bap-logo
Data

စိတ်လှုပ်ရှားစရာမရှိတဲ့ စစ်တပ်ရဲ့ စိတ်ကြိုက်ရွေးကောက်ပွဲ အခြေအနေ အသေးစိတ်

V4eSONxQBESX8otqH1SK9-image

လွန်ခဲ့သော ၂ နာရီ က

BAP၊ ဇန်နဝါရီ ၃၁။

 

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ခုစလုံးပြီးခဲ့ပါပြီ။

 

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း စစ်တပ်ကျောထောက်နောက်ခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကပဲ တနိုင်ငံလုံးမှာ အပြတ်အသတ်အနိုင်ရခဲ့လို့ မကြာခင်မှာ အစိုးရဖွဲ့နိုင်တော့မှာဖြစ်ပါတယ်။

 

အင်အားကြီးပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ-SNLD တို့လို တွေ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက သက်တောင့် သက်သာပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

 

ကြံ့ခိုင်ရေးပါတီရဲ့ ပြိုင်ဘက်တွေဟာ သူနဲ့ယှဉ်ရင် မဲအပြတ်အသတ်ကွာနေတာကို အပိုင်းလိုက် ရွေးကောက်ပွဲရဲ့ သုံးကြိမ်စလုံးမှာတွေ့ရပါတယ်။

 

အပိုင်း-၁

 

အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် မဲထွက်ပေးတဲ့ ရွေးကောက်ပွဲရဲ့ ပထမဆုံးအပိုင်းမှာ နေပြည် တော်မှာ ဝင်ပြိုင်တဲ့ စစ်အရာရှိဟောင်းတွေ အားလုံးအနိုင်ရခဲ့ပါတယ်။

 

 

ပြည်သူ့လွှတ်တော်

 

ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ(ဗိုလ်မှူးချုပ်ဟောင်း)က နေပြည်တော် စစ်ရုံးချုပ်ရှိတဲ့ ဇေယျာသီရိ မြို့နယ်မှာ အနိုင်ရခဲ့ပြီး ၂၀၁၀ အမတ်ဟောင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး ဟောင်းဦးလှဆွေ၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း၊ စစ်ကော်မရှင်ရဲ့ လက်ရှိပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မြင့် တို့တွေ အနိုင်ရခဲ့ကြပါတယ်။

 

နေပြည်တော်ရဲ့ ပြည်သူ့လွတ်တော်ထိုင်ခုံ ၈ နေရာမှာ ၆ နေရာကို စစ်အရာရှိတွေကနိုင်ခဲ့တာဖြစ်ပြီး ကျန် ၂ နေရာကို ကြံ့ခိုင်ရေးပါတီက၇ အရပ်သားတွေဖြစ်တဲ့ ဦးဝင်းဌေးနဲ့ ဦးခင်မောင်ဌေးတို့က ရခဲ့ကြ ပါတယ်။

 

ရွေးကောက်ပွဲပထမပိုင်းရလဒ်အနေနဲ့ ပြည်သူ့လွှတ်တော်ထိုင်ခုံနေရာ ၁၀၁ နေရာကို ကြံ့ခိုင်ရေးပါတီက ရခဲ့ပြီး သူ့နောက်မှာ နာဂအမျိုးသားပါတီက ၄ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက ၃ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့က ၂ နေရာစီရခဲ့ပြီး ရခိုင်တိုင်းရင်းသားများပါတီနဲ့ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီတို့က ၁ နေရာစီအနိုင်ရခဲ့ကြပါတယ်။

 

အမျိုးသားလွှတ်တော်

 

အမျိုးသားလွှတ်တော်မှာဆိုရင်လည်း ကြံ့ခိုင်ရေးပါတီကသာ ဆက်လက်ကြီးစိုးထားပြီး ထိုင်ခုံနေရာ ၂၁ နေရာရရှိထားပါတယ်။ သူ့နောက်မှာ ရခိုင့်ဦးဆောင်ပါတီက ၄ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီက ၃ နေရာနဲ့ မွန်ညီညွတ်ရေးပါတီ၊ နာဂအမျိုးသားပါတီနဲ့ အမျိုးသားပါတီတို့က ၁ နေရာစီ အနိုင်ရထားပါတယ်။

 

ထင်ရှားတဲ့ နိုင်ငံရေးသမားဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရအမတ်ဖြစ်တဲ့ ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်က စစ်တွေ အမျိုးသားလွှတ်တော်၊ နိုင်သူအကုန်ယူစနစ်မှာ ကြံ့ခိုင်ရေးအမတ်ကို ရှုံးခဲ့ပါတယ်။

 

ဒေါက်တာအေးမောင် ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် စစ်တပ်က သူကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ လွတ်ငြိမ်းခွင့်ပြုခဲ့တာပါ။

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်

 

တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးကပဲ ပြတ်သားတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ ပါတယ်။

 

ကြံ့ခိုင်ရေးပါတီက ၉၄ နေရာ၊ ရခိုင့်ဦးဆောင်ပါတီက ၅ နေရာ၊ နာဂအမျိုးသားပါတီ၊ ဇိုမီးအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများပါတီတို့က ၄ နေရာစီ၊ တိုင်းရင်သားစည်းလုံးညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့က ၃ နေရာစီ၊ ပြည့်သူ့ပါတီ၊ ရှမ်းနီ(တိုင်းလျန် )သွေးစည်းညီညွတ်ရေးပါတီနဲ့ ချင်းပြည် သစ်ကွန်ဂရက်ပါတီ တို့က ၁ နေရာစီ အနိုင်ရထားကြပါတယ်။

 

အပိုင်း-၂

 

ဒီတကြိမ်မှာလည်း ကြံ့ခိုင်ရေးပါတီက ပြိုင်ဘက်မရှိ ဦးဆောင်ခဲ့ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ရဲ့ အမတ်ဟောင်းဖြစ်ပြီး ထင်ရှားတဲ့နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်စန္ဒာမင်းကလည်း အခုရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။

 

NLD ပါတီကနေ ထုတ်ပယ်ခံရပြီးနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကနေ ဝင်ပြိုင်ဖို့ လုပ်ဆောင်နေချိန်မှာပဲ ပါတီအဖျက်ခံရတဲ့အတွက် တစ်သီးပုဂ္ဂလဝင်ပြိုင်ရင်း ကြံ့ခိုင်ရေးအမတ်လောင်း ကို လသာမြို့နယ်မှာ ရှုံးခဲ့ပါတယ်။

 

ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ပြိုင်ဘက်တွေကို အနိုင်ရခဲ့ဖူးပါတယ်။

 

 

 

ပြည်သူ့လွှတ်တော်

 

ရွေးကောက်ပွဲ ဒုတိယပိုင်းကို မြို့နယ် ၁၀၀ မှာ ကျင်းပတာဖြစ်ပြီး ပြည်သူ့လွှတ်တော်ထိုင်ခုံနေရာ ၈၀ ကို ကြံ့ခိုင်ရေးကရခဲ့ပါတယ်။ သူ့နောက်မှာ မွန်ညီညွတ်ရေးပါတီက ၄ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) က ၃ နေရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၂ နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ တို့က ၁ နေရာစီ အနိုင်ရခဲ့ကြပါတယ်။

 

ထူးခြားချက်အနေနဲ့ တသီးပုဂ္ဂလအမတ်လောင်းတဦးလည်း ပြည်သူ့လွှတ်တော်မှာ အနိုင်ရခဲ့ပါတယ်။

 

စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပြီး ဇောတိကဦးခင်လှိုင်ဟာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကနေစပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ၊ စည်ပင်သာယာ ရွေးကောက်ပွဲတွေပါ မကျန် တသီးပုဂ္ဂလအနေနဲ့ အကြိမ် ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

 

၂၀၁၄ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် တကြိမ်သာ အနိုင် ရဖူးတာကလွဲရင် ကြည့်မြင်တိုင်မြို့နယ်ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲငါးကြိမ်အထိ အရေးနိမ့် ခဲ့ပါတယ်။ ဒါကို လက်မလျှော့ခဲ့ဘဲ ဦးခင်လှိုင်ဟာ ၆ ကြိမ်မြောက်ယှဉ်ပြိုင်တဲ့ အခု ရွေးကောက်ပွဲ မှာတော့ အနိုင်ရခဲ့ပါတယ်။

 

 

အမျိုးသားလွှတ်တော်

 

အမျိုးသားလွှတ်တော်မှာဆိုရင်လည်း ကြံ့ခိုင်ရေးပါတီက ၃၁ နေရာ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ၆ နေရာ၊ မွန်ညီညွတ်ရေးပါတီက ၄ နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီက ၂ နေရာ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ ကယားပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ တို့က ၁ နေရာစီအနိုင်ရခဲ့ကြပါတယ်။

 

ရွေးကောက်ပွဲ ဒုတိယပိုင်းရဲ့ ပြည်သူ့လွတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲရလဒ်တွေ ထွက်လာပြီးချိန်မှာ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်တဲ့ လွှတ်တော် ထိုင်ခုံအရေအတွက်ကို ရရှိခဲ့ပါတယ်။

 

ရွေးကောက်ပွဲ ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပြည်သူ့လွှတ်တော်မှာ ထိုင်ခုံနေရာ ၁၈၂ နေရာ၊ အမျိုးသား လွှတ်တော်မှာ ၅၂ နေရာ ရရှိထားခဲ့ပါတယ်။

 

ဒါကြောင့် ရွေးကောက်ပွဲ အပိုင်း (၃) မကျင်းပခင်မှာပဲ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီက  လွှတ်တော်နှစ်ခုပေါင်း  အမတ်ဦးရေ ၂၃၄ ဦး ရှိနေတာဖြစ်လို့ လွှတ်တော်ထဲကို အလိုအလျောက် ရောက်လာမဲ့ စစ်သားကိုယ်စားလှယ်တွေရဲ့ မဲနဲ့ဆိုရင် အစိုးရဖွဲ့နိုင်ဖို့ လုံလောက်သွားပါပြီ။ အာဏာ သိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲဝင်ဖို့မလိုဘဲ လွှတ်တော်ထဲကို ကိုယ်စားလှယ် ၁၆၆ ဦး စေလွှတ် ဦးမှာပါ။

 

၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော်မှာ အစုအဖွဲ့ ၃ ခုကနေ ဒုတိယသမ္မတ သုံးဦး အဆိုပြု ကြမှာ ဖြစ်ပြီး လွှတ်တော်ထဲက ကိုယ်စားလှယ် ထက်ဝက်ကျော်မဲပေးတာနဲ့ သမ္မတဖြစ်လာဖို့ရှိပါတယ်။

 

 

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်

ရွေးကောက်ပွဲအပိုင်း ၂ ရဲ့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ထိုင်ခုံနေရာတွေမှာ ကြံ့ခိုင်ရေးပါတီက ၂၇ နေရာ၊ ကျန်ပါတီတွေက ၁၇ နေရာ အသီးသီး အနိုင်ရခဲ့ကြပါတယ်။

 

ရွေးကောက်ပွဲ အပိုင်း-၃

 

ကြံ့ခိုင်ရေးက အစိုးရဖွဲ့နိုင်လောက်တဲ့ ထိုင်ခုံအရေအတွက်ကို လွှတ်တော် နှစ်ရပ်စလုံးမှာ ရထားပြီး ဖြစ်ပေမဲ့ စစ်အုပ်စုကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းမှာလည်း ကြံ့ခိုင်ရေး ပါတီကပဲ အများဆုံးအနိုင်ရခဲ့ပါတယ်။

 

 

ပြည်သူ့လွှတ်တော်

 

ယခုတကြိမ်မှာလည်း ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ထိုင်ခုံနေရာ ၄၁ နေရာကို ရခဲ့တာဖြစ်လို့ ရွေးကောက်ပွဲ သုံးကြိမ်ပေါင်းရင် ထိုင်ခုံနေရာ ၂၂၂ နေရာ အထိ ရခဲ့တာပါ။

 

ရန်ကုန် လမ်းမတော်မြို့နယ်မှာ ဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးက ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီအမတ်လောင်းကို မဲ ၈၀၀ ကျော်အကွာနဲ့ ရှုံးခဲ့ပါတယ်။

 

စစ်တပ်ရွေးကောက်ပွဲ တနိုင်ငံလုံး ဝင်ပြိုင်တဲ့ ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီက လွဲရင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က စိုင်းအိုက်ပေါင်း ၊ ရခိုင့်ဦးဆောင်ပါတီက ဒေါက်တာအေးမောင်နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ဦးကျော်စွာစိုး  စတဲ့ ပါတီခေါင်းဆောင်တွေ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ပါတယ်။

 

ပြည်သူ့ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က မိသားစုလုပ်ငန်းတွေမှာ ဘဏ်ချေးငွေ အပြည့်အဝမဆပ်နိုင်တဲ့ အတွက် ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်ခံထားရပါတယ်။

 

 

အမျိုးသားလွှတ်တော်

 

အမျိုးသားလွှတ်တော်မှာလည်း ကြံ့ခိုင်ရေးကပဲ ဆက်ပြီးကြီးစိုးထားပြီး လွှတ်တော်ရဲ့ ထိုင်ခုံနေရာ ၅၆ နေရာကို ရခဲ့တာဖြစ်လို့ စုစုပေါင်း ထိုင်ခုံ ၁၀၈ နေရာကို ရခဲ့တာပါ။

 

ဒါကြောင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ပေါင်းရင် ကြံ့ခိုင်ရေးပါတီက ထိုင်ခုံနေရာ ၃၃၀ ရရှိခဲ့ပါတယ်။

 

(ယခုအချက်အလက်များအားလုံးကို စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေကနေ ရယူထားပါတယ်)

 

 

စစ်တပ်
ရွေးကောက်ပွဲ
ကြံ့ခိုင်ရေးပါတီ

Share With
bap-logo