Data
စစ်တပ်ကို အာဏာသိမ်းဖို့ တိုက်တွန်းခဲ့တဲ့ပါတီတွေထဲက ၈ ပါတီ နိုင်၊ ၁၂ ပါတီ ရှုံး ပြီး ၁၄ ပါတီ က ပယ်ဖျက်ခံထာရ
လွန်ခဲ့သော ၄ ရက် က
BAP၊ ဇန်နဝါရီ ၂၆။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပေါ်အောင် စစ်ခေါင်းအောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လမ်းကြောင်းပြ တိုက်တွန်းခဲ့ကြတဲ့ နိုင်ငံရေးပါတီ ၄၃ ပါတီထဲက အခု ‘အတုအယောင်’ ရွေးကောက်ပွဲမှာ ၈ ပါတီက အနိုင်ံရခဲ့ပြီး ၁၂ ပါတီက ရှုံ့းခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကို သွားတွေ့တဲ့အထဲက ၁၄ ပါတီက ရွေးကောက်ပွဲမတိုင်ခင်ထဲက ပါတီဖျက်သိမ်း ခံထားရပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီ လွန်ခဲ့သည့် ၅ နှစ် ( ၂၀၂၀ သြဂုတ်လ ၁၄) ရက်မှာ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီက မြန်မာနိုင်ငံတွင် ဆိုးရွားကြမ်းကြုတ်တဲံ စစ်တပ်အာဏာသိမ်းမှုဖြစ်ပေါ်စေဖို့ လမ်းကြောင်းပြခဲ့ကြတာပါ။
အဲဒီအချိန်က ပြုလုပ်ဖို့ရှိတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါက “မည်သို့ တာဝန်ယူ ဖြေရှင်းပေးမလဲ” ဆိုတဲ့ မေးခွန်းကို အခု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အုပ်စုဖွဲ့ကာ လူကိုယ်တိုင်သွား မေးခဲ့ကြခဲ့ကြတဲ့ ပါတီတွေပါ။
အဲဒီနေ့ တွေ့ဆုံမှုမှာ နိုင်ငံရေးပါတီ ၃၄ ပါတီက ရွေးကောက်ပွဲ မတိုင်မီ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ယူပေးရန်၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ ဝင်တွေကို ဖြုတ်ပြီး အသစ်လဲပေးရန်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါက တပ်မတော်က မည်သို့ တာဝန်ယူမလဲ ဆိုတဲ့ အချက် ၃ ချက်ကို မင်းအောင်လှိုင်ကို မေးမြန်းခဲ့ကြပါတယ်။
အဲဒီနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမှုအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံနဲ့ဒေသကို လက်တွေ့ အကျိုးပြုသူ၊ တရားဥပဒေ စိုးမိုးရေးအမြင်ရှိပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ၊ နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားဖြစ်တဲ့ ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းစောင့်ရှောက်သူ၊ တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ၊ အမျိုး၊ ဘာသာ၊ သာသနာကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခြင်း မခံရသူတို့ကို ရွေးချယ်ရမယ်ဆိုတဲ့ မဲပေးရန် မူ(၆) ချက်ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ''ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး'' ဆိုတဲ့ လူမိုက်ဆန်ဆန်စကားကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးပါတီတွေကို ထုတ်ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အသီးသီးအတွက် ကိုယ်စားလှယ်လောင်းပေါင်း ၂,၁၀၀ ကျော်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့သူ ၉၀ ကျော်သာ ရှိခဲ့ပါတယ်။
ယခု စစ်တပ်က စိတ်ကြိုက်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အများဆုံးအနိုင်ရထားပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ လီဆူးအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ(LNDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(NUP)၊ မြန်မာနိုင်ငံ တောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီတွေက နေရာဒေသအသီးသီးမှာ အနိုင်ရထားပါတယ်။
စစ်ခေါင်းဆောင်နဲ့တွေ့တဲ့အထဲကမှ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မတူကွဲပြား ခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ၊ လူထုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ် ပါတီ(MPD)၊ ပြည်သူ့အလုပ်သမားပါတီတွေက အခု ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဝံသာနုဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ဗမာပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ ပြည်သူ့အကျိုးပြု ကျောင်းသားများ ဒီမိုကရေစီပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ အမျိုးသားတိုးတက် ရေးပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ အခြေခံ လူတန်းစားဘဝမြင့်မား ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတွေက ‘အတုအယောင်’ ရွေးကောက်ပွဲမတိုင်ခင်ထဲက ပယ်ဖျက်ခံထားရပါတယ်။
ပုံစာ - ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေ
Burma Associated Press