bap-logo
Politics

လမ်းလျှောက်ပွဲနဲ့ သံဃာတော် ကြိုဆိုပွဲရှိတယ်လို့ဆိုပြီး MNDAA ကို ဆန္ဒပြဖို့ ​တောင်ကြီး အုပ်ချုပ်​ရေးမှူး​တွေ လူစု

Y4HOZhkwcsXuE7o7Q32Ni-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၁၂။

 

တောင်ကြီးမြို့ပေါ်ရပ်ကွက်တွေမှာ လမ်းလျှောက်ပွဲရှိတယ်၊ မန္တလေးကသံဃာတော်တွေ ကြိုဆိုပွဲရှိတယ်ဆိုပြီး  ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လိမ်လည်ကာ  လူစုနေတယ်လို့မြို့ခံတွေက ပြောပါတယ်။

 

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ကို ကန့်ကွက်ဖို့ ဆန္ဒ​​ပြစုရပ်ကို တစ်အိမ်တစ်ယောက်တက်ရောက်ဖို့ ဖိအားပေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

 

"​လမ်းလျှောက်ပွဲ ခေါ်တဲ့အချိန်က နေ့လည် ၁၂ နာရီ၊ သေချာမေးတော့လည်း ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်၊ နယ်မြေမှူးတွေက သေချာမသိဘူး၊ ရမ်းသမ်းပြောတယ်၊ မအားတဲ့ အိမ်ဆို လူငှားထည့်ဖို့ပြောတယ်"လို့ မြို့ပေါ်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

 

မြို့ပေါ်ရပ်ကွက်တွေက ရပ်ကွက်ရုံးတွေမှာ စုရပ်အဖြစ်ထားရှိကာ မြို့နယ်ကျောက်တိုင် ကွင်းကို လမ်းလျှောက်သွားကြပြီး၊ကျောက်တိုင်ကွင်းကနေ စုဠာမုနိ ဘုရားကို ကားနဲ့ သွားရောက်ရမယ်ဆိုပြီး ဖိအားပေးနေတယ်လို့ တောင်ကြီးမြို့ခံတွေဆီက သိရပါတယ်။

 

တောင်ကြီးမြို့နယ်အတွင်းက အချို့ကျေးရွာတွေမှာ ကန့်ကွက် ဆန္ဒပြရန် ပအိုဝ်း ပြည်သူ့စစ်များက တစ်အိမ်တစ်ယောက် မဖြစ်မနေ လာရောက်ဖို့နဲ့ မလာရောက်သူတွေကို ပြစ်ဒဏ်ချမှတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။

 

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေးသမား အမည်ခံတစ်ထောင်ကျော်က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကို မနေ့က ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

 

ရန်ကုန်မြို့ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲကလုံခြုံရေးယူပေးခဲ့တယ်လို့ အနီးနားမှာ ရှိနေသူတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အများသိ ပျံ့နှံ့လာခဲ့တဲ့ ဘုရားစေတီ တစ်ဆူကို လက်နက်ကိုင်တစ်ဦးက တူနဲ့ထုရိုက် ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင်ပျံနှံ့လာတာကို အခွင့်ရေးယူဖို့၊ ဘာသာရေးပြသနာ မီးမွှေးနေတာလို့ ပြည်သူအချင်းချင်း အသိပေးထားကြပါတယ်။

 

လောက်ကိုင် ပွိုင့် ၂၂၀၂တောင် ကုန်းပေါ်က စေတီကို MNDAAတပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ထုပြီး ဖျက်ဆီးနေတဲ့ တပ်သားကို အရေးယူအပြစ်ပေးမှာဖြစ်ပြီး ဒီလိုလုပ်တာဟာ MNDAA ကအမိန့်ပေးတာမဟုတ်ဘူးလို့ အသိပေးထုတ်ပြန်ပါတယ်။

 

" ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ကား ကောင်းတွေ ပေးထားတယ်၊ သံဃာတော်တွေ လိုက်ပါရမယ်ဆိုပြီး ခေါ်နေတာ နေရာစုံဖိအားပေးနေကြတာ သူတို့ကို အားပေးသူများတယ်ပေါ့၊ တောင်ကြီးမြို့ကအသုံးချခံနေကြရတာ" လို့ မြို့ခံတဦးက ပြောပါတယ်။

 

တောင်ကြီးမြို့ ဆန္ဒပြမယ့်သူတွေထဲမှာ မန္တလေးနဲ့ရန်ကုန်မြို့က မဘသအဖွဲ့နဲ့ အမျိုးသားဝါဒီအမည်ခံတွေ လာရာက်ကြမှာဖြစ်ပြီး၊ လူထု ဆန္ဒပြပွဲပုံစံ ဖြစ်ပေါ်ရေး ပုံဖော်နေတာလို့ မြို့ခံအချို့က သုံးသပ်ကြပါတယ်။

 

Burma Associated Press

တောင်ကြီး
ဆန္ဒပြပွဲ
ကိုးကန့်တပ်

Share With
bap-logo