Editorial
တွေးချင့်ချိန်ရာ
လွန်ခဲ့သော တစ်နှစ် က
ဘဏ်မှ အကန့်အသတ်ဖြင့် ငွေထုတ်ရသော အခြေအနေသို့ တကျော့ပြန်ရောက်ရှိလာပြန်သည်။ ငွေသားလိုအပ် ချက်ဖြင့် လည်ပတ်နေရသော လူ့အဖွဲ့အစည်းအတွင်း အခက်အခဲများတွေ့နေပြီး ငွေသားလက်ဝယ်ရရှိအောင် ရာ ခိုင်နှုန်းအမြတ်ပေး၍ ရယူရခြင်းများကြောင့် မလိုလားအပ်သော ကုန်ကျစရိတ်များ မြင့်တက်လာရသည်။
ငွေသားအသုံးပြုသည့်အစား အွန်လိုင်းငွေပေးချေစနစ်နှင့်မိုဘိုင်းဘဏ်စနစ်များအား ပြောင်းလဲသုံးစွဲရန် စစ်ကောင်စီက ဖိအားပေးနေသော်လည်း လက်တွေ့တွင် ထင်သ၍ မလွယ်သည်ကို စစ်ကောင်စီသတိပြုမိပုံ မပေါ်ပါ။ ငွေသား အသုံးပြုလည်ပတ်နေခြင်းသည် အကြောင်းရှိ၍ အကျိုးဖြစ်ထွန်းရသလို ငွေသားအသုံးပြုရသည့် အကြောင်းများရှိ နေပါသေးသည်။ ထိုအကြောင်းများတွင် အင်တာနက်အခြေခံအဆောက်အအုံများ ပျက်စီးခြင်းပါဝင်သလို အစိုးရ နှင့် ဘဏ်လုပ်ငန်းများအပေါ် အများပြည်သူ၏ ယုံကြည်မှု မရှိခြင်းသည်လည်း အဓိကပါဝင်နေသည်။
နောက်တစ်ချက်မှာ နိုင်ငံရေးမတည်ငြိမ်ခြင်းဖြစ်သည်။ စစ်ရေးပဋိပက္ခအလွန်မြင့်မားသော ဒေသများမှပြောင်း ရွေ့ရန်နှင့် ရှောင်ရှားရန် အားထုတ်စီမံရရာတွင် ငွေကြေးလိုအပ်ပြီး ယင်းအတွက် ရောင်းဝယ်ခြင်းများကို စီမံကြရသည်။ ယင်းသည် ပုံမှန်၊ မူမှန်မဟုတ်သောကိစ္စဖြစ်၍ ငွေကြေးလုပ်ငန်းများအပေါ်သက်ရောက်ပါသည်။ ထိုသက် ရောက်ချက်တွင် အိမ်ရာကဲ့သို့ မရွေ့ပြောင်းနိုင်သောကိစ္စကို ပြည်တွင်း၌ ရောင်းချ၍ ပြည်ပ၌ ဝယ်ယူခြင်းလည်း ပါဝင်သည်။ ထို့အတူ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအချို့ အိမ်နီးချင်းနိုင်ငံများသို့ ရွေ့သွားသည်လည်း ပါဝင်နိုင်ပါမည်။
နောက်တစ်ချက်မှာ စစ်ကောင်စီ၏စီမံခန့်ခွဲမှု အမှားအယွင်းများဖြစ်သည်။ အာဏာတည်မြဲအောင် ကြံစည်ခြင်း၊ မိမိဆန့်ကျင်ဘက်အဖွဲ့အစည်းအပေါ် အနိုင်ရလိုဇောကြီးခြင်း၊ စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်သော အများပြည်သူ အပေါ် အငြိုးအတေးကြီးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ဖိနှိပ်ဆက်ဆံခြင်းများကြောင့် ဘဏ်စနစ်များ နှင့် စီးပွားရေးလည်ပတ်မှုများသည် တအိအိ ပြိုလဲနေရသည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်များနှင့် တာဝန်ရှိသူများသည် ခေတ်ပျက်ခေတ်ကျပ်တွင် ကြီးပွား လိုကြပြီး အဂတိလိုက်စားခြင်းများကြောင့်လည်း ပါဝင်သည်။ ယင်းတို့အနက် နောက်တစ်ချက်မှာ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုသလို သောင်းကျန်းထကြွနေသည့် တောကောင်များကြောင့်လည်း ငွေကြေး ဈေးကွက် အထိနာနေရပြန်သည်။
အဆိုးရွားဆုံးပြဿနာမှာ ဥပဒေနှင့် အာဏာကို သေနတ်ပြောင်းဝမှ အာဏာတည်စေလိုခြင်းဖြစ်သည်။ လက်နက် ဖြင့် ထိန်းကြောင်းရန်၊ လက်နက်ဖြင့် ဘဏ်များကို ထိန်းသိမ်းရန် မည်သည့်အခါမျှ ဖြစ်မည်မဟုတ်သလို စီးပွားရေး ဂေဟစနစ်ကို လက်နက်ဖြင့် အမိန့်ပေး စေခိုင်းနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် စီမံခန့်ခွဲမှု အလွဲများကို အရှိအခြေအတိုင်း လက်ခံနိုင်ပြီး အရင်းအတိုင်း စီမံနိုင်မှ သင့်မည်ဖြစ်သည်။ မည်သို့ဆိုစေ အာဏာရှင်လက်အောက်တွင် မည်သည့်နည်းမှန်လမ်းမှန်ကိုမျှ မျှော်လင့်နိုင်သည် မဟုတ်ပါ။ ယင်းကို စံနမူနာယူ၍ ဖက်ဒရယ် ဒီမိုကရေစီဘက်တော်သားများက မည်သို့စီမံ ဗျူဟာချမည်ကိုသာ တွေးချင့်သင့်ပါသည်။