Urban Life
ရေပြတ်လပ်မှုနှင့် ကရင်နီစစ်ဘေးရှောင်များ
လွန်ခဲ့သော ၂ နှစ် က
မေ ၄။
ကရင်နီဒေသတွင် ဆိုးရွားသည့် ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည်။
ကျောက်သားပါဝင်မှုမြင့်မားသည့် ကရင်နီဒေသ၏ နေရာတိုင်းတွင် ရေတွင်းတူး၍ရေမထွက်နိုင်ပေ။ သဘာဝ အလျောက်ဖြစ်ပေါ်နေသည့် ရေထွက်ပေါက်များနှင့် ချောင်းရေသည်သာ ရေအရင်းအမြစ် အတွက် အားကိုးရာဖြစ်သည်။
လျှပ်စစ်မီးအဖြတ်မခံရမီက ရေများပြားသည့်ချောင်း သို့မဟုတ် ဆည်မြောင်းများတွင် စက်ဖြင့် ရေစုပ်ယူကာ ပြန်လည်ဖြန့်ဝေ၍အသုံးပြုကြသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသတွင် လက်နက်ကိုင်တော်လှန်ရေး စိုးမိုးချိန်၌ နှစ်ဖက် အတိုက်အခိုက်များကြားတွင် အစိုးရ၏ လျှပ်စစ်မီးဝန်ဆောင်မှုသည်လည်း ပျောက်ကွယ်ခဲ့သည်။ မီးစက်ဖြင့် ရေစုပ်နိုင်သော်လည်း ယခင်လျှပ်စစ်မီးနှင့်စုပ်ယူဖြန့်ဝေသကဲ့သို့ တွက်ချေမကိုက်ပေ။
လျှပ်စစ်မီးရစဥ်တွင် ရွာအလိုက် မိမိတို့အနီးအနားတွင်ရှိသည့် ရေတွင်းမှ ရေစက်ဖြင့် ရေစုပ်ယူ ဖြန့်ဝေနိုင်သည်။ ရေထွက်ကောင်းသည့်အရပ်ဖြစ်ပါက မိမိတို့ခြံအတွင်းတွင်ပင် ရေတွင်းနှင့် ရေစက် ရှိသည်။
“ အိုး.......အရင်ကတော့ ရေဆိုတာခြံထဲမှာပဲရတာ၊ ရေချိုးရင်ရေစက်လေးနဲ့တင် ရေချိုးခန်းလေးနဲ့ ” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ညဥ်းတွားသည်။
“ အိုး.......အရင်ကတော့ ရေဆိုတာခြံထဲမှာပဲရတာ၊ ရေချိုးရင်ရေစက်လေးနဲ့တင် ရေချိုးခန်းလေးနဲ့ ”
ယခင်က အဝတ်လျှော်လျှင် ဆပ်ပြာစိမ်ပြီးသားအား ရေသုံးခါပြန်ဆေးသည်ဟုဆိုသည်။ ထိုမှသာ သန့်စင်သည်ဟု ၎င်းကဆိုသည်။ ယခုမူ ထိုသို့မလုပ်နိုင်သဖြင့် ဆပ်ပြာနည်းနည်းသာသုံးရကြောင်း နှင့် မဟုတ်လျှင် အင်္ကျီဆွေးကြောင်း ၎င်းကဆိုသည်။
ကရင်နီဒေသတွင် ဧပြီနှင့် မေသည် ရာသီဥတုအပူပြင်းဆုံးလဖြစ်သည်။ ထိုအချိန်ကာလသည် ရေအခက်အခဲ အကြုံတွေ့ရဆုံးကာလဟု ဒေသခံများကဆိုကြသည်။
နွေဦးတော်လှန်ရေးကာလတွင် ကရင်နီဒေသ၌စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ခန့်ရှိသည်ဟု Karenni Civil Society Network မှ ထုတ်ပြန်ထားသည်။
စစ်ဘေးရှောင်အများစုသည်လယ်ယာလုပ်ငန်းလုပ်ကိုင်သည့်မြေယာများကိုလည်း စွန့်လွှတ်ထားရ သည်။ ထို့ကြောင့် အလုပ်အကိုင်ရှားပါးမှုနှင့် ဝင်ငွေအကြပ်အတည်းကိုပိုမိုရင်ဆိုင်ရသည်။ စစ်ဘေးရှောင်ဦးရေသည် ကရင်နီဒေသအတွင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည်။ ထိုသူများသည် ရေ ရှားပါးမှု အကြပ်အတည်းကိုလည်း ရင်ဆိုင်ရသည့်အပြင် ငွေကြေးအကြပ်အတည်းကိုလည်း ရင်ဆိုင်ရသည်။
ရွာအတွင်းရေထွက်ရှိလျှင်ပင် ထိုရေကိုသယ်ယူရန်အတွက် ကားခ၊ ဆီဖိုး စသည့် ကုန်ကျစရိတ်များ ရှိသည်။ နွေရာသီတွင်ရေထွက်အများစုသည်လည်း တဖြည်းဖြည်းခန်းခြောက်လာပြီဖြစ်သဖြင့်ဒေသခံများ ရေအခက်အခဲ ပိုမိုကြုံတွေ့ကြသည်။
ဧပြီလလယ်တွင် ကျရောက်သည့် အတာသင်္ကြန်ပွဲတော်သည် ပြီးဆုံးခဲ့ပြီဖြစ်သည်။
ကရင်နီဒေသတွင် သင်္ကြန်ပွဲတော်သည် ယခင်ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေတည်ငြိမ်စဥ် ကပင် မထင်ရှားပေ။ ယခုကာလကဲ့သို့ စစ်ရေးအခြေအနေတင်းမာမှုကြောင့် စစ်ရှောင်ဦးရေ မြင့်တက်လာပြီး ရေအခက်အခဲကြုံတွေ့နေရသောကာလတွင် ရေသဘင်ပွဲဆင်နွှဲရန်မှာ ဒေသခံများ အတွက် ခက်ခဲသောအခြေအနေပေ။ ထို့ကြောင့် နွေကာလရေသဘင်ပွဲတော်သည် အလိုလိုပင် အဝေးရောက်သွားသည်။
ရေသိုလှောင်သည့် ပေပါရေလှောင်ကန်အား တင်ကာရေခပ်သွားသည့် ထော်လာဂျီများ၊ ဂါလံထောင်ချီဆံ့ရေကားနှင့် ရေလှောင်ကန်တင်ထားသည့် ၁၂ ဘီးကားများကို လမ်းမထက်တွင် မကြာခဏ တွေ့နိုင်သည်။ ရေဂါလံတစ်ထောင်ဆံ့ကားတစ်စီးလျှင် ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင် ကျပ်ခန့် ကျသင့်သည်။
ရေဂါလံနှစ်ထောင်အတွက် ၄၅,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိသည်။ ရေထွက်သည့် အရပ်နှင့် ရေမှာယူသည့်နေရာအကွာအဝေးနှင့် လမ်းခရီးပေါ်မူတည်၍ ဆီဖိုးပိုသုံးရသောကြောင့် မှာယူသည့်နေရာပေါ် မူတည်ပြီးဈေးနှုန်းကွာဟသည်။
အချို့ရွာများတွင် ရေထွက်ရှိပြီး ရေဝယ်သုံးရန်မလိုပေ။
ရေထွက်ပေါက်များအပြင် ချောင်း၊ ဆည်မြောင်း စသည်တို့ရှိသော်လည်း ရေပေးဝေရေးစနစ်မရှိ သဖြင့် ၎င်းတို့နှင့်လှမ်းပါက ရေသယ်ယာဉ်ဖြင့် ဂါလံထောင်ချီမှာယူရခြင်းသည်သာ ရွေးချယ်စရာ ဖြစ်သည်။
ယခုကာလတွင် နွေရာသီအပူပြင်းကာ ရေထွက်ပေါက်များ ရေနည်းချိန်ဖြစ်သည်။ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များသည် ရေရှားပါးမှုအခက်အခဲကို ပိုမိုကြုံတွေ့ကြရသည်။ အချို့ရွာများတွင်ရေထွက်ပေါက်ရှိသော်လည်း ရွာခံများကြားတွင်ပင်လောက်ငှမှုမရှိသဖြင့် စစ်ဘေးရှောင်များရေသွားခပ်ယူ၍ မရနိုင်ပေ။
ရေဂါလံတစ်ထောင်ဆံ့ကားတစ်စီးလျှင် ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင် ကျပ်ခန့် ကျသင့်သည်။ ရေဂါလံ နှစ်ထောင်အတွက် ၄၅,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိသည်။
နေထိုင်စရာအခက်အခဲ၊ လယ်ယာမြေများကို စွန့်ခွာလာရသဖြင့် အလုပ်အကိုင်နှင့် ဝင်ငွေ အခက် အခဲကို ရင်ဆိုင်နေကြရပြီးဖြစ်သည့် စစ်ဘေးရှောင်များသည် ရေအကြပ်အတည်းကိုလည်း ရင်ဆိုင်ကြရသည်။
စစ်ဘေးရှောင်စခန်းများတွင် ဘုံပိုင်ရေကန်အနည်းဆုံး တစ်ခုရှိသည်။ အိမ်ထောင်စုတစ်ခုစီ အလိုက် ရေကန်များလည်းရှိသည်။ ကျင်းတူးကာ တာလပတ်ခင်း၍ ဝါးဖြင့်ကပ်ထားသောရေကန်များ ဖြစ် သည်။ ဘုံကန်သို့ရေရောက်ပြီး တစ်အိမ်ထောင်စုလျှင် ဘယ်နှစ်ပုံးနှုန်းစသည်ဖြင့် ခွဲဝေယူကြသည်။ အလှုုရှင်ကို အားကိုးရပြီး အလှုုရှင်ရှိမှသာ ရေရမည့်အခြေအနေဖြစ်သည်။
ကိုယ်ပိုင်အိမ်ထောင်စုပိုင်ရေကန်တွင် ရေဖြည့်နိုင်ရန်မူ ရေကိုဝယ်ယူရသည်။ ရေမဝယ်ယူနိုင်ပါက သုံးရန်ရေမရှိပေ။ ရေရှားပါးသောကြောင့် ဒေသခံများသည် နေ့စဥ်ရေမချိုးနိုင်သကဲ့သို့ အဝတ် အစားလည်း နေ့စဥ်မလဲနိုင်ပေ။
ရွာခံဒေသခံများ၏အိမ်အများစုတွင် အုတ်ဖြင့်လုပ်ထားသည့် ရေသိုလှောင်သည့်ရေကန် အကြီးစား တစ်ခုရှိကြသည်။ မိုးတွင်းကာလတွင် မိုးရေများကိုအိမ်ခေါင်မိုးရေတလျောက်မှတဆင့်စုကာ ရေသိုလှောင် သိမ်းဆည်းရန်အတွက် ဖြစ်သည်။ အချို့ရွာများတွင် Europe Union အမှတ်တံဆိပ်ပါသည့် အုတ်ဖြင့် လုပ်ထားသည့် ရေလှောင်ကန်အကြီးစားကို ဘုံရေကန်အဖြစ်တွေ့ရသည်။ ထုံးဓါတ် ပါ သည့် မြေသားကြောင့် နေရာအများစုတွင် ရေတွင်းမတူးနိုင်သဖြင့် မိုးရေကိုလှောင်သုံးခြင်း ဓလေ့ ထွန်းကားသည်။ နွေရာသီတွင် စစ်ဘေးရှောင်စခန်းများ၌ ရေလိုအပ်ချက်မြင့်မားသည်။ မိုးရွာလျှင် ရေသိုလှောင်နိုင်ရန် ရေလှောင်ကန်များလည်း လိုအပ်ကြသည်။
စစ်ရှောင်စခန်းများတွင် တာလပတ်ကို သစ်သားဖြင့် ကာရံထားသည့်ရေကန်များကို အသုံးပြုကြ သည်။ တာလပတ်များသည် ခြောက်လမှ တစ်နှစ်ဝန်းကျင်ခန့် တာရှည်ခံသည်။ ထို့ကြောင့် မကြာခဏ လဲလှယ်ပေးရန်လိုအပ်သည်။
ကရင်နီဒေသတွင် ထုံးဓါတ်ပါသည့်မြေသားကြောင့် မြေကြီးမှထွက်လာသည့်ရေတွင်လည်း ထုံးဓါတ်ပါသည်။ ထို့ကြောင့် သောက်သုံးရေအခက်အခဲသည် ပိုမိုကြီးမားသည့် အခက်အခဲ ဖြစ်သည်။ ကရင်နီဒေသတွင် သောက်ရေသန့်လီတာ ၂၀ တစ်ဗူး ၁,၅၀၀ ကျပ်ခန့် ကျသင့်သည်။ ယင်းသည်ဒေသခံအများစု တတ်နိုင်သည့် ပမာဏမဟုတ်ပေ။ ထိုရေဗူးများလဲလှယ်နိုင်ရန်မှာလည်း ရွာအတွင်းပိုင်းများအထိသွားလာရန်ခက်ခဲရာ ငွေကြေးတတ်နိုင်လျှင်ပင် ဝယ်ယူရရှိနိုင်ရန်မသေချာပေ။
ထို့ကြောင့် မိုးရေ သို့မဟုတ် ထုံးကျောက်ပါသောရေကို သောက်ရန်သာရှိသည်။ စစ်ရှောင်စခန်း တစ်ခုရှိ အိမ်ထောင်စုတစ်ခုတွင် သောက်ရေကို ဆီ ၅ ဂါလံဆံ့ ပုံးအဝါတွင် ထည့်ကာ သိမ်းဆည်းသောက်သုံးကြသည်။
ကရင်နီဒေသတွင် လမ်းမတောင်ကြောတစ်လျှောက် အုပ်စုလိုက်လျှောက်သွားတတ်သည့် နွားများ သည် လူနေခြံဝင်းများရှိ အဖုံးမရှိသောရေကန်များမှ ရေများကို အငမ်းမရဝင်သောက်တတ်ကြသည်။ အဝတ်အထည်လျှော်ဖွပ်ပြီး ကျန်သည့် ရေများကိုလည်း မြိန်ရေယှက်ရေသောက်ကြသည်။
၎င်းတို့အားနေခွင့်ပြုထားသည့်ရွာမှရေထွက်တွင် ရေသွားယူနိုင်သော်လည်း ထိုနေရာတွင်ရေချိုးခွင့် သုံးခွင့်မရှိဟု စစ်ရှောင်စခန်းတစ်ခုမှ အသက်ငါးဆယ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးက ဆို သည်။
ရေရှားပါးသဖြင့် သစ်ပင်များအုံ့ဆိုင်းမနေနိုင်သည့် ကရင်နီ ဒေသတောင်တန်းပေါ်ရှိ ယာမြေများ တွင် ရေများများပေးရန် လိုအပ်သည့်အပင်များ ရှောင်ကြသည်၊ ကြက်သွန်သည် ရေအများကြီးလိုသောကြောင့် စားဖြစ်ရုံသာ စိုက်ပျိုးကြသည်။ မိုးကျစမေလတွင် မြေပဲစိုက်ကြသည်။ ပြောင်းနှင့် ဖာလာ အများအားဖြင့် စိုက်ပျိုးကြသည်။
မြေပဲစိုက်မည့်ဒေသခံတောင်သူ အမျိုးသမီးသည် မိုးကျပါက မြေပဲအဆင်သင့်စိုက်ပျိုးရန် မြေထွန် မြေပဲခွာလုပ်ပြီးဖြစ်သည်။ ရေပြတ်နေသည့်စစ်ရှောင်များသည်လည်း မိုးမျှော်နေကြသည်။
ပုံ-ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်