Editorial
ဘက်များနှင့် စေ့စေ့တွေးရမည့် အကြောင်းများ
လွန်ခဲ့သော တစ်နှစ် က
နွေဦးတော်လှန်ရေးကာလ ကြာရှည်လာသည်နှင့်အမျှ သူ့ဘက်ကိုယ့်ဘက်ဆိုသောကိစ္စသည် ရှေ့တန်းသို့ များစွာ ရောက်လာသည်။ တစ်စုံတစ်ဦးသည် ဘယ်သူ့ဘက်တွင် ရှိနေသည်ကို အကြီးအကျယ်ပြောလာကြသည်။ ကိုယ့် ဘက် မပါ၍၊ ကိုယ့်အုပ်စုအသင်းအဖွဲ့မဟုတ်၍၊ ဆိုသောကိစ္စအပေါ် အကြောင်းပြုပြီး တစ်ဖက်နှင့်တစ်ဖက် ထိုး နှက် တိုက်ခိုက်လာနေကြသည်။
လက်ရှိကာလတွင် ဘက်အားဖြင့် ပြောနေကြသည်မှာ 'အနီဘက်၊ အစိမ်းဘက်' ဟူ၍ ဖြစ်ပြီး တော်လှန်ရေးဘက် နှင့်စစ်တပ်ဘက်ဟုလည်း ဆိုကြပြန်သည်။ တစ်ခါတရံ ဓမ္မနှင့်အဓမ္မဘက်ဟုလည်း ဖွင့်ဆိုကြပြန်သည်။ သေချာ သည်မှာ လက်ရှိကာလ၏ သူ့ဘက်ကိုယ့်ဘက်ဖွင့်ဆိုချက်သည် မရှင်းလင်းပါ။ ရောထွေး၍နားလည်ထားကြခြင်း ဖြစ်သလို တစ်ခါတစ်ရံ ထိုဘက်များအပေါ် ရှိခြင်းထက်ပိုသော ထိုးနှက်ဝေဖန်အပုပ်ချခြင်းများလည်း ရှိကြပြန် သည်။
တကယ်တော့ နွေဦးတော်လှန်ရေးသည် အုပ်စုတစ်စု၊ အင်အားစုတစ်ခုခု၊ တစ်စုံတစ်ယောက်အတွက် တော်လှန် တိုက်ပွဲဝင်နေကြခြင်း မဟုတ်ပါ။(ထိုအကြောင်းအရာသည် ကျွန်ုပ်တို့ ထပ်တလဲလဲ ပြောဆိုသတိပေးနေသော အ ကြောင်းတရားလည်း ဖြစ်ပါသည်။)၂၀၂၀ ရွေးကောက်ပွဲတရားဝင်မှုနှင့် လူထုထောက်ခံချက် ပေးထားမှုအရအစိုး ရဖွဲ့ခွင့်ရထားသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အောင်နိုင်ရေးအတွက်လည်း မဟုတ်ပါ။
နှစ်ပေါင်းများစွာ အမြစ်တွယ်လာသော အာဏာရှင်စနစ်နှင့် အာဏာရှင်အမြစ်ပြတ်ရေးပင်ဖြစ်သည်။ အာဏာရှင် နှင့် အာဏာရှင်စနစ် အမြစ်ပြတ်ပြီးသောအခါ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရမည် ဖြစ်သည်။
အများပြည်သူ၏လိုလားချက်နှင့် မြန်မာနိုင်ငံ၏လိုအပ်ချက်မှာ စနစ်ပြောင်းရန်နှင့် စနစ်ကောင်းတစ်ခုဖြင့် နိုင်ငံ တည်ဆောက်ရန်ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်တစ်ဦး၊ တစ်ယောက် သော်လည်းကောင်း အာဏာရှင်ခေါင်း ဆောင်များသော်လည်းကောင်း ပြောင်းလဲပြုတ်ကျသွားရုံဖြင့် မြန်မာ့အရေးသည် ပြေလည်သွားမည်လည်း မဟုတ်ပါ။
နောက်တစ်ချက်မှာ မည်သည့်ဘက်မှ မပါပါဆိုသောအုပ်စုဖြစ်သည်။ တချို့က တတိယအင်အားစုဟု ဆိုကြသည်။ အများကပြောဆိုနေသည့် အနီအစိမ်းတစ်ဖက်ဖက်တွင် မပါသော အစုတစ်စုဖြစ်သည်။ တချို့က ကြားနေဟု ဆိုကြသော်လည်း ထိုအင်အားစုသည် တကယ့်တွင် ဘက်တစ်ဘက်အဖြစ်ရပ်တည်နေသော အစုအဖွဲ့တစ်ခုသာရှိသည်။
အကြောင်းမှာ ယင်းတို့တွင်လည်း နိုင်ငံရေးအရ လိုဘနှင့် အကျိုးစီးပွားလိုလားချက်များ ရှိနေခြင်းကြောင့်ပင်ဖြစ် သည်။ စနစ်တစ်ခုအားဖြင့်တည်ထောင်ရန် စိတ်ဆန္ဒကို မမြင်ရသေးပါ။
နောက်ထပ်တစ်ခုမှာ အတိုက်အခံများအကြား ဝင်ရောက်စေ့စပ်ပေးမည့် အစုအဖွဲ့ဖြစ်သည်။ ထိုအစုအဖွဲ့အတွက် မေးခွန်း ထုတ်ရမည်မှာ မူဝါဒဖြစ်သည်။ စစ်ကောင်စီကလည်း ယင်းတို့၏ရှိထားပြီးသောအချက်များကို လျှော့မည် မဟုတ်သလို၊ တော်လှန်ရေးအုပ်စုများကလည်း ယင်းတို့မူများကို လျှော့မည်မဟုတ်ပါ။
ထို့အတူ တိုင်းရင်းသားနှင့် လူနည်းစုအစုအဖွဲ့များကလည်း ယင်းတို့၏ လိုအပ်ချက်များကို မလျှော့တမ်းရယူချင်ကြ ပေမည်။ ထိုအခြေအနေများအတွက် ပိုနေမြဲ ကျားနေမြဲ အကြောင်းရင်းများကို မည်သူမျှ လက်ခံနိုင်မည် မဟုတ်သ လို ရှေ့သို့လည်း ရွေ့နိုင်မည် မဟုတ်ပါ။
ထို့ကြောင့် သူ့ဘက်ကိုယ်ဘက်ဆိုသည်များကို အရှိန်လျှော့၍လည်းကောင်း၊ သူ့အုပ်စု ကိုယ့်အုပ်စုစသော အုပ်စု စွဲဖြင့် အပြစ်တင် ထိုးနှက်တိုက်ခိုက်ကြသည်ကိုလည်းကောင်း ပြန်လည်သုံးသပ်သင့်ပါပြီ။
နွေဦးတော်လှန်ရေးနှင့် မြန်မာ့လူ့အဖွဲ့အစည်းက အမှန်တကယ်လိုလားနေသော ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများအပေါ် အာရုံစိုက်သင့်ပါပြီ။
နှစ်ပေါင်း ၇၀ နီးပါးသော ကာလ အဖြစ်အပျက်သမိုင်းတို့အား သင်ခန်းစာမယူဘဲ အလားတူ ဖြတ်သန်းနေကြပြီး တွင်းဆုံးကျဘဝတွေကို ထပ်မံကြာရှည်စေဦးမည်လားဆိုသည်အား စေ့စေ့တွေးတောသင့်နေပြီဖြစ်ပါသည်။
Burma Associated Press