Politics
ဆန်စက်နှင့်စပါးကျီများမီးရှို့ခံရမှုကြောင့် ဒီပဲယင်းတွင် ဆန်ဝယ်ယူရေး အခက်ကြုံနေရ
လွန်ခဲ့သော ၃ နှစ် က
ဇန်နဝါရီ ၁၉
စစ်ကောင်စီတပ်၏ ဆန်စက်နှင့် စပါးကျီများ မီးရှို့ဖျက်ဆီးမှုများကြောင့် ဒီပဲယင်းမြို့နယ်အတွင်း ဆန်ဝယ်ယူရန်ပင် ခက်ခဲ လာနေပြီး စစ်ဘေးရှောင်များအတွက် ဆန်ထောက်ပံ့ကူညီရေးလုပ်ငန်းများ အခက်ကြုံလာနေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ သိရသည်။
‘စပါးဈေးကို ဈေးကောင်းပေးဝယ်ယူမှုတချို့ရှိကြောင်း ကြားသိရပြီးနောက် ဆန်ဝယ်ယူရေးပင် ခက်ခဲလာခဲ့ပါတယ်။ ဆန်စက်များ မီးရှို့ဖျက်ဆီးခံရမှုနဲ့အတူ ဆန်ဈေးတွေတက်လာပြီး ကူညီရေးအတွက် ဆန်ရှာရတာမှာပင် ခက်ခဲလာခဲ့ပါတယ်’ ဟု အဆိုပါ အဖွဲ့ကဆိုသည်။
ယခင်က ပုံမှန်ဝယ်ယူနေကြ ကျပ် ၃၈,၀၀၀ နှင့် ကျပ် ၄၀,၀၀၀ တန် ဆန်တစ်အိတ်သည် လက်ရှိတွင် ကျပ် ၄၄,၀၀၀ ၊ ကျပ် ၄၅,၀၀၀ ထိ ဈေးနှုန်းမြင့်တက်နေခဲ့ပြီး အကြမ်းဖျင်း နေအိမ် ၁,၁၀၀ ခန့်အတွက် ဆန်အိတ်ပေါင်း ၉၀ ကျော် လိုအပ် နေကြောင်း သိရသည်။
‘၂ရက်၊ ၃ရက်ခဏ လေ့လာစုံစမ်း ဝယ်ယူပြီးရင် ကျေးရွာအားလုံးအား တစ်အိမ်ကို ဆန်နှစ်ပြည် ငွေတစ်သောင်း ကျပ်စီ မျှဝေပေးပို့သွားပါမယ်’ ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်သည် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကို အဆိုးရွားဆုံး ကြုံတွေ့ခံစားရ သည့် ဒေသဖြင့်ပြီး နေအိမ်ပေါင်း ၄၉၀၀ နီးပါး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီးဖြစ်သည်။
ပုံစာ။ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သော ဒီပဲယင်းမြို့နယ်ရှိနေအိမ်အဆောက်အအုံများ