Editorial
သင်္ကေတ အဓိပ္ပါယ်အား မမေ့နှင့်
လွန်ခဲ့သော ၂ နှစ် က
မြန်မာ့နွေဦးတော်လှန်ရေး လက်သုံးချောင်းထောင်ခြင်း သင်္ကေတသည် အာဏာရှင်အား ပုန်ကန်တော်လှန်မှု အ မှတ်သညာဖြစ်သည်။ မတရားခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း အခိုင်အမာပြသ သော အများပြည်သူကိုယ်စားပြု ဆန္ဒထုတ်ဖော်ခြင်း သင်္ကေတဖြစ်သည်။
ယင်းအမှတ်သင်္ကေတ၏ လာရာနှင့်လားရာသည် ခိုင်မာပြည့်စုံသော အဓိပ္ပါယ်ရှိနှင့်ခဲ့ပြီး ဖြစ်သည်။ ကြီးမားသော ပေးဆပ်ရင်းနှီးမှုတို့ပြည့်နှက်နေသော အကြောင်းအချက်လည်းဖြစ်သည်။ သို့သော် တော်လှန်ရေးကာလ အချိန်ရွေ့ လျားလာသည်နှင့်အမျှ ထိုသင်္ကေတအသုံးပြု မြေပြင်ဆန္ဒထုတ်ဖော်ခြင်းများထက် သရုပ်ပြ ဖက်ရှင်တစ်ခုအဖြစ် အသုံးပြုလာကြသည်။ အများပြည်သူကိုယ်စားပြု အဓိပ္ပါယ်များအား တန်ဖိုးယုတ် လျော့ကျဆင်းအောင် ပြုမူလာကြသည်။ တော်လှန်ရေးတွင် ပါဝင်ကြောင်း အသုံးချပြုမူခြင်းများရှိလာသည်။
နွေဦးတော်လှန်ရေးအတွက် တောတောင်ထဲတွင် အသက်ခန္ခာစွန့်၊ ဘဝစွန့်၍ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရဲ ဘော်များ၏ လက်သုံးချောင်းထောင်ခြင်းသည် လူပုဂ္ဂိုလ်ထင်ရှားကျော်ကြားမှုကို အသားပေးသော အွန်လိုင်း ပေါ်မှ ဟန်ပြလှုပ်ရှားမှုများနှင့် ဆီနှင့်ရေပမာ ကွဲပြားပါသည်။
ထို့အတူ နွေဦးတော်လှန်ရေးလှုပ်ရှားမှုများကို ပြည်တွင်းပြည်ပခွဲခြားပြောဆိုခြင်း၊ ပြည်တွင်းမှ လှုပ်ရှားသူများက ပြည်ပမှ လှုပ်ရှားသူများကို ပြစ်တင်ခြင်း၊ ပြည်ပမှ လှုပ်ရှားသူများက ပြည်တွင်းမှ လှုပ်ရှားသူများကို ပြစ်တင်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ဝေဖန်ခြင်းများကို ပွဲတော်သဖွယ် ပြုလုပ်နေကြသည်။
ထို့ပြင် တော်လှန်ရေးကို အကြောင်းပြု၍ ကိုယ်ကျိုးရှာခြင်း၊ ကိုယ်ကျိုးထူထောင်ခြင်း၊ အခွင့်အရေး အသုံးချ ခြင်းနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ကူးပြောင်းနေထိုင်ခြင်း အစရှိသည့် အခြေအနေများကိုလည်း မြင်တွေ့နေရသည်။ ထိုအခြေအနေများသည် နွေဦးတော်လှန်ရေးကို ကွဲပြားသွားအောင်၊ အားယုတ်သွားအောင်နှင့် အရှိန်လျော့နည်း သွားအောင် စစ်အာဏာရှင်ဘက်မှ လွယ်လင့်တကူ သပ်လျိုသွေးခွဲနိုင်သည့် အခြေအနေများဖြစ်သည်။
တစ်ဖက်တွင် စစ်ကောင်စီက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို တွေ့ဆုံ၍ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ကြိုးပမ်း ခြင်း၊ တရုတ်၏ဩဇာလွှမ်းမိုးထားနိုင်ခြင်းကို နိုင်ငံရေးအရ အသုံးချခြင်း၊ ကုလသမဂ္ဂနှင့် အာဆီယံတို့၏ လုပ်သာကိုင်သာမရှိသော နိုင်ငံတကာနိုင်ငံရေးအခင်းအကျင်း အားနည်းချက်အပေါ် စီမံပြုမူခြင်းများကို စနစ်တကျ ဆောင်ရွက်နေသည်။
ထို့ကြောင့် ထိုအခြေအနေ အရပ်ရပ်ကို အရှိအတိုင်း သိမြင်နိုင်ရန် လိုအပ်သည်။ စစ်ကောင်စီက ကျင့်သုံးနေ သည့် အမူအကျင့်များသည် ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အာဏာရှင်အဆက်ဆက်က ကျင့်သုံးခဲ့သော နည်းနာများ၊ ယင်းတို့ပြုမြဲ အမူအကျင့်များ၊ လှည့်ကွက်များ ဖြစ်ကြောင်း သတိပြုအပ်ပါသည်။
တစ်ဆက်တည်းတွင် မြန်မာ့နွေဦးတော်လှန်ရေးသည် အာဏာရှင်စနစ်အလုံးစုံ ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ရှင်သန်ထွန်းကားရေးဖြစ်သည်။ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် လွတ်လပ်ခြင်းများ ရှင်သန် ထွန်းကားနိုင်ရေးဖြစ်သည်။ ယင်းအတွက် လက်သုံးချောင်းထောင်၍ တော်လှန်ပုန်ကန်နေကြခြင်း ဖြစ်သည်ကို မမေ့အပ်ပါ။ For Show နိုင်ငံရေးများသည်လည်း အာဏာရှင်စနစ်နှင့်အတူ ကျဆုံးရန်လိုအပ်သလို ပြည်သူနှင့် မြေပြင် လက်တွေ့အခြေအနေကို အလေးထားမျက်နှာမူရင်း တော်လှန်ရေးအဆုံးသတ်မည်ဆိုသော လက်ကျန် အချိန် ကာလများအတွက် ဆတိုးအားထုတ်ကြရန် လိုအပ်ပေမည်။