Editorial
ကျွဲကူးရေပါ တည်ဆောက်ရမည့် အကျင့်ကောင်းများ
လွန်ခဲ့သော ၂ နှစ် က
ဘဏ္ဍာရေး စီမံခန့်ခွဲမှုသည် မိသားစုတစ်စုမှ နိုင်ငံတစ်ခု အတိုင်းအတာထိ အရေးပါသောကိစ္စဖြစ်သည်။ ထိုစီမံ ခန့်ခွဲမှုများတွင် ဘဏ္ဍာငွေရှာဖွေရေး၊ ထိန်းသိမ်းရေး၊ သုံးစွဲရေး၊ တိုးပွားရေးနှင့် ပွင့်လင်းမြင်သာ ရှိရေးတို့သည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်။
ထိုကြောင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ငွေကြေး သုံးစွဲနိုင် ပုံများ အစရှိသည့် နည်းနာနိဿယများကို သတ်မှတ်ပြဌာန်း ရေးဆွဲကြရသည်။ ထိုအတိုင်း လေးစားလိုက်နာ ကြရသည်။ ကျင့်သုံးရသည်။
တစ်စုံတရာ အငြင်းပွားဖွယ်ရာများ ရှိခဲ့ပါက ချမှတ်ထားသည့် နည်းနာများဖြင့် စီမံဆောင်ရွက်ကြရသည်။ ငွေကြေးအလွဲသုံးစားခြင်း ကိစ္စရပ်များ မဖြစ်ပေါ်စေရန်လည်း ကာကွယ်နိုင်သည်။ အများပြည်သူ၏ ယုံကြည် ကိုးစားမှုများကို ရရှိနိုင်သည်။
နွေဦးတော်လှန်ရေး လှုပ်ရှားမှုများအတွက် တော်လှန်ရေးရန်ပုံငွေ ရရှိရေးသည် အလွန်အရေးပါသည်။ တော်လှန် ရေး အောင်ကြောင်းအတွက် လုံလောက်သော ငွေကြေးသုံးစွဲရန်လည်း လိုအပ်သည်။
နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရရှိရန် အမျိုးသားညီညွတ်ရေးအစိုးရက အခွန်ကောက်ခြင်း၊ ငွေကြေး စာချုပ် ရောင်းခြင်း၊ ထီရောင်းခြင်း၊ အိမ်ခြံမြေကဲ့သို့ မရွေ့ပြောင်းနိုင်သော ပစ္စည်းများ ရောင်းချခြင်းနှင့် အလှူငွေ ကောက်ခံခြင်း စသည့်နည်းလမ်းများဖြင့် ရှာဖွေသည်။
အခြားသော တော်လှန်ရေးအင်အားစုများကလည်း ဈေးရောင်းချခြင်း၊ Click to Donate ကဲ့သို့ အိုင်စီတီ နည်းပညာအခြေပြု ဝင်ငွေရှာခြင်း၊ အလှူခံခြင်း၊ မဲရောင်းချခြင်း စသည့်နည်းလမ်းများကို အသုံးပြု၍ ရန်ပုံငွေ ရှာဖွေကြသည်။
ထို့အတူ အများပြည်သူကလည်း ဆိုခဲ့ပြီးသည့် နည်းလမ်းများတွင် နိုင်ရာဝန်ကိုထမ်း၍ ပါဝင်ကြသည့်အပြင် လစဉ်ကြေးစနစ်ဖြင့် အလှူငွေများကို ပုံမှန်ထည့်ဝင်၍လည်း ပါဝင်နေကြသည်။ ထိုသို့ ပါဝင်နေကြခြင်းသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ခု တည်ထောင်နိုင်ကြရန်ဖြစ်သည်။
ထိုသို့ ရန်ပုံငွေထည့်ဝင် ထောက်ပံ့ကြသည် ဆိုသည်မှာလည်း လွယ်လင့်တကူ မဟုတ်ပါဘဲ အန္တရာယ် အမျိုးမျိုး အခက်အခဲအသွယ်သွယ်အကြား ပင်ပန်းဆင်းရဲခံ၍ ပါဝင်ကြရခြင်းဖြစ်သည်။ တော်လှန်ရေး ရန်ပုံငွေ ထောက်ပံ့ ၍ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း၊ လုပ်ငန်းများဆုံးရှုံးခြင်းနှင့် တိမ်းရှောင်ရခြင်းများကို ကြုံတွေ့ကြရသည်။
ထိုသို့အခြေအနေများအကြားတွင် တော်လှန်ရေးရန်ပုံငွေများကို အလွဲသုံးစားပြုကြောင်းနှင့် ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုကြောင်း သတင်းများ ထွက်ပေါ်လာတတ်သည်။ ထိုသို့သတင်းများ ထွက်ပေါ်လာသည့် အခါတိုင်း အများပြည်သူအကြား ထင်ကြေးဖြင့် ခန့်မှန်းပြောဆိုခြင်း၊ အထောက်အထားမဲ့ ပြစ်တင်စွပ်စွဲခြင်းနှင့် အငြင်းပွားကြခြင်း စသည့်အခြေအနေများကို တွေ့မြင်ကြရသည်။ တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲကြရသည်။
စစ်ကောင်စီနှင့် ယင်းတို့အား ထောက်ခံသူများကလည်း ထိုအခြေအနေများအကြားတွင် သပ်လျှို၍ တော်လှန် ရေးအင်အားစုများ ပြိုကွဲအားယုတ်စေရန် ကြံဆောင်လေ့ရှိသည်။ တော်လှန်ရေး အင်အားစုများ၏ အားနည်းချက်များကို ဆင့်ပိုးပြုပြင်၍၊ အမှန်နှင့်အမှား သမမွှေရောထွေး၍ အပုပ်ချဝါဒ ဖြန့်ချိလေ့ရှိသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးတွင်လည်း ဘဏ္ဍာငွေရှာဖွေသုံးစွဲမှုကိစ္စများအတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ချမှတ်စီမံ၍ ဆောင်ရွက်သင့်သည်။ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရှိပြီးဖြစ်ပါက ယင်းအတိုင်း ကျင့်သုံးရန်လိုအပ်သည်။ ကျင့်သုံးနိုင်ခြင်း ရှိမရှိ ပြန်လည် သုံးသပ်ခြင်းများလည်း လုပ်ဆောင်သင့်သည်။ ယင်းအချက်တို့သည် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ ကို အားကောင်းစေသည်။
အငြင်းပွားဖွယ် ကိစ္စများရှိလာသည့်အခါတွင်လည်း အချိန်တန်လျှင် ပြီးသွားမည့်ကိစ္စများ၊ အရှိန်ကုန်လျှင် ရပ်သွားမည့် ကိစ္စများဟု သဘောမထားပါဘဲ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် အများပြည်သူ လက်ခံလာနိုင်သည်အထိ ရှင်းလင်းတင်ပြသင့်ပါသည်။
ဘဏ္ဍာရေးရှင်းတမ်းကဲ့သို့ ငွေကြေးရှင်းတမ်းနှင့် ငွေကြေးဆိုင်ရာ သိရှိအပ်သည့်ကိစ္စများကို အများပြည်သူက တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ သင့်တော်သည့် တစ်ချိန်တစ်ခုတိုင်းတွင် ထုတ်ပြန်သင့်ပါသည်။
နွေဦးတော်လှန်ရေးသည် စနစ်ကောင်းများပြောင်းလဲကျင့်သုံးရန်နှင့် စနစ်ဆိုးများ အမြစ်ဖြတ်ရန် ကြိုးပမ်း နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တော်လှန်ရေးကာလတွင်လည်း စနစ်ကောင်းများကို ကောင်းစွာ ကျင့်သုံးသင့်ပါသည်။ စနစ်ကောင်း၊ အမူအကျင့်ကောင်းများသည် နွေဦးတော်လှန်ရေးနှင့်အတူ တစ်ပါတည်း ပေါက်ဖွားရန်၊ မွေးမြူတည်ဆောက်ရန် အချိန်အခါပင် ဖြစ်ပါသည်။
Burma Associated Press
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၆ ရက် က