bap-logo
Editorial

အမည်စာရင်း နေရာ

Uf6M6bu0gePg_YMc0_XxX-image

လွန်ခဲ့သော တစ်နှစ် က

 

စစ်မီးတောက်လောင်မှုများသည် နိုင်ငံအနှံ့ တမြေ့မြေ့ဖြင့် အားကောင်း၍ လာနေသည်။ စစ်မီးတောက်လောင်ရာ ဒေသအသီးသီးမှ စစ်ဘေးသင့်အများပြည်သူများသည် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ တိုက်ပွဲသွေး ညှီနံ့ထောင်းထလာကတည်းက နေရပ်ကို စွန့်ခွာ၍ စစ်ဘေးလွတ်နိုင်မည့် မြို့ကြီးများသို့ ထွက်ခွာခဲ့ကြသလို တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာချိန်မှ ပြောင်းရွှေ့ကြရသူများလည်း ရှိနေသည်။

 

ပြောင်းရွှေ့ကြရာတွင် အိုးအိမ်များကို စွန့်ပစ်၍ လူလွတ်ရှောင်တိမ်းကြရသလို အပြီးအပိုင်ရောင်းချ၍ ရှောင်တိမ်း ကြရသည်များလည်း ရှိသည်။ အချို့သည် ရောင်းချရန် ဘာမျှ မကျန်တော့ဘဲ စစ်မီးထဲ ပါသွားသည်။ အချို့ကို အာဏာပိုင်များက သိမ်းလိုက်ကြသည်။ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို တောကြောင်များက လည်း ဝါးမျိုးသွားခဲ့ကြသည်။

 

စစ်ဘေးရှောင်ရန်အတွက် ကြိုးပမ်းရာတွင် ခရီးစရိတ်မှအစ ဘေးလွတ်ကင်းရာရောက်သည် အထိ ကုန်ကျလိုက်ရသည့် စရိတ်ပေါင်းများစွာသည် ကျပ်တည်းလှသောခေတ်အတွင်းတွင် အလွန်မြင့်မားနေသည်။ ကြီးမြင့်လှသောစရိတ်များကို ကုန်ကျရန် မဖြစ်နိုင်သူများမှာ စစ်ကိုဘေးလွတ်ရုံရှောင်တိမ်းနိုင်ရန်အတွက် တောလမ်းခရီးကို နေ့ပေါင်းညပေါင်းများစွာ ခရီးနှင်၍ ရှောင်တိမ်းကြရသည်။ လမ်းခရီးတွင် စားရေးသောက်ရေးကအစ ကျန်းမာလုံခြုံရေးအထိ ထိခိုက်နစ်နာကြရသည်။

 

တချို့သော သူများမှာ စစ်ဘေးလွတ်ရာ မရှောင်တိမ်းနိုင်ကြတော့၍ မိမိနေအိမ်၌ပင် နေထိုင်၍ စစ်ကို ရင်ဆိုင်နေကြရသည်။ လေကြောင်းရန်ကို ကြောက်ရွံ့ရသဖြင့် ဗုံးခိုကျင်းများတူး၍ နေထိုင်ကြရသည်။ အချို့နေရာများတွင် ဗုံးခို ကျင်းတူးခွင့်မရ၍ အခက်အခဲတွေ့ကြရသည်။

 

စစ်ဘေးပဋိပက္ခပြင်းထန်ရာဒေသမှ အများပြည်သူသည် စစ်ရိပ်စစ်ငွေ့နည်းပါးရာ မြို့ကြီးများသို့ တိမ်းရှောင်ကြ သည့်နည်းတူ မြို့ကြီးများသို့ စစ်မီးကူးစက်လာနိုင်ချေ မြင့်မားနီးကပ်လာ၍ မြို့ကြီးများမှ လူအများသည် အနီးဆုံး အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများသို့ ပြောင်းရွေ့နေထိုင်လာကြပြန်သည်။

 

အများပြည်သူသည် အာဏာရှင်တွန်းလှန်သော စစ်အတွက် မိမိဒုက္ခကို အလွန်အကျူးညီးတွားမနေဘဲ အားတင်း တောင့်ခံနေထိုင်နေကြသည်။ ထိုသို့ နေထိုင်ရာတွင် အိုးအိမ်များဆုံးရှုံးရသည်မက မိသားစုဝင်များနှင့် ဝင်ငွေရသော လုပ်ငန်းများပါ ဆုံးရှုံးကြရသည်။ စားဝတ်နေရေးပါ ကျပ်တည်းလာကြသည်။ စစ်ဘေးရှောင်လာခြင်းကြောင့် လုပ်ငန်းကိုင်ငန်များပါ ပျက်စီးထိခိုက်ရပြီး နယ်မြေသစ်တွင် အခြေနေထိုင်ရန် အခက်တွေ့လာကြရပြီဖြစ်သည်။

 

ထိုသို့အခြေအနေများတွင် အထက်ကဆိုသကဲ့သို့ တောကြောင်များ၏အန္တရယ်များကလည်း မကင်းပါ။ သယ်ယူပို့ဆောင်ရေးစရိတ်များကို အဆမတန်တောင်းခြင်း၊ နေထိုင်ရန် ငှားရမ်းခများကို ဈေးမြှင့် တောင်းခံခြင်း အပါအဝင် စာနာ နားလည်ထောက်ထားမှု အားနည်းသော သားကောင်ချနင်းခြင်း လုပ်ရပ်များလည်း ရှိလာကြသည်။

 

ထို့ကြောင့် အများပြည်သူသည် ၂၀၂၁ အာဏာသိမ်းခြင်း၊ အာဏာသိမ်းခြင်းကို ဆန့်ကျင်သော နောက်ဆက်တွဲ တိုက်ပွဲများအပေါ် တောင့်ခံပါဝင်ခြင်းနှင့် ကျပ်တည်းလာသော အထွေထွေကျပ်တည်းခြင်းများအပေါ် တင်းခံနေခြင်းတို့ဖြင့် နေထိုင်ရှင်သန်နေကြသည်။

 

ထိုသို့အခြေအနေတွင် မိမိကိုယ်ကိုယ်မိမိ တောကြောင်အဖြစ်မခံဘဲ ကိုယ်ထက်ပိုမိုခက်ခဲလာသူများကို စာနာ ထောက်ထားသင့်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် စစ်ရေးအရှိန်အဟုန်မြင့်လာနိုင်သည်ဖြစ်၍ ထိုထိုသော အခက်အခဲကျပ်တည်းမှုသည် ကိုယ်တိုင်လည်း ကြုံတွေ့လာရနိုင်ပါသည်။

 

ထို့ကြောင့် အများပြည်သူအချင်းချင်း ကျော်ချင်းကပ်၊ ရင်ချင်းကပ်၍ နွေးထွေးအားဖြည့် စာနာထောက်ထား ကူညီ သင့်သကဲ့သို့ ကူညီဖေးမရန်လည်း မနှောင့်နှေးစွာဖြင့် ငို့ဘသမားမှတ်တမ်းတွင် မိမိကိုယ်၌ မပါဝင်ရန် လိုအပ်လှပါသည်။

 

Burma Associated Press

ပျက်ကျ
အာဏာသိမ်း
မြန်မာ
စစ်ကောင်စီ
လက်နက်ကိုင်တပ်ဖွဲ့

Share With
bap-logo