bap-logo
Data

ကျားဖြန့်ခြေရာများ

bCjb8Z_xty1zXkPPBQoym-image

လွန်ခဲ့သော တစ်ရက် က

BAP၊ ဒီဇင်ဘာ ၂၁။

 

ကျားဖြန့်ဆိုတဲ့ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံဟာ နာမည်ဆိုးနဲ့ ကျော်ကြား ပါတယ်။

 

တရုတ်၊ အမေရိကန်တို့ရဲ့ ဖိအားတွေအောက်မှာ အာဏာသိမ်းစစ်တပ်ဟာ ကျားဖြန့်နှိမ်နှင်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်တော်-DKBA ထိန်းချုပ်နေရာတွေကို စီးနင်းရှင်းလင်းပြပြီး ဝါဒဖြန့်လာပါတယ်။

 

အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကျားဖြန့်ပြသနာဟာ ၂၀၁၇ ခုနှစ်လောက်ထဲက မြန်မာမှာ အခြေချ လာတာဖြစ်ပြီး အခုဆိုရင် အမြစ်တွယ်နေပြီလို့တောင်ဆိုရပါမယ်။

 

ငွေကို ရေလို သုံးနိုင်တဲ့ ကျားဖြန့်သူဌေးတွေရဲ့ မက်လုံးတွေ အပေးအကမ်းရက်ရောမှုတွေအောက်မှာ အစိုးရ အရာရှိတွေ၊ လက်နက်ကိုင်အဖွဲ့တွေ ယစ်မူးခဲ့တာ ၁၀ စုနှစ် တခုနီးပါးကြာခဲ့ပါပြီ။

 

ကျားဖြန့်ဆိုတာ ဘာလဲ။

 

ဘယ်သူတွေကို ပစ်မှတ်ထားနေလဲ။

 

ကျားဖြန့်ကွန်ရက်မှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏတွေဘယ်လောက်ရှိနေလဲ။

 

လူကုန်ကူးခံရတဲ့ နိုင်ငံတွေကဘယ်လောက်များလဲ ဆိုတာ BAP က ပြောပြပေးသွားပါမယ်။

 

အခု အချက်အလက်တွေဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလ ၁၅ အထိတွက်ချက် ထားတာဖြစ်ပါတယ်။

 

 

မြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်း အခြေပြုလိမ်လည်မှုတွေဟာ အသေးစားကနေ အကြီးစား လည်ပတ်မှု မျိုးအထိ ပုံစံမျိုးစုံနဲ့ တည်ရှိနေပါတယ်။

 

ဒီလုပ်ငန်းအများစုဟာ တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးမှု အားနည်းတဲ့နေရာတွေမှာ အခြေစိုက် လျှက်ရှိနေတာပါ။

 

လိမ်ညာခြင်းလုပ်ငန်းအများစုကို တရုတ်သူဌေးတွေက ပိုင်ဆိုင်ကြပါတယ်။ ကျားဖြန့်တွေဟာ လူတွေ ယုံကြည်လောက်တဲ့ ကုမ္ပဏီပရိုဖိုင်၊ ကိုယ်ရေးကိုယ်တာပရိုဖိုင်တွေကို တည်ဆောက်ကာ တစ်ဖက်သူထံကနေ ယုံကြည်မှုကို လှည့်ဖြားရယူလေ့ရှိကြပါတယ်။

 

 

လိမ်ညာခြင်းလုပ်ငန်းတွေဟာ ဆိုရှယ်မီဒီယာမှာ ပုံစံအမျိုးမျိုးရှိပြီး အလုပ်ခေါ်စာ app, dating app တွေကနေတဆင့် သားကောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တတ်ပါတယ်။

 

ကျားဖြန့်ရဲ့ အဓိကပစ်မှတ်ကတော့ ငွေကြေးချမ်းသာတဲ့ အနောက်နိုင်ငံကလူတွေပဲ ဖြစ်ပါ တယ်။  အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကို အဓိကထားပြီး လိမ်လည်မှုတွေလုပ်ကြပါတယ်။ အဲဒီနိုင်ငံတွေထဲက ငွေကြေးကြွယ်ဝတဲ့ ပင်စင်စားတွေဟာ ကျားဖြန့်ရဲ့ ပစ်မှတ်တွေဖြစ်ကြရပါတယ်။

 

 

ကျားဖြန့်ရဲ့ နည်းပညာအဖွဲ့က လိုအပ်တဲ့ ပရိုဖိုင်အတုတွေကို ကြိုပြင်ဆင်ပြီး သားကောင်တွေ့တဲ့အခါ စကားတွေပြော ရင်းနှီးအောင်လုပ်ပြီး သူလုပ်နေတဲ့ အလုပ်မှာ ပါဝင်ပြီး ရှယ်ယာထည့်ဖို့ ဆွဲဆောင်ပါတယ်။ အဲဒီနောက် ရှယ်ယာကိန်းဂဏန်းတွေပါတဲ့ တုပထားတဲ့ ဝက်ဘ်ဆိုက်လင့်ကို ပေးပါတယ်။ အဲဒီကနေရှယ်ယာဝယ်ဖို့ စည်းရုံးပါတယ်။ ရှယ်ယာဝယ်ပြီး တစ်ပတ်လောက်ကြာရင် ရှယ်ယာ တန်ဖိုးက  တက်လာပြီး ကိုယ့်ပိုင်ဆိုင်မှုကလည်း တက်လာပါလိမ့်မယ်။ ဒီလိုနဲ့ ရှယ်ယာ ထပ်ဝယ်ချင်အောင် ရှယ်ယာဈေးတွေကတက်ပြတဲ့ ထပ်ဝယ်မိတတ်ကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ ထည့်သမျှငွေ အားလုံးကို လိမ်လည်သွားတတ်ကြပါတယ်။

 

 

 

Deepfake ဆိုတာ AI (Artificial Intelligence) နည်းပညာကို အသုံးပြုပြီး လူတစ်ယောက် ရဲ့ မျက်နှာ၊ အသံ ဒါမှမဟုတ် ကိုယ်ဟန်အနေအထားတွေကို တခြားလူတစ်ယောက်ရဲ့ နေရာမှာ အစားထိုးကာ        အစစ်နဲ့ ခွဲမရအောင် ဖန်တီးထားတဲ့ ဗီဒီယို၊ ဓာတ်ပုံ ဒါမှမဟုတ် အသံဖိုင်ကိုခေါ်တာ ဖြစ်ပါတယ်။

 

 

 

ဒီလိုဝင်ငွေကောင်းတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ လုပ်သားတွေကိုလည်း လစာငွေ မြိုးမြိုးမြက်မြက် ပေးလေ့ရှိပါတယ်။ ကျားဖြန့်စင်တာမှာ အလုပ်လုပ်တဲ့ အခြေခံလုပ်သားတယောက်ဟာ တလကို ဘတ်ငွေ ၁၀,၀၀၀ ကနေ ၁၅,၀၀၀ နီးပါး ရနေကြပါတယ်။ မြန်မာငွေနဲ့ဆိုရင် တလကို ၁၅ သိန်း သိန်း ၂၀ နီးပါးရနေတဲ့ ဒီပမာဏာဟာ အခြေခံအကျဆုံးပါ။

 

မြန်မာအပါအဝင် နိုင်ငံတကာက အလုပ်သမားတွေကို ကျားဖြန့်လုပ်သားအဖြစ် စုဆောင်းတဲ့အခါ တယ်လီဂရမ်၊ ဖေ့ဘုတ်တို့လို ဆိုရှယ်မီဒီယာတွေကနေ စုဆောင်းပါတယ်။

 

 

အရှေ့တောင်အာရှုနိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားမှာ နိုင်ငံတစ်ဝန်းက လိမ်လည်မှုစခန်းတွေကို ဦးစီးလုပ်ကိုင်တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတဲ့ ကုမ္ပဏီတစ်ခုရဲ့ cryptocurrency ဒေါ်လာ ၁၅ ဘီလီယံကို ပြီးခဲ့သည့်လက တရားရေးဌာန (DOJ) က သိမ်းဆည်းခဲ့ပါ။ အဲဒီ ပမာဏဟာ ကမ္ဘောဒီးယားရဲ့ စီးပွားရေးထက်ဝက်နီးပါးနှင့် ညီမျှတယ်လို့ Guardian သတင်းက ဆိုပါတယ်။

 

 

ရာဇဝတ်ကွန်ရက်တွေ အခြေပြုနေတဲ့ အရှေ့တောင်အာရှ

 

BAP က လတ်တလော ပြုစုထားတဲ့ စာရင်းတွေအရ ကျားဖြန့်စင်တာတွေမှာ အလုပ်လုပ်ဖို့အတွက် မြန်မာကို လူကုန်ကူးခံရတဲ့လူတွေရဲ့မူလနေရာက အာဖရိက ၂၃ နိုင်ငံ၊ အရှေ့အာရှ ၅ နိုင်ငံ၊ အရှေ့တောင်အာရှ ၈ နိုင်ငံ၊ တောင်အာရှ ၅ နိုင်ငံ၊ အာရှအလယ်ပိုင်း ၃ နိုင်ငံ၊ ဥရောပ ၂ နိုင်ငံ၊ ဥရောပက ၂ နိုင်ငံပါတယ်။

 

 

အာဖရိက

 

 

ဥရောပ

 

 

ထိုင်း- မြန်မာနယ်စပ်က ကျားဖြန့်ကိစ္စမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကရင်နယ်ခြားစောင့်-BGF ဟာ ဒေသတွင်း လက်နက်ကိုင်တွေထဲမှာ အပေးအကမ်းရက်ရောပြီး ငွေသုံးကြမ်းတာကို BAP က တွေ့ရပါတယ်။

 

 

ကရင်နယ်ခြားစောင့်နယ်မြေထဲမှာ BGF ခေါင်းဆောင်တွေရဲ့မိသားစုဝင်တွေရဲ့ မွေးနေ့ပွဲတွေမှာ အားကစားပြိုင်ပွဲတွေထည့်လေ့ရှိပြီး BAP က ရှာတွေ့ခဲ့တဲ့ မှတ်တမ်းအရ ဘက်စကတ်ဘောပြိုင်ပွဲတခုကို ဘတ်ငွေ ၄ သိန်းအထိ ချီးမြှင့်ထားတာရှိပါတယ်။ အခုနှစ် ဩဂုတ်လမှာပဲ ပြုလုပ်တဲ့ BGF ခေါင်းဆောင် စောချစ်သူရဲ့ မြေးမွေးနေ့ ဘောလုံးပွဲမှာဆိုရင် ပထမဆုတခုထဲတင် ကျပ်သိန်း ၂၀၀၀ ထိ ပေးထားပါတယ်။

 

ပြိုင်ပွဲဆုကြေးတွေဟာ မြန်မာ National League ဘောလုံးပြိုင်ပွဲတရာသီလုံး အမြင့်ဆုံံးပေးတဲ့ ပမာဏထက်များပြားနေပါတယ်။ မြန်မာ National League ရဲ့ အမြင့်ဆုံးဆုကြေးငွေက ကျပ် သိန်း ၁၀၀၀ အောက်မှာ ဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အခုနှစ် မတ်လမှာ ချီးမြင့်တဲ့ ပထမဆုရအသင်းဟာ ကျပ်သိန်း ၇၀၀ သာရခဲ့တာပါ။

 

BAP ရဲ့တွက်ချက်ထားတဲ့အထဲမှာ ကရင်နယ်ခြားစောင့်တွေလုပ်တဲ့ အားကစားပြိုင်ပွဲရဲ့ ဆုချီးမြင့်တွေကိုသာ တွက်ချက်ထားတာဖြစ်ပြီး BGF ခေါင်းဆောင်တွေ တဦးချင်း ပေးအပ်တဲ့ ငွေကြေးတွေ၊ ရွှေစင်ရွှေပြားတွေ မပါဝင်ပါဘူး။

 

ကရင်လက်နက်ကိုင်တွေထဲမှာ BGF ဟာ စစ်တပ်နဲ့ အနီးကပ်ဆုံးဆက်ဆံရေးလည်းရှိနေပါတယ်။

 

 

 

ကျားဖြန့် ကိစ္စမှာ ကရင်လက်နက်ကိုင်ဖြစ်တဲ့ KNU နဲ့ စစ်တပ်က သတင်းစာတွေပေါ်ကနေ အပြန်အလှန် စွပ်စွဲတာတွေ လုပ်နေကြပါတယ်။

 

BAP က စုံစမ်းသိရှိတဲ့ သတင်းတွေအရဆိုရင် အနီးစပ်ဆုံးဖြစ်သွားတဲ့ မင်းလက်ပံ ကျားဖြန့်စင်တာကို KNU ဝင် စီးမှုဟာ မြန်မာ-ထိုင်း နယ်စပ်မှာ ၅၀ နီးပါးရှိနေတဲ့ ကျားဖြန့်ရုံတွေထဲက အသေးဆုံးလို့ဆိုရမဲ့ လောင်းကစားရုံတရုံမျှသာဖြစ်ပါတယ်။ အဲဒီလောင်းကစားရုံကို စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBA က လုံခြုံရေးပေးနေခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်မှာ KNU/KNLA က DKBA စခန်းကိုဝင်စီးခဲ့တာပါ။

 

ကျားဖြန့်စင်တာအတွင်း လူ ၃၅၀၀ ကျော် ဖမ်းမိခဲ့တဲ့ စီးနင်းမှုမှာ လူတွေအပါအဝင်၊ မိုဘိုင်းလ်ဖုန်း၊ အင်တာနက်ဆက်စပ် ပစ္စည်းတွေကို ထိုင်းနိုင်ငံဘက်ကို KNU ကနေလွှဲပေးခဲ့ပါတယ်။

 

 

မြန်မာနိုင်ငံမှာဆိုရင်တော့ ကျားဖြန့်တွေဟာ နယ်စပ်ဒေသတွေမှာ အများအပြား တည်ရှိပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (BGF) နယ်မြေတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့နယ်မြေမှာ အများအပြားရှိပါတယ်။

 

တရုတ်-မြန်မာ နယ်စပ် စုစုပေါင်း ၇ မြို့မှာ ကျားဖြန့်လုပ်ငန်းစုစုပေါင်း ၃၅ ခုထက်မနည်းရှိပါတယ်။ မြို့နာမည်တွေကို ပြောရရင် (၁) မူဆယ်၊ (၂) လားရှိုး၊ (၃)လောက်ကိုင်၊ (၄) ပန်ဆန်း၊ (၅) မိုင်းပေါက်၊ (၆) မိုင်းလားနဲ့ (၇) ကျိုင်းတုံတို့ဖြစ်ပါတယ်။

 

ထိုင်း-မြန်မာနယ်စပ်တလျှောက် စုစုပေါင်း ၁၀ မြို့မှာ လုပ်ငန်းအရေအတွက် ၅၀ ဝန်းကျင်ရှိပါတယ်။ ကျားဖြန့်ရှိတဲ့ မြို့တွေက (၁) တာချီလိတ်၊ (၂) ရွှေကုက္ကိုလ်၊ (၃) မြဝတီ၊ (၄) ဖလူး၊ (၅) ကျောက်ခက်၊ (၆) ဆုံဆည်းမြိုင်၊ (၇) ဝေါလေ၊ (၈) ဘုရားသုံးဆူ၊ (၉) ထီးခီးနဲ့ (၁၀) ကော့သောင်းတို့ ဖြစ်ပါတယ်။

 

 

အမေရိကန်အစိုးရက အွန်လိုင်းလိမ်လည်မှုတွေနှိမ်နင်းဖို့ဆိုပြီး Strike Force ဖွဲ့လိုက်ပြီးတဲ့နောက် မြန်မာအာဏာသိမ်းစစ်တပ်ကလည်း သူတို့ရဲ့ မဟာမိတ်ဖြစ်တဲ့ BGF နယ်မြေထဲကိုဝင်ပြီး လူဖမ်းပွဲလုပ်ပါတော့တယ်။

 

အာဏာသိမ်းစစ်တပ်ရဲ့ ထုတ်ပြန်မှုတွေအရ အခုနှစ်စကနေ ဒီဇင်ဘလာ ၁၅ အထိ ဖမ်းဆီးရမိသူ ၁၃,၆၆၇ ဦးရှိပြီး အဲဒီထဲမှ ၁၁,၇၄၀ ဦးကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပေးခဲ့ပြီး လူဦးရေ ၂၀၀၀ နီးပါးကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

 

မြန်မာကနေ တရုတ်ကို ပြန်လွှဲပေးတဲ့ ကျားဖြန့်တရားခံတွေအနက် တရုတ်အစိုးရက အခုနှစ် စက်တင်ဘာလအတွင်းမှာ ကိုးကန့်သူဌေးမြီရှောက်ချန်း (ကွယ်လွန်) ရဲ့သား မြီကော်ဖျင်နဲ့ မြေးဖြစ်သူ မြီကြိမ်းကြိမ်းစတဲ့ မြီမိသားစုအပါအဝင် ၁၁ ဦးကို သေဒဏ်ချခဲ့ပါတယ်။

 

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပယ်ဆောက်ချိန်အပါ ပယ်မိသားစုဝင် ၅ ဦးကိုလည်း နိုဝင်ဘာလဲထဲမှာပဲ တရုတ်အစိုးရရဲ့ကွမ်တုံပြည်နယ်၊ ရှန်ကျန်းမြို့တရားရုံးက သေဒဏ်ချမှတ်ခဲ့ပါသေးတယ်။

 

ဒါ့အပြင် ရှမ်းမြောက်က ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေသူတွေအပါအဝင် အလိုရှိနေတဲ့ ကျားဖြန့် ခေါင်းဆောင် အယောက် ၁၀၀ စာရင်းကို တရုတ်အာဏာပိုင်တွေက အခု ဒီဇင်ဘာလ အစောပိုင်းမှာ ဆုကြေးထုတ်လိုက်ပါတယ်။

 

တရုတ်-အမေရိကန်တို့ရဲ့ ဖိအားတွေအောက်မှာ ကျားဖြန့်နှိမ်နင်းရေးတွေကို မြန်မာဘက်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပေမဲ့ စစ်တပ်ရဲ့ အကျင့်ပျက်ခြစားမှုတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကာအကွယ်ပေးမှုတွေအောက်မှာ ဆက်ပြီးတော့ အမြစ်တွယ်နေပါသေးတယ်။

 

Burma Associated Press 

မြန်မာ
ကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလိမ်လည်မှုများ
အရှေ့တောင်အာရှ
လိမ်လည်သူများ
လိမ်လည်မှုမှရသည့် ငွေကြေး
တရုတ်
လိမ်လည်လှည့်ဖြားခြင်

Share With
bap-logo