bap-logo
Editorial

ခြေလှမ်းတို့အား သတိရှိပါ

SSAnbrrX1_EpibdTBb5u7-image

လွန်ခဲ့သော ၂ နှစ် က

 

အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘာသိကြေညာပြီးပါမှ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားနိုင်မည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

တွေ့ဆုံဆွေးနွေးရေးဟုဆိုရာတွင်လည်း စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် အခြားသော နိုင်ငံ ရေးသမားများကို ဆွဲထုတ်၍သာ ဆွေးနွေးလိုဟန်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများကို ထည့်သွင်းလိုဟန် မပြခဲ့ပါ။

 

တွေ့ဆုံဆွေးနွေးရေးဟု ဆိုလာချိန်နှင့် တစ်ဆက်တည်း၌ စစ်ကောင်စီသည် အခြားတစ်ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်များကို လူမျိုးရေးနှင့် ဘာသာရေးခွဲခြားလိုဟန် ထုတ်ပြောကြားလာခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ရေးတင်းမာနေခြင်းသည် ကေအိုင်အေ၏ အားပေးနေခြင်းကြောင့်ဟု ဆို၍ ဗမာများသည် တိုင်းရင်းသားနှင့် ကိုးကွယ်မှုမတူညီသူတို့ကြောင့် အချင်းချင်းတိုက်ခိုက်နေရကြောင်း ဗမာနှင့် တိုင်းရင်းသား ခွဲခြား ဆက်ဆံခြင်းအသုံးအနှုန်းကို သိသာထင်ရှားစွာ အလေးအနက်ပြု၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့အတူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းအတွက် လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို တိကျသေချာစွာ ထည့်သွင်းပြောကြားခြင်း မရှိပါ။ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များကို ဝိသမလောဘသားများအဖြစ် စွပ်စွဲပြစ်တင်သွားပြီး ဘဏ်အချို့ကို သစ္စာမဲ့သူများ အဖြစ် စွပ်စွဲသွားသည်။

 

လပေါင်းများစွာ ပြုလုပ်ခဲ့ခြင်းမရှိသော စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက်၌ ပြုလုပ်ခဲ့ရာမှ မြင်‌တွေ့ရသည်များကို သုံးသပ်ကြည့်ပါက စစ်ကောင်စီသည် ဘက်ပေါင်းစုံမှ နိုင်ငံရေးဖိအားများကို ရင်ဆိုင်ဖြေရှင်းနေရကြောင်း သိသိသာသာ မြင်ရပေသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအခန်းကဏ္ဍများကို ကိုင်တွယ် ဖြေရှင်းနိုင်မည့် အခြေအနေကောင်းများ စစ်ကောင်စီ၌ ရှိမနေတော့သည်ကို ထင်ရှားစွာတွေ့လာရသည်။

 

စစ်ရေးတွင် တိုက်ပွဲများသည် ယင်းတို့နေထိုင်ရာ နေပြည်တော်အနီးထိတိုင် ရောက်လာသည်ကို တွေ့ရ၏။ ပြည်တွင်း ပြည်ပအင်အားနှင့် နွေဦးတော်လှန်ရေး၏ ဖိနှိပ်တိုက်ခိုက်မှု အင်အားတွင် အရေးနိမ့် ခုံလှုပ်လာမှုကို စစ်ကောင်စီအနေဖြင့် ကောင်းစွာသိလာပုံရသည်။ အထူးသဖြင့် ယင်းတို့ ကြုံရသည်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ခံရမှုဖြစ်သည်။

 

ထိုအခြေအနေများရှိလာရာတွင် စစ်ကောင်စီသည် တွေ့ဆုံဆွေးနွေးရေးအတွက် လေသံပစ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများကို ချော့တစ်ခါခြောက်တစ်လှည့် မျက်နှာပေးအမျိုးမျိုးဖြင့် စည်းရုံးခြင်း၊ ဗမာနှင့် တိုင်းရင်းသားများအကြား လူမျိုးရေး၊ ဘာသာရေးဖြင့် သွေးခွဲခြင်းနှင့် စီးပွားရေးလုပ်ငန်းများအား ဖိနှိပ်ခြင်း သည့်ပုံစံများဖြင့် ယင်းတို့၏ နိုင်ငံရေးထွက်ရပ်လမ်းအား ခင်းကျင်းလာသည်ကို တွေ့ရသည်။

 

ထိုသို့အခြေအနေတွင် တော်လှန်အင်အားစုများသည် မိမိတို့အချင်းချင်းအကြား စည်းလုံးညီညွတ်ခြင်းကို အင်အား တစ်ရပ်အဖြစ် တည်ထောင်ထားရန်နှင့် ထိန်းသိမ်းထားရန် လိုအပ်ပါသည်။

 

စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များသည် စစ်ရေးနှင့် နိုင်ငံရေးနည်းနာများသာမဟုတ်ဘဲ အလွန်ကောက်ကျစ်ယုတ် မာ၍ ရက်စက်သော မည်သည့်နည်းနာကိုမဆို အသုံးပြုမည်သာဖြစ်သည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို လေး စားလိုက်နာခြင်း မရှိသော စစ်ကောင်စီ၏ ခြေလှမ်းများကို သတိပြုဆင်ခြင်သင့်ပါကြောင်း တိုက်တွန်းရပါသည်။

 

Burma Associated Press

 

 

စစ်ကောင်စီ
သတင်းစာရှင်းလင်းပွဲ
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
ရွေးကောက်ပွဲ

Share With
bap-logo