bap-logo
Editorial

အကျိုးအကြောင်းတို့ လားရာ

hEwwxdjHOCSr_fMH4qNQ1-image

လွန်ခဲ့သော ၂ နှစ် က

ပြည်သူ့ကာကွယ်ရေးတပ်များ ပေါ်ပေါက်လာရခြင်း၏ မူလရည်ရွယ်ရင်းသည် အာဏာရှင်စစ်ကောင်စီကို ခုခံ တွန်းလှန်ရန်ဖြစ်သည်။ လက်နက်ဖြင့် အနိုင်ကျင့် ဖိနှိပ်သော စစ်ကောင်စီနှင့် သူ့အားထောက်ခံသူများ၏ အန္တရာယ်မှ ကာကွယ်ရန်ဖြစ်သည်။

 

အခြားတစ်ဖက်တွင် ထိုသို့ လက်နက်ကိုင်အစုအဖွဲ့အဖြစ် တည်ထောင်လာသည့်အခါ မလိုလားအပ်သော ဘေး ထွက်ဆိုးကျိုးများလည်း ရှိလာတတ်သည်။ လက်နက်အားကိုး၍ ကိုယ်ကျိုးရှာခြင်း၊ ဩဇာအာဏာပြခြင်း နှင့် စစ် ရေးအရ အနိုင်ရလိုဇောကြောင့် စစ်ရေးရာဇဝတ်မှုများ ကျူးလွန်မိခြင်းတို့ဖြစ်သည်။

 

ယခုရက်ပိုင်းအတွင်း မုံရွာ၌ဖြစ်ခဲ့သော နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်မိခင် သတ်ဖြတ်ခံရမှု အဖြစ်အပျက်သည် စိတ်မသက်သာစရာကိစ္စဖြစ်ပြီး အများပြည်သူ၏ ဘဝမလုံခြုံမှု စိုးရိမ်စိတ်ကိုကြီးထွားစေခဲ့သည်။ ထိုဖြစ်စဉ် သည် တော်လှန်ရေးကာလအတွင်း ပထမဆုံးဖြစ်စဉ် မဟုတ်ပါ။ လက်နက်အားကိုး၍ အများပြည်သူကို ဩဇာ ပြခြင်း၊ မှားယွင်းသတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ခြင်းများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။

 

ထိုသို့သောအခြေအနေများနှင့် နွေဦးတော်လှန်ရေးအား လက်နက်ဖြင့်ပုံဖျက်နေသော အကြမ်းဖက်ရမ်းကားသူ လူဆိုး၊ လူမိုက်၊ လူရမ်းကားတို့၏ ရန်မှ အများပြည်သူ လုံခြုံအေးငြိမ်းရန်သည် ခုခံတွန်းလှန်စစ်အတွက် ဦး ဆောင်ကြေညာထားသူ အမျိုးသားညီညွတ်ရေးအစိုးရတွင် တာဝန်ရှိမည်ဖြစ်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ခုခံတွန်းလှန်စစ်ဦးဆောင်မှုတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်း သား လက်နက်ကိုင်အစုအဖွဲ့များ စစ်ရေးအရပူးပေါင်းပါဝင်ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေး အစိုးရသည် စစ်ရေးအရစုစည်းထားနိုင်ရေးနှင့် စစ်ရေးအရ နည်းဗျူဟာချခြင်း၊ စစ်ရေးစီမံခန့်ခွဲခြင်းများကို ကျွမ်း ကျင်လိမ္မာစွာ ချမှတ်နိုင်ရန် လိုအပ်ပါမည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ရေးဥပဒေများ၊ လိုက်နာဆောင်ရွက်ရမည့် မူဝါဒများနှင့် စည်းမျဉ်း စည်းကမ်းများကို ချမှတ်ပြီးဖြစ်ပါမည်။ ထိုချမှတ်ထားသည်များသည် စာရွက်ပေါ်တွင် ရှိရမည်မ ဟုတ်သလို နိုင်ငံတကာအသိုင်းအဝန်းကို ထုတ်ပြရန်ထားရှိရသည့် စာရွက်စာတမ်းများမဟုတ်ပါ။ အသက်ဝင်ရန်နှင့် အမှန်တ ကယ်အလုပ်ဖြစ်ရန် လိုက်နာရမည့်ကိစ္စများဖြစ်ပါသည်။

 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိုသို့သောအကြောင်းများကို စည်းနှောင်မထားနိုင်ပါက တော်လှန် ရေး၏ မူလရည်ရွယ်ရင်းကို ပျက်ပြားစေရန် စစ်ကောင်စီနှင့် စစ်ကောင်စီနောက်လိုက်အစုအဖွဲ့များက ပုံဖျက်၍ အင်အား လျော့စေလိုခြင်းကို ဖေးမကူညီသကဲ့သို့ဖြစ်ပေမည်။ ထိုအခြေအနေများထက်ပိုမိုဆိုးဝါးစေမည်မှာ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များအပေါ် အယုံအကြည်ပျက်၍ ထောက်ခံမှုကျဆင်းစေခြင်းဖြစ်သည်။

 

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် အဆင့်ဆင့်အမိန့်နာခံတတ်မှုကို ပီ ပြင် စွာတည်ဆောက်နိုင်ရမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်နိုင်မှသာ ပြည်သူ့ကာကွယ်တပ်များ၏ စစ်စည်းကမ်း များကို ပီပြင်စွာထိန်းသိမ်းနိုင်မည်။

 

ထိုသို့ ထိန်းသိမ်းနိုင်ပါမှ လက်နက်ကိုင်အစုအဖွဲ့အကြားဖြစ်တတ်သော အမှားကျူးလွန်မှုများကို ထိန်းချုပ် ကိုင် တွယ်နိုင်မည်။ တော်လှန်ရေးအတွက် အင်အားများကို ကျစ်လစ်စွာစုစည်းနိုင်မည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံတည်ဆောက်ရေးအချိန်၌ ဖြေရှင်းရမည့် မလိုလားအပ်သည့် ပြဿနာများနည်းပါးစေ၍ လက်နက် ဖျက် သိမ်းရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်မည်။ ထို့ကြောင့် ကောင်းမွန်သော ဉာဏ်အမြော်အမြင်ဖြင့် ယှဉ်သည့် စစ်ရေးနည်းနာကို စဉ်းစားသင့်ပါကြောင်းတိုက်တွန်းရပါသည်။

 

Burma Associated Press

အာဏာသိမ်းမှု

Share With
bap-logo