bap-logo
Editorial

အာဏာရှင်အမူအကျင့် ဘုရားရေး ခုတုံး

9s2ZiiY1_JBxlhIgMr1VV-image

လွန်ခဲ့သော ၂ နှစ် က

ဘာသာရေးနှင့် နိုင်ငံရေးရောထွေခြင်းမပြုရန် ဗိုလ်ချုပ်အောင်ဆန်းက သတိပေးခဲ့ဖူးသည်။ သို့သော်လည်း မြန်မာ့ နိုင်ငံရေးဖြစ်စဉ် သမိုင်းတစ်ခုလုံး၌ ဘာသာရေးနှင့်နိုင်ငံရေး ရောထွေးခြင်း ခံခဲ့ရသည်မှာ သက်ဦးစံပိုင်ခေတ်ကတည်းက ဖြစ်သည်။ အမျိုးဘာသာ သာသနာကို စောင့်ရှောက်သည့်မင်း၊ သာသနာပြုမင်းအဖြစ် ကိုယ့်ကိုယ်ကို ပုံဖော်ခဲ့ကြသည်။ ဘုရားတည်၊ ကျောင်းဆောက်၊ သာသနာပိုင်ခန့်အပ်ဖြင့် ဘာသာရေးကိစ္စများကို ရှေ့တန်းတင် ဟန်ပြ၍ မင်းကျင့်တရားဖောက်ဖျက် လူသတ်၊ စစ်တိုက်ခဲ့ကြသည့် မင်းပေါင်းများစွာ မြန်မာ့သမိုင်းတွင် ရှိခဲ့သည်။ ယင်းတို့ကျူးလွန်သော ပြစ်မှုများနှင့် သမိုင်းကြောင်း အစွန်းအထင်းပုံရိပ်ဆိုးများကို ဘုရားဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာ သာသနာပြု မင်းသူတော်ကောင်းအဖြစ် ဟန်ဆောင်၍ ပုံရိပ်ကောင်း တည်ဆောက်ခဲ့ကြသည်။

 

လွတ်လပ်ရေးရပြီးကာလအဆက်ဆက်မှ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလအထိ အုပ်ချုပ်ရေးနေရာကို ယူခဲ့ကြ သူများသည်လည်း ရွေးကောက်ခံအစိုးရရော၊ အာဏာရှင်အစိုးရများပါ ဘုရားတည်၊ ကျောင်းဆောက် ရဟန်း ဒကာခံ၍ သာသနာပြုမင်းအဖြစ် ဘိသိတ်ခံလိုခဲ့ကြသည်သာဖြစ်၏။ နိုင်ငံရေးကိစ္စတွင် ဘာသာရေးကိစ္စကို ရှေ့ တန်းတင် စဉ်းစား၊ ဦးစားပေးခဲ့ကြ၍ အတူတကွယှဉ်တွဲနေထိုင်ကြသော စုံလင်ကွဲပြားသည့် ဘာသာရေး၊ လူမျိုး ရေးကွဲပြားမှုများအကြား နိုင်ငံရေးပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ယနေ့နိုင်ငံရေးပြဿနာများအထိ အကျိုးဆက် သက်ရောက်နေမြဲ ဖြစ်သည်။

 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဝင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အတိုက်အခံအစုအဖွဲ့၏ ထိုး နှက်ခြင်းကို ကာကွယ်ရန် အရည်အသွေးပြည့်သည့် အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကို ရွေးချယ်ခဲ့ခြင်း မပြုခဲ့ပါ။ ယင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့် လူ့အခွင့်အရေးအရ စဉ်းစားခြင်း ဟုတ်ပါဘဲ နိုင်ငံရေးအရ၊ ဘာသာရေးအရ ရှေ့တန်းတင် စဉ်းစားခဲ့ခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းမှုအပြီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီချုပ်အစိုးရလက်ထက်တွင် ဗုဒ္ဓဘာသာသည် ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာဝင်များ ကိုယ်စိတ်ဆင်းရဲခဲ့ကြရကြောင်း အထောက်အထား အကိုးအ ကားမဲ့စကား ပြောကြားခဲ့သည်။ ယင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကိုထိပါးပြီး နိုင်ငံရေး ဩဇာအာဏာ အတွက် ဘာသာရေးကို ချနင်းခြင်းသာဖြစ်သည်။

 

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို ငွေကြေးမြောက်မြားစွာ အကုန်အကျခံ၍ တည်ထားပြီး ၎င်းကျူးလွန်ခဲ့သော သတ်ဖြတ်မှုအပေါင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ချိုးဖောက်မှုများကို ခဝါချရန် ကြိုးပမ်းလာပြန်သည်။ ဘုရားအနေကဇာတင်ခြင်းနှင့် ရုပ်ထုကို လူအများက ဖူးမျှော်ရန် လာရောက်ကြသည်ဆိုသော ပုံရိပ်များကို ဖန်တီးပြသ၍ လူထုကိုအယုံသွင်းရန် ကြိုးပမ်းနေပြန်သည်။

 

တစ်ဖက်တွင် စီးပွားရေးနှင့် စားဝတ်နေရေးကျပ်တည်းနေသော အများပြည်သူသည် ဘာသာတရားကို ကျင့်ကြံ အားထုတ်သည်ထက် လာဘ်လာဘအကျိုးအတွက် ဆည်းကပ်ခြင်း၊ အကျပ်အတည်းများပြေလည်စေရန် ကိုးကွယ် ခြင်း စသဖြင့် ကိုးကွယ်ယုံကြည်မှု လမ်းလွဲခြင်းများလည်းရှိလာခဲ့သည်။ ထိုသို့ ကိုးကွယ်ယုံကြည်မှု လမ်းလွဲလာ သည်နှင့် ဘာသာရေးအားခုတုံးလုပ်၍ စီးပွားရှာသူများအတွက် အခွင့်အလမ်းဖြစ်လာခဲ့သည်။

 

ယင်း၏နောက် ဆက်တွဲအနေဖြင့် လူမှုကျင့်ဝတ်များ ကျိုးပေါက်လာပြီး အခြားသော ကိုးကွယ်ယုံကြည်မှုများအပေါ် ထိပါးလာစော်ကားခြင်းများ ဖြစ်လာခဲ့သည်။

 

လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုတွင် မိမိကိုးကွယ်ရာဘာသာတရားအပေါ် မေးခွန်းထုတ်ခြင်း၊ ဆန်းစစ်ခြင်း၊ မှတ် ကျောက်တင်ခြင်း၊ ဝေဖန်ခြင်းနှင့် သာသနာ့ဝန်ထမ်းများ၏ အပြုအမူနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခြင်း နည်းလမ်းတစ်ခုခုဖြင့် ဝေဖန်တင်ပြခြင်းကိုလည်း ပြုလုပ်လေ့ရှိပါသည်။

 

ဗုဒ္ဓဘာသာအပါအဝင် ကိုးကွယ်ယုံကြည်မှုများသော ဘာသာတရားကြီးများသည် ဘာသာတရားအပေါ် ဝေဖန်ခွင့်နှင့် မေးခွန်းထုတ်ခွင့် ပေးထားပြီးဖြစ်သည်။ သို့သော်လည်း အာဏာရှင်များသည် ဘာသာတရားများကို လျစ်လျူရှု၍ ယင်းတို့ကသာ ဘာသာတရားကို ထိန်းသိမ်းသည့်ဟန်ဖြင့် ပုံဖော်လေ့ရှိကြသည်။ ဖမ်းဆီးအရေးယူခြင်းများကို ပြုမူတတ်ကြသည်။ မကြာမီရက်ပိုင်းအတွင်းက သာသနာညိုးနွမ်းစေမှုဖြင့် အွန်လိုင်းတွင် လွှင့်တင်ခဲ့သော ရုပ်ရှင် ကား ပါဝင်သူများအား စစ်ကောင်စီက အရေးယူခဲ့မှုသည် အထင်အရှားဖြစ်သည်။ ဟိုယခင်ကလည်း ထိုကဲ့သို့ အရေးယူခဲ့ဖူးသော သာဓကများရှိခဲ့ပါသည်။

 

ထိုအချက်များသည် နိုင်ငံရေးနှင့် ဘာသာရေးကို ရောထွေးစေခြင်း၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့် လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးခြင်းများဖြစ်သည်။ ထိုသို့ ရောထွေးခြင်း၊ ထိပါးခြင်းသည် နိုင်ငံရေး အသာ ရစေရန် ဘာသာရေးကို အသုံးချခြင်းကြောင့်ဖြစ်သည်။

 

ယင်းကဲ့သို့ အသုံးချခြင်း၊ နိုင်ငံရေးနှင့် ဘာသာရေးကို ရောထွေးစဉ်းစားခြင်းသည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တည်ဆောက်ခြင်းကို ထိပါးစေကြောင်းနှင့် အာဏာရှင်များ၏ လက်သုံးအမူအကျင့်ဖြစ်ကြောင်း သတိပြုအပ်ပါ သည်။

 

Burma Associated Press

စစ်ကောင်စီ
ရုပ်တု

Share With
bap-logo