Article
အာဆီယံအဖွဲ့ဝင်ဖြစ်ရေးနှင့် မြန်မာ့ပဋိပက္ခအရေးအရှေ့တီမော သမ္မတနှင့် အမေးအဖြေ
လွန်ခဲ့သော တစ်နှစ် က
အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်ဖြစ်လာမည့် အရှေ့တီမောတို့သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် ယခုသီတင်းပတ်အတွင်း တွေ့ဆုံနေကြသည်။
အင်္ဂါနေ့က စတင်သော လေးရက်ကြာ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံ ဒုသမ္မတ Kamala Harris၊ တရုတ်နိုင်ငံခြားရေးအကြီးအကဲ Li Qiang နှင့် အခြားထင်ရှားသော နိုင်ငံရေးသမားများ တက်ရောက်ကြမည် ဖြစ်သည်။
အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းခဲ့သော မြန်မာနိုင်ငံမှ ပဋိပက္ခများ အဆုံးသတ်စေရန် အားထုတ်ကြိုးပမ်းမှု အသစ်များ မပြုလုပ်လျှင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ရေး ပြန်လည် စဉ်းစားမည်ဟု အရှေ့တီမောဝန်ကြီးချုပ် Xanana Gusmao က ပြောကြားခဲ့ဖူးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တွေ့ဆုံခဲ့သည့် များပြားလှသော နိုင်ငံများတွင် အရှေ့တီမောလည်း တစ်နိုင်ငံအဖြစ် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခင်လက မြန်မာအာဏာသိမ်းခေါင်းဆောင်များသည် ရန်ကုန်မြို့မှ အရှေ့တီမောထိပ်တန်းသံတမန်ကို နှင်ထုတ်ခဲ့သည်။
Al Jazeera က အရှေ့တီမော သမ္မတ Jose Ramos-Horta နှင့် တိုးတက်ဖြစ်ပေါ်မှု၊ ၎င်းနိုင်ငံ၏ အာဆီယံအနာဂတ်၊ မြန်မာနိုင်ငံမှ အခြေအနေများအကြောင်း မေးမြန်းပြောဆိုခဲ့သည်။
Al Jazeera: အခုနှစ် ဇန်နဝါရီလက အာဆီယံကို သမ္မတရဲ့ နိုင်ငံက ဝင်ရောက်ခွင့်အတွက် အတားအဆီး မရှိဘူးလို့ ပြောခဲ့ပါတယ်။ အခုရော ဘာတွေ ပြောင်းလဲသွားပြီလဲ?
Jose Ramos-Horta: ပြောင်းလဲတာ မရှိပါဘူး။ အာဆီယံကို ဝင်ရောက်ဖို့ လမ်းကြောင်းပေါ်မှာပဲ ရှိပါတယ်။ ပြီးတော့ အာဆီယံနဲ့ တခြားမိတ်ဖက်တွေနဲ့လည်း လမ်းပြမြေပုံတစ်ခု အကောင်အထည်ဖော်ဖို့ အပြင်းအထန် ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့ အာဆီယံကို ဝင်ရောက်ဖို့ ရည်ညွှန်းချက်က ၂၀၂၅ ခုနှစ်မှာ ဖြစ်ပါတယ်။ ဒါက အာဆီယံခေါင်းဆောင်တွေ သတ်မှတ်ထားတဲ့ လမ်းပြမြေပုံရဲ့ မှတ်တိုင်တွေကို ရောက်ဖို့ ကျွန်တော်တို့နှစ်နှစ် အချိန်ရပါတယ်။
Al Jazeera: မြန်မာ့အကျပ်အတည်းကို လုံလောက်အောင် မဖြေရှင်းနိုင်ရင် အာဆီယံကို ဝင်ရောက်ရေး နောက်ပြန်လှည့်မယ်လို့ ခြိမ်းခြောက်တယ်ဆိုတာ ကြားရပါတယ်။ ပုံမှန်လမ်းကြောင်းပေါ်မှာပဲ ရှိတယ်ဆိုရင် ဒီလို ခြိမ်းခြောက်မှုတွေက ဘယ်လို ထွက်ပေါ်လာပါသလဲ?
Jose Ramos-Horta: ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ အဲဒီက အကျပ်အတည်းကို ကုလသမဂ္ဂက ဖြေရှင်းဖို့ မစွမ်းဆောင်နိုင်မှုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျွန်တော်တို့ အပြစ်မတင်နိုင်သလို၊ စစ်တပ်ကို စစ်တန်းလျားပြန်သွားဖို့၊ မြန်မာလူထုရဲ့ ဒီမိုကရေစီရပိုင်ခွင့်တွေကို လေးစားဖို့၊ ဒီမိုကရေစီပျံ့နှံ့ဖို့၊ အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အရပ်သားတွေကို သတ်ဖြတ်တာ ရပ်တန့်ဖို့ မဖျောင်းဖြနိုင်တဲ့ အာဆီယံကိုလည်း ကျွန်တော်တို့ အပြစ်တင်လို့ မရနိုင်ပါဘူး။
ကျွန်တော်တို့ရဲ့ ဝန်ကြီးချုပ်က အာဆီယံနိုင်ငံတွေအပေါ်၊ အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက် ငါးခုထဲက ကတိပြုချက်တွေကို မြန်မာစစ်တပ်က မလိုက်နာတာနဲ့ ပတ်သတ်ပြီး ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ်မှာ သူနဲ့ ကျွန်တော်တို့ရဲ့ စိတ်ပျက်အလိုမကျမှုကို ဖော်ပြတာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ နိုင်ငံအပေါ်၊ လူထုအပေါ်နဲ့ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုအပေါ် ဘယ်လောက် ကြီးမားတဲ့ ထိခိုက်မှုပြုလုပ်လိုက်တယ်ဆိုတာ သူတို့ သိပုံမရပါဘူး။
Al Jazeera: ဒါဆို စိတ်ပျက်အလိုမကျတာတွေ ရှိပေမယ့် အာဆီယံကို မဝင်ရောက်ဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မလုပ်ဘူးလို့ ဆိုလိုပါသလား?
Jose Ramos-Horta: လုံးဝ မလုပ်ပါဘူး။ အာဆီယံခေါင်းဆောင်တွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့ကို ဝင်ရောက်လိုပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွား၊ ရည်မှန်းချက်နဲ့ ကြိုးပမ်းဆောင်ရွက်ချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ အာဆီယံမိတ်ဖက်တွေနဲ့ အတူလုပ်ဆောင်ပြီး မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံအဖွဲ့ကို အာဆီယံအဖွဲ့အတွင်းကနေ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပြင်ပကနေ လုပ်ဆောင်မှာ မဟုတ်ပါဘူး။
Al Jazeera: အရင်တုန်းက မြန်မာ့အရေးမှာ ပါဝင်တာဟာ ကိုယ်ကျိုးစီးပွားအတွက် မဟုတ်ဘဲ အထိန်းသိမ်းခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုအပြီးမှာ သူမဟာ ထုတ်ဖော်ပြောဆိုမှု မပြုတဲ့အတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရတယ်။ ဒါကြောင့်များ တခြားနိုင်ငံတွေက မြန်မာ့အကျပ်အတည်းကို ကိုင်တွယ်ထိတွေဖို့ နည်းလမ်းတွေပြောင်းလဲစေခဲ့တာလား။ အနောက်နိုင်ငံနဲ့ တခြားနိုင်ငံတွေက နောက်ဆုတ်သွားကြတာလား။?
Jose Ramos-Horta: ကျွန်တော် မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်၊ အဆိုးပုံဖော်သူတွေဟာ သူမရဲ့ စစ်တပ်အပေါ် အာဏာလုံးဝမရှိတာကို နားမလည်ကြတာပဲ ဖြစ်တယ်။ သူမဟာ သမ္မတလည်း မဟုတ်သလို ဝန်ကြီးချုပ်လည်း မဟုတ်ပါဘူး။ သူမက စစ်တပ်အပေါ် အာဏာလုံးဝမရှိတဲ့ ဒါမှမဟုတ် ထိန်းချုပ်မှု လုံးဝမလုပ်နိုင်တဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်သာ ဖြစ်တယ်။ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ရည်ရွယ်ပြောဆိုရမယ့်အစား သူမကိုပဲ ရွေးချယ်ပြောဆိုကြတယ်။
ရိုဟင်ဂျာတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တာဝန်ရှိ စစ်တပ်ကို အာရုံမစိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အဆိုးပုံဖော်တဲ့နေကြတဲ့သူတွေကို ကျွန်တော် ဝေဖန်ချင်တာပါ။ ဒါကို ကျွန်တော် သဘောမတူနိုင်ပါဘူး။ အခုထိ သဘောမတူသေးပါဘူး။
Al Jazeera: မြန်မာစစ်တပ်ဟာ သဘောတူညီမှုတွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ရာမှာအာဆီယံက စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်-တရုတ် အားပြိုင်မှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေလည်း ရှိနေပါတယ်။ ဒီလို ကွဲပြားမှုတွေနဲ့ တခြား ဖွဲ့စည်းတည်ဆောက်ပုံ အရေးတွေကြောင့် အာဆီယံဟာ ဆက်နွယ်သက်ဆိုင်မှု လျော့နည်းလာတယ်လို့ စိုးရိမ်ပါသလား?
Jose Ramos-Horta: မဟုတ်ပါဘူး။ အာဆီယံဟာ အရေးပါနေဆဲဖြစ်ပါတယ်။ လူဦးရေ သန်း ၇၀၀၊ ဒေါ်လာ ၄ ထရီလီယံ စီးပွားရေးနဲ့ အလွန် မဟာဗျူဟာကျတဲ့ နေရာနဲ့ ရေးလမ်းကြောင်းတွေရှိတဲ့ တက်ကြွလှုပ်ရှားနေတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ အားပြိုင်မှုတွေကတော့ အမြဲ ရှိနေတာပါပဲ။ ဆက်လည်း ဖြစ်နေဦးမှာပါ။ ၁၉၆၉ ခုနှစ်တွေဆီက ဗီယက်နမ်စစ်ပွဲနဲ့ ပုန်ကန်မှုတွေကို ပြန်သွားကြည့်ရင် အာဆီယံခေါင်းဆောင်တွေဟာ ဒီလို မုန်တိုင်းထန်မှုတွေကို ထိန်းကျောင်းနိုင်ခဲ့ပြီး အာဆီယံကို တည်ဆောက်နိုင်ခဲ့တယ်။ ဒေသအတွက် ကြွယ်ဝချမ်းသာမှုနဲ့ တည်ငြိမ်မှုကို တည်ဆောက်နိုင်ခဲ့တယ်။ သူတို့ဟာ နောက်ဆုံးမှာ မြန်မာနိုင်ငံအခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ မြန်မာစစ်တပ်ဟာ ဒီစစ်ပွဲကို နိုင်နေတာ မဟုတ်ပါဘူး။ သူတို့ နိုင်ငံရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ထိန်းချုပ်နိုင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က တိုက်ပွဲတွေဟာ အမျိုးသား စစ်တပ်တွေ အကြားမှာပဲ ဖြစ်ခဲ့ကြတာပါ။ ဒီနေ့မှာတော့ လူထုနဲ့ စစ်တပ်အကြား ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က ဒီစစ်ပွဲကို မနိုင်ပါဘူး။ ရုရှားနဲ့ မြောက်ကိုးရီးယားက မြန်မာကို လက်နက်တွေ တင်ပို့တာ ရပ်ဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ်။
ကိုးကား - Al Jazeera
ပုံစာ - အရှေ့တီမော သမ္မတ Jose Ramos-Horta (Photo: File: Valentino Dariel Sousa/AFP )
Top News
လွန်ခဲ့သော ၉ ရက် က
လွန်ခဲ့သော ၁၇ ရက် က
လွန်ခဲ့သော ၁၇ ရက် က