bap-logo
Urban Life

မော်တော်ပီကယ်တွေ သောင်းကျန်းနေတဲ့ မြို့ မန္တလေး

ynYvhL4zZ4lIAMdKjQ3gz-image

လွန်ခဲ့သော တစ်နှစ် က

ဇူလိုင် ၁၀။

 

မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေအဖြစ် ကျုံး၊ မြို့ရိုး၊ နန်းတော်၊ တောင်တော်နဲ့ ရုပ်ရှင်တော်ရယ်လို့ အများက ရည်ညွှန်းကြပါတယ်။

 

စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအပြီး နှစ်နှစ်ကြာချိန်မှာတော့ မြို့နဲ့ တွဲမြင်တဲ့ထဲ မော်တော်ပီကယ်လို့ အများခေါ်ကြတဲ့ ယာဥ်ထိန်းရဲတွေပါ ပါလာပါပြီ။ 

 

အာဏာသိမ်းကာလမတိုင်ခင်ကတော့ မန္တလေးက ယာဥ်ထိန်းရဲဆိုတာ လကုန်ရက်နဲ့လဆန်းရက်တွေမှာ လမ်းမပေါ် လှုပ်ရှားမှုအများဆုံးပါ။ တစ်ပတ်ကို တစ်ရက် Surprise check ဆိုပြီး ယာဥ်စည်းကမ်း ထိန်းသိမ်းရေးလှုပ်ရှားကြတာလည်း ရှိတတ်ပါတယ်။

 

စည်းကမ်း မလိုက်နာသူတွေကို ဒဏ်ငွေသုံးသောင်း အနည်းဆုံးမှစ၍ ပေးဆောင်ခိုင်းတယ်ဆိုတာ မန္တလေး မြို့ခံတွေ သိထားကြပါတယ်။ 

 

 

"ဆိုင်ကယ်ဦးထုပ်မဆောင်းရင်၊ လူလိုင်စင်မပါရင် သုံးသောင်းပေါ့။ ယာဥ်လိုင်စင်မပါရင်တော့ ငါးသောင်းပဲ။ လိုင်စင်တွေ သက်တမ်းမတိုးရသေးရင်လည်း သုံးသောင်း တောင်းတယ်။ သူတို့ ဖမ်းတဲ့နေရာမှာ သူတို့ကိုပဲ ဒဏ်ကြေးဆောင်နိုင်ရင် ဆောင်၊ မဟုတ်ရင် ချလံဖြတ်ရင်တော့ တရားရုံးမှာ သူတို့ရုံးချိန်းအတွင်းသွားပြီး တရားသူကြီးရှေ့မှာ ဒဏ်ငွေဆောင်ရတာ။ အများစုကတော့ နေရာတင်ပဲ ဆောင်ကြတာပါပဲ" လို့ ယာဥ်ထိန်းရဲ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ဦးကျော်(အမည်လွှဲ) က ပြောပါတယ်။

 

စက်ဘီး မြို့တော်ကနေ ဆိုင်ကယ်မြို့တော်အဖြစ် ရွေ့လျားလာတဲ့ မန္တလေးရဲ့ လူငယ်တွေဟာ ဆိုင်ကယ် မောင်းတဲ့အခါ လုံခြုံရေးဦးထုပ်ဆောင်းဖို့ ဝန်လေးကြတဲ့အတွက် ယာဥ်ထိန်းရဲတွေရဲ့ ပစ်မှတ် ဖြစ်လာကြပါတယ်။

 

ဒါ့အပြင် အသက် ၁၃ နှစ်လောက်ကစပြီး ဆိုင်ကယ်မောင်းကြပြီဖြစ်လို့ တရားဝင် ယာဥ်မောင်းလိုင်စင် မရှိသေးတဲ့ လူငယ်တွေကို မန္တလေးရဲ့ လမ်းမထက်မှာ အနှံ့အပြား မြင်ရနိုင်ပါသေးတယ်။ ယာဥ်မောင်းလိုင်စင် မရှိသေးတဲ့ အသက် မပြည့်သေးသူတွေကိုတော့ ဒဏ်ကြေး တစ်သိန်းကျပ်အထိ ကောက်ခံတာမျိုးလည်း ရှိပါတယ်။ 

  

"အိမ်က ကလေးက ၁၇ နှစ် ပြည့်ပြီးပြီ။ အာဏာမသိမ်းခင်ကတော့ သူ့ကို လိုင်စင် လုပ်ပေးချင်တယ်။ အခုက လိုင်စင်သွားလုပ်ရင် လာဘ်ထိုးရမှာ၊ မဟုတ်ရင် အချိန်အရမ်းကြာတာ။ ပြီးတော့ နိုင်ငံတော်ဆိုပြီး သူတို့တွေကို ငွေပေးရတာလည်း မသဒ္ဓါဘူး၊ အခုထိ လိုင်စင် မလုပ်ပေးရသေးဘူး။ တစ်ရက် သူအဖမ်းခံရတော့ တစ်သိန်းခွဲနဲ့ လာရွေးခိုင်းတယ်၊ ဆိုင်ကယ်သိမ်းမယ်ဆိုလို့ ညှိနှိုင်းပြီး ငါးသောင်း ဒဏ်ငွေဆောင်ခဲ့ရတယ်" လို့ မြို့ခံမိခင် တစ်ဦးက ပြောပါတယ်။ 

 

လူလိုင်စင်၊ ယာဥ်လိုင်စင် လျှောက်ထားရတဲ့ က.. ရုံးမှာတော့ အရင်ကထက် အဝင်/အထွက် ပိုတင်းကြပ် ထားပါတယ်။ ယာဥ်မောင်းလိုင်စင်အတွက် ကုန်ကျစရိတ်ကလည်း တစ်ဦးနဲ့တစ်ဦး မတူဘဲ၊ အုပ်ချုပ်သူတွေနဲ့ အဆက်အသွယ်ရှိသူတွေကတော့ သတ်မှတ် ငွေကြေးသာပေးရမျိုးရှိနေပါတယ်။

 

အာဏာမသိမ်းခင်ကလည်း လာဘ်စားမှုတွေရှိပေမယ့် ပေါ်ပေါ်ထင်ထင် မလုပ်ကိုင်ဘဲ အာဏာသိမ်းမှုအပြီး မှာတော့ အကျင့်ပျက်ခြစားမှုတွေကတော့ သိသိသာသာ တိုးပွားလာပါပြီ။ 

 

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းမှုကို အကြောင်းပြ စီးပွားဖြစ် အရေးယူမှုတွေကို မန္တလေးမြို့ခံတိုင်း သိပေမဲ့ ထုတ်မပြောရဲတဲ့ အခြေအနေ ရှိနေပါတယ်။

 

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းမှုကို အကြောင်းပြ စီးပွားဖြစ် အရေးယူမှုတွေကို မန္တလေးမြို့ခံတိုင်း သိပေမဲ့ ထုတ်မပြောရဲတဲ့ အခြေအနေ ရှိနေပါတယ်။

 

 

အာဏာသိမ်းမှုအပြီး တစ်နှစ်ကျော်လောက်ထိ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေတဲ့ ယာဥ်ထိန်းရဲတွေဟာ ယနေ့ အချိန်မှာတော့ လမ်းမတွေပေါ် ပြန်တွေ့လာနေရပါပြီ။ အစောင့်အရှောက်အနေနဲ့  လက်နက်ကိုင်ဆောင်ထားတဲ့ ရဲဝန်ထမ်းတွေကိုပါ အတူတကွတွေ့နေရတာပါ။

 

ယခင်နှစ်တွေက ဆိုင်ကယ်မောင်းလာသူကို လှမ်းဆွဲရာကနေ သေဆုံးမှုဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ အခုတော့ လှမ်းဆွဲတာမျိုးမဟုတ်တော့ဘဲ သေနတ်နဲ့ချိန်ပြီး ရပ်ခိုင်းတာမျိုးအထိ ရှိလာပြီလို့ မြို့ခံတွေကဆိုပါတယ်။

  

အရင်က ၁၉ လမ်း၊ လမ်း ၃၀၊ ၃၅ လမ်း၊ သိပ္ပံလမ်း၊ မြဝတီမင်းကြီးလမ်း စတဲ့ လူစည်ကားတဲ့ လမ်းမတွေရဲ့ မီးပွိုင့်ပတ်ပတ်လည်မှာ လှုပ်ရှားတတ်ကြတဲ့ ယာဉ်ထိန်းရဲတွေဟာ အခုတော့ ဗျူဟာပြောင်းလဲကြပါပြီ။ လမ်းသွယ်လေးတွေကို သုံးခုဆက်တိုက် အင်အားဖြန့်ကြက်ပြီး စောင့်နေကြလို့ လမ်းမတွေကို ရှောင်လာသူ တွေက သူတို့ရဲ့ သားကောင်တွေဖြစ်လာခဲ့ပါတယ်။

 

"တက္ကသိုလ်နား ၆၈×၄၀/၄၁ ဆိုတာ လမ်းသွယ်လေးတွေ အများကြီးကပ်လျက်ရှိတဲ့နေရာ။ အခုဆို ယာဥ်ထိန်းရဲ တွေထက် ရိုးရိုးရဲတွေ ပိုသုံးလာကြတယ်။ သေနတ်တွေနဲ့ မမြင်ကွယ်ရာမှာ ပုန်းစောင့်ပြီး လာမှ ထွက်ဖမ်းကြ တော့တာ" လို့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။ 

  

"အရင်ကတော့ ဒီလောက်မဆိုးဘူး၊ ဦးသိန်းစိန်လက်ထက်တုန်းကတောင် ဦးထုပ်မပါတဲ့သူဆို ဒဏ်ငွေရိုက်ပြီး ဦးထုပ်တွေဘာတွေ ပေးလိုက်ကြသေးတာ။ အခုကတော့ လာထားဒဏ်ကြေး ဆိုတာချည်းပဲ"

 

"အရင်ကတော့ ဒီလောက်မဆိုးဘူး၊ ဦးသိန်းစိန်လက်ထက် တုန်းကတောင် ဦးထုပ်မပါတဲ့သူဆို ဒဏ်ငွေရိုက်ပြီး ဦးထုပ်တွေဘာတွေ ပေးလိုက်ကြသေးတာ။ အခုကတော့ လာထားဒဏ်ကြေး ဆိုတာချည်းပဲ"

 

 

ဒဏ်ကြေးငွေတွေကိုလည်း ဝေပုံကျပြန်လည်ခွဲယူကြကြောင်း နီးစပ်သူတွေထံက သိရပါတယ်။

 

"၂၆လမ်း၊ ၅၈ လမ်းဆိုတာ မီးပွိုင့်တပ်တာ မကြာသေးဘူး။ လမ်းလေးခွဆုံမှာ သံလမ်း ကန့်လန့်ဖြတ် ရှိနေတော့ လမ်းခြောက်ခွ ဖြစ်နေတာ။ မီးပွိုင့်ခြောက်ခု ဖြစ်နေတာပေါ့။ သံလမ်းဘေးက လာတဲ့သူအတွက် ရပ်မျဥ်းတွေ ဘာတွေလည်းမရှိဘူး

  

လူသွားလာမပြတ်တဲ့ ဒီလမ်းဆုံကတော့ ယာဥ်ထိန်းရဲတွေအတွက် ငွေထုပ်ကြီးလိုကို ဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ 

 

"လမ်းလေးကလည်းကျဥ်းတော့ သေချာဂရုစိုက်ပြီးကို ကြည့်တာ။ မော်တော်ပီကယ်တွေလည်း မြင်နေတော့ သေချာကိုကြည့်ကူးတာ။ အဲဒါကို မီးနီဖြတ်တယ်၊ မီးပွိုင့်မှားကြည့်တယ်ဆိုပြီး မော်တော်ပီကယ်မက ဇွတ်တားပြီး လိုင်စင်ယူသွားတာ။ ကျွန်မကလည်း ပြောပြတာကို သေနတ်နဲ့ ခြိမ်းခြောက်တယ်။ cctv တွေ ရှိတယ်ဆိုပြီးပြောတော့ အဲ့ cctv နဲ့ ကြည့်ပါလို့ပြောတာကို အချိန်ကုန်တယ် ဝတ္တရားနှောင့်ယှက်မှု ထပ်တိုးရလိမ့်မယ်၊ အခုဒဏ်ကြေးပဲ ဆောင်လိုက်၊ မဟုတ်ရင် ဆိုင်ကယ်သိမ်းမယ် ပြောတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

ဒဏ်ကြေးသုံးသောင်း ဆောင်ရမယ်လို့ဆိုပြီး ခြိမ်းခြောက်နေတဲ့ မော်တော်ပီကယ်အမျိုးသမီးရဲ့ စွပ်စွဲအရေးယူ မှုကို သေနတ်ကိုင် ရဲတစ်ဦးအပါအဝင် အရပ်ဝတ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလို့ ထင်ရသူ အသက်ငါးဆယ် လောက် အမျိုးသားကပါ ပါဝင်ထောက်ခံခဲ့တာလို့ သူက ပြန်ပြောပြပါတယ်။ 

 

"ကျွန်မအဖေက ပြည်ထဲရေးက အငြိမ်းစားအရာရှိတစ်ဦးပါ၊ ပုံမှန်ဆိုအိမ်ကိုမပြောဖြစ်ပေမဲ့ ဒီတစ်ခါက ကျွန်မလည်းမှားမနေလို့ လှမ်းပြောဖြစ်တော့ အဖေကဖုန်းထဲကနေ ခေါင်းဆောင်ဖြစ်သူနဲ့ ပြောခဲ့တာ။ ကျွန်တော် ညှိပေးမယ်ဆိုပြီး ဖုန်းချပြီး ကျွန်မကို တစ်ဝက်ပဲဆောင်ပါလို့ ပြောတယ်။ စာအုပ်ဖိုးနဲ့ဆီဖိုးဆိုပြီး တစ်သောင်းပဲ ယူလာခဲ့တာပြောပြတော့ တစ်သောင်းပဲ ငါ့ကိုပေးခဲ့လိုက်ဆိုပြီး အဲဒီခေါင်းဆောင်ဆိုတဲ့လူက သူ့အိပ်ကပ်ထဲ ထည့်လိုက်တယ်

 

အဲဒီအမျိုးသမီးနဲ့တစ်ချိန်တည်း ဖိအားပေးဒဏ်ကြေးဆောင်ရသူ လေးဦးလည်း ရှိနေခဲ့ပါတယ်။ ဒဏ်ငွေ ခေါင်းစဥ်တပ်ထားတဲ့ ငွေကြေးတွေကတော့ ဝန်ထမ်းတွေရဲ့ ပိုက်ဆံအိတ်ထဲကို တိုက်ရိုက်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ 

 

ဝတ်စုံပြည့်ရဲဝန်ထမ်းတွေလည်း ပါသလို အရပ်ဝတ်ဝန်ထမ်းတွေလည်း အတူတကွပါဝင်လာကြတာကို မေလ နောက်ဆုံးအပတ်တွေမှာ တွေ့လာရပါတယ်။ ၃၅ လမ်းတလျှောက် ၆၃ နဲ့ ၆၄ လမ်းတွေမှာ ရှောင်စရာ လမ်းသွယ်မရှိတဲ့အတွက် ဖမ်းဆီးမှုတွေက မြင့်တက်လာနေပါတယ်။ ၆၃ လမ်း ၃၅ လမ်းပေါ်မှာရှိတဲ့ Cover Garden ဖုန်းအပိုပစ္စည်းဆိုင်ဘေး ကွမ်းယာဆိုင်ဟာ အရပ်ဝတ်နဲ့ ရဲတွေ စခန်းချရာဖြစ်ပြီး ပစ်မှတ်ရောက်လာတဲ့ အချိန်မှာမှ ထလာပြီး တားတတ်ကြပါတယ်။ 

 

"အဲဒီနေ့က မနက်စာစားပြီးအပြန် ကိုယ့်ဆိုင်ကယ်ကို လူနှစ်ယောက် ပြေးလာပြီးတားတယ်။ ကိုယ်ကလည်း နေ့ခင်းကြီး လုတယ်ယက်တယ်ထင်တာနဲ့ အရှိန်တင်ဖို့လုပ်တာကို ပစ္စတို ထုတ်ပြီးတားတယ်၊ တစ်ယောက် ကတော့ ဝေါ်ကီတော်ကီနဲ့၊ ပြီးမှသိရတာ တားစစ်ကြတာတဲ့လေ၊ ကံဆိုးချင်တော့ လိုင်စင်က နည်းနည်းစွန်းနေ တာကို ဇွတ်တွေဒဏ်တပ်တာခံလိုက်ရတယ် တစ်သောင်းပေးခဲ့ရတယ်ဗျ" လို့ အနီးအနားနေ ပြည်သူက သူကြုံတွေ့ခဲ့ရပုံကို ပြန်ပြောပြပါတယ်။

 

လက်ရှိဖမ်းဆီးရေးလှုပ်ရှားမှုတွေမှာ ရဲဘက်ဝန်ထမ်းတွေသာမက အရပ်သားတွေကပါ အားကြိုးမာန်တက် ပါဝင်နေကြတာကို တွေ့လာရပါတယ်။ အစိုးရဝန်ထမ်းလည်း မဟုတ်၊ ယာဥ်ထိန်းရဲလည်း မဟုတ်ပေမဲ့ စစ်ကောင်စီထောက်ခံသူအရပ်သားတွေကပါ ဖမ်းဆီးအရေးယူမှုတွေမှာ ပါဝင်လာတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။

 

 

"ခင်ဗျားတို့ ဒီမှာ ကျုပ်တို့ကိုဆောင်သွားရင် သုံးသောင်းပဲကုန်မယ်၊ ချလံဖြတ်မှ တရားသူကြီး ရှေ့ရောက်သွားရင် ပြစ်မှုအလိုက် တစ်သိန်းထိဆောင်ရနိုင်တယ်။ ကိုယ်ရေးမှတ်တမ်းမှာလည်း ရာဇဝတ်မှုတိုးသွားမယ်။ အဲဒီတော့ ဒီမှာပဲရှင်းသွားလိုက် အလုပ်ရှုပ်မခံနဲ့၊ ကျုပ်တို့လည်း ချလံရေးရတာ ရှုပ်တယ်" လို့ ၃၅ လမ်းတဝိုက် ကျင်လည်နေတဲ့အဖွဲ့ခေါင်းဆောင်က ခြိမ်းခြောက်စကား ပြောနေတယ်လို့လည်း  ကိုယ်တိုင်ကြုံခဲ့ရသူတွေထံက သိရပါတယ်။

 

ငွေပါမလာသူတွေကို အိမ်ပြန်ယူခိုင်းတာ၊ အိမ်ကိုငွေလာပို့ခိုင်းတာမျိုးတွေ ရှိတတ်ပေမဲ့ ချလံဖြတ်ပေးဖို့ အရေး ကိုတော့ လက်တွန့်တတ်ကြပါတယ်။

 

"ကျွန်တော်က ယာဥ်မောင်း '' လိုင်စင်လျှောက်ထားတာ၊ လိုင်စင်အဟောင်းက ကညနရုံးက သိမ်းသွားတာ။ အရင်ဟာကို ဓာတ်ပုံလေးတော့ရိုက်ထားတယ်။ ရုံးကလူတွေကလည်း လိုင်စင် လျှောက်ထားဆဲဆိုပြီး ပုံရိုက် ထားဖို့ပြောတယ်။ အဲဒီရက်က ဖြစ်ချင်တော့ ကျွန်တော်ကလမ်းထိပ်ကို ဈေးဝယ်သွားတာ၊ လမ်းအကွယ်လေး ကနေ ပြေးလာပြီးဖမ်းတာလို့ လုံခြုံရေးဦးထုပ်ဆောင်းမထားသူ ကိုရန်(အမည်လွှဲ) က ၃၅ လမ်း၊ ၆၃လမ်းမှာ သူကြုံတွေ့ခဲ့ရပုံကို ပြောပြလာပါတယ်။ 

 

"ဦးထုပ်မပါတော့ ဒဏ်ငွေဆောင်ရမှာပဲလေ၊ တစ်သောင်းခွဲပဲပါတော့ အိမ်ပြန်ယူခိုင်းတယ်။ ညှိလို့ မရဘူးပေါ့ဗျာ။ အဲဒီကျတရားရုံးမှာသွားဆောင်လည်း သုံးသောင်းပဲ မထူးဘူးမို့ ချလန်ပဲ ဖြတ်ခိုင်းလိုက်တာ။ သူတို့ကိုတော့ သုံးသောင်းမပေးချင်ဘူးလေ။ အစက ယာဥ်ထိန်းရဲမေက လာနားချသေးတယ်။ ကျွန်တော်ဇနီးက ရတယ်ချလန်ပဲ ဖြတ်လိုက်ပါဆိုတာကနေ အချေအတင် ဖြစ်သေးတယ်။ နောက်ကျ ချလန်ဖြတ်တော့ အမျိုးသမီးကပြန်စစ်တာ ဦးထုပ်မဆောင်းတဲ့အမှုအပြင် အမှုတွေပါထပ်တိုးထားသေးတာ။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ပုံပေါ့၊ ကျွန်တော် ယောက္ခမတွေဆီ လှမ်းပြောတော့မှ အရာထမ်းတွေဖြစ်နေလို့ ချလန်ပြန်သိမ်းသွားတယ်။ စောစောထဲက မပြောလို့ ဆိုပြီး ရန်လုပ်သေးတယ်ဗျလို့ သူက ပြောပါတယ်။

 

ယာဥ်မောင်းလိုင်စင်ရုံးကတောင် သက်တမ်းတိုးဆဲကာလတွေအတွက် သက်သေပြနိုင်ရင် ရတယ်လို့ ပြောတဲ့ အချိန်မှာ ယာဥ်ထိန်းရဲတွေကတော့ လက်မခံနိုင်တဲ့ပုံပါပဲ။ အရင်ကတော့ အဖမ်းခံရတဲ့အချိန် ငွေတစ်သောင်း ကျပ် လက်ထဲထည့်ပေးလိုက်ရုံနဲ့ ပြီးသွားပေမဲ့ အခုချိန်မှာတော့ သုံးသောင်းမှမရရင် အိမ်မပြန်ခိုင်းဘူးလို့ တွေးထားတဲ့ပုံပါပဲ။

 

ယာဥ်မောင်းလိုင်စင်ရုံးကတောင် သက်တမ်းတိုးဆဲ ကာလတွေ အတွက် သက်သေ ပြနိုင်ရင် ရတယ်လို့ ပြောတဲ့ အချိန်မှာ ယာဥ်ထိန်းရဲတွေကတော့ လက်မခံနိုင်တဲ့ပုံပါပဲ။

 

 

ပစ်မှတ်ထားခံရတဲ့ပြည်သူအများစုကတော့ Auto motor ဖြစ်ကြတဲ့ click, scoophy စတဲ့ ဘီးအမျိုးအစား မောင်းနှင်သူတွေဖြစ်ပါတယ်။ ငွေကြေးရှိသူလို့ ယူဆရသူတွေကို ပစ်မှတ် ထားတာမျိုးလည်း ရှိနေပါတယ်။

 

မန္တလေးမြို့မှာ မီးပွိုင့်တိုင်းအချက်မပြတာတော့ အတော်လေးကြာခဲ့ပြီ။ ဒါပေမဲ့ လမ်းမတွေထက်မှာ နေ့တိုင်းဖမ်းဆီးငွေညှစ်နေတဲ့ ယာဥ်ထိန်းရဲတွေကတော့ ရှိနေပါတယ်။

 

Burma Associated Press

မန္တလေး
ယာဉ်ထိန်းရဲ

Share With
bap-logo