြည့်ပြည့်စုံစုံ ဖြစ်လာသည်။
အလုပ်လုပ်ပြီး ဆယ်နှစ်ခန့်အကြာတွင်မူ ၎င်းတွင် အဆုတ်ကင်ဆာ ပြင်းထန်အဆင့်ဖြစ်လာသည်။ ကိုဗစ်မတိုင်ခင်ကတည်းက ကုသလာခဲ့ရာ ယခုနှစ်တွင် ဆုံးပါးခဲ့သည်။ ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦး ကျန်ခဲ့သည်။
၎င်းတူသည် ဆွေမျိုးများနှင့်ခွဲထွက်ကာ မော်ချီးတွင် ခဲတူးရာမှ အရင်းအနှီးမလိုဘဲ ငွေကြေး ကြွယ်ဝလာခြင်း ဖြစ်သည်။ သို့သော် မော်ချီးရောဂါဟု ဒေသခံများခေါ်ကြသည့် အဆုတ် ပျက်စီးသည့် အခြေအနေကိုမူ မကျော်လွှားနိုင်ခဲ့ပေ။
မော်ချီးတွင် ခဲတူးသူများသည် မြေအောက်တွင် ခဲတူးရင်း ယမ်းနှင့်မိုင်းနံ့များကို နာရီများစွာ ရှုရှိုက်ကာ အလုပ်လုပ်ရသော်လည်း ယမ်းနံ့များရှုရှိုက်ရခြင်းကို လုပ်ငန်းခွင်အန္တရာယ်အဖြစ် အသိအမှတ်ပြုမခံရပေ။ ထို့ကြောင့် ခဲတွင်းအလုပ်သမားများသည် လုပ်ငန်းခွင်ကာကွယ်ရေး ပစ္စည်းများနှင့် ၎င်းတို့နေ့စဥ် ညစ်ညမ်းသော လေထုကို ရှုရှိုက်နေရခြင်းအတွက် အရေးယူမှု တစ်စုံတစ်ရာ ခံစားခွင့်မရရှိသေးပေ။
အသက် နှစ်ဆယ့်ငါးနှစ်အရွယ် ကိုပေါလ် (အမည်လွှဲ) သည်လည်း မော်ချီးတွင် လေးနှစ်ခန့် ခဲတူးသည့် အတွေ့အကြုံရှိသည်။ ၎င်းမှာ ၎င်းစိတ်ကြိုက် သွားလိုက်နားလိုက်ဖြင့် ခဲတူးသည့် အလုပ်လုပ်ကိုင်သည်။ ၎င်းသည်လည်း မော်ချီးသည် အသက်အန္တရာယ်ရှိသည့် လုပ်ငန်းခွင်အဖြစ် မငြင်းဆိုပေ။ သို့သော် သူဌေး ဖြစ်နိုင်သည့် ဝင်ငွေရနိုင်ရာလမ်းကြောင်း အဖြစ်လည်း အသိအမှတ် ပြုထားသည်။ လက်ရှိ ကရင်နီဒေသတွင် စာဖတ်တတ်ကာ သင်္ချာအပေါင်းအနှုတ်ရသည့် ပညာ အတန်အသင့်တတ်သည့် အရောင်းဝန်ထမ်းတစ်ဦး၏ လစာမှာ နေ့စားငြိမ်း ငါးသောင်းဝန်းကျင်ခန့် ဖြစ်သည်။ မော်ချီးမိုင်းတွင်းမှ အလုပ်သမားများအတွက် တစ်ရက် အနည်းဆုံး ၇,၀၀၀ ကျပ် ဝန်းကျင်သည် ဒေသအတွင်းတွင် မနည်းဟုဆိုနိုင်သည်။
လက်ရှိ ကရင်နီဒေသတွင် စာဖတ်တတ်ကာ သင်္ချာအပေါင်းအနှုတ်ရသည့် ပညာ အတန်အသင့် တတ်သည့် အရောင်းဝန်ထမ်းတစ်ဦး၏ လစာမှာ နေ့စားငြိမ်း ငါးသောင်းဝန်းကျင်ခန့် ဖြစ်သည်။
ကရင်နီဒေသတွင် ထိုလုပ်ငန်းခွင်မှရလာသည့် အဆုတ်အပြင်းအထန်ပျက်စီးသည့် အခြေအနေ အတွက် ကောင်းစွာ ကုသနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုလည်းမရှိပေ။
မော်ချီးတွင် အလုပ်လုပ်သော်လည်း အသက်ရှည်သည့်သူများမှာ ပိုင်ရှင်နှင့် ခဲတူးသည့် မိုင်းတွင်း တွင် နာရီကြာမြင့်စွာ အလုပ်လုပ်ရန်မလိုသည့် ရာထူးကြီးသည့်သူများသာဖြစ်သည်ဟု ဦးမူးလာက ရယ်ရင်း ဆိုသည်။
ခဲရရန် မြေပြင်တွင် အမှန်တကယ်အလုပ်လုပ်ရသည့် အလုပ်သမားများမှာ ၎င်းတို့၏ ကိုယ်ပိုင် ခဲတူးသည့် နေ့တွင် ခဲများများရစေရန် မျှော်လင့်ချက်ဖြင့် ၎င်းတို့၏အဆုတ်များကို အရင်းအနှီး ပြုကြကာ သူဌေးအိပ်မက် မက်ကြသည်။
ကရင်နီပြည်တွင် နွေဦးတော်လှန်ရေးကာလ မတိုင်မီကတည်းက ရှိခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသာမက နွေဦးတော်လှန်ရေးတွင် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်အဖွဲ့များ ရှိကြသည်။ စစ်ကောင်စီသည်လည်း ကရင်နီဒေသတွင် စိုးမိုးထားနိုင်သည့် နယ်မြေများ ရှိဆဲဖြစ်သည်။ ကရင်နီဒေသ၏ သုံးပုံနှစ်ပုံကျော်ခန့်သော ဒေသခံများသည် နေရပ်စွန့်ခွာ ထွက်ပြေး နေရသူများဖြစ်ကြသည်။ နေရပ်စွန့်ခွာ လာရသည်နှင့် အတူ အိမ်၊ လယ်မြေနှင့် လယ်ယာလုပ်ငန်း အလုပ်အကိုင်များကိုလည်း စွန့်ပစ်ခဲ့ကြရသဖြင့် အလုပ်လိုအပ်မှုနှုန်း မြင့်မားလျက်ရှိသည်။
တစ်ရက် နေ့စဥ်လုပ်အားခ အနည်းဆုံး ၇,၀၀၀ ကျပ်ခန့်ရသည့် မော်ချီးမြို့ ခဲတွင်းများတွင် ခဲဖော်ရန် မိုင်းဖြင့် မြေတူးသဖြင့် ထွက်လာသည့် ယမ်းငွေ့ဝေနေဦးမည်ဖြစ်သည်။ ထိုယမ်းငွေ့များကို အနီးကပ် တစ်နေကုန် ရှုရှိုက်ရင်း ခဲလိုအပ်ချက်ဖြည့်ပေးနေသည့် ခဲလုပ်သားများအတွက်မူ လုပ်ငန်းခွင်ကြောင့် ဖြစ်လာသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်နိုင်သည့် အန္တရာယ်သည် ထည့်စဥ်းစားရမည့် အရာဟု မထင်နိုင်ပေ။