bap-logo
Editorial

စနစ်ကျသော ကာကွယ်အံတုမှုဆီ

jXzlGS0mcO2sVNGil1hWR-image

လွန်ခဲ့သော ၂ နှစ် က

လူကဖန်တီးပြုလုပ်သော ဘေးဒုက္ခတရားနှင့် သဘာဝတရားအရ ဖြစ်ပေါ်လာသော ဘေးဒုက္ခတို့၏ ကပ်ဘေးဒဏ်ကို မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် ခံစားနေကြရ၏။ သဘာဝဘေးအန္တရာယ်ဆိုသည်မှာလည်း အများအားဖြင့် လူသားတို့၏ ပြုမူနေထိုင်မှု အကျိုးဆက်က သက်ရောက်လာခြင်း ဘေးတစ်မျိုးဟုလည်း ဆိုနိုင်ဖွယ်ဖြစ်၏။

 

သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းကြရာတွင် ဖြစ်လေ့ရှိတတ်သော သဘော၊ သဘာဝအပေါ် အခြေခံ၍ ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားနေစဉ်အတွင်း စီမံဆောင်ရွက်ခြင်းနှင့် ဘေးအန္တရာယ်အလွန် ပြန်လည် တည်ဆောက်ခြင်း သို့မဟုတ် ပြန်လည်ထူထောင်ခြင်းဟူ၍ သာမန်အခြေအနေ သုံးရပ်ရှိနိုင်ပါသည်။

 

ကြိုတင်ပြင်ဆင်ခြင်းအဆင့်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို လုံးဝဖြစ်ပေါ်မလာအောင် ကာကွယ် နိုင်ခြင်း အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် ဖြစ်တန်ချေများကို တွက်ချက်၍ သက်ရောက်ထိခိုက်မှု လျော့နည်း အောင် ပြုမူစီမံခြင်းများဖြင့် ကာကွယ်နိုင်ပါမည်။ ဖြစ်ပွားနေစဉ်အတွင်း စီမံဆောင်ရွက်ခြင်း အဆင့်၌လည်း ဖြစ်ပေါ်နေသည့် ခြေအနေ အတိမ်အနက်အပေါ်မူတည်၍ စနစ်ကျကောင်းမွန်သော စီမံခန့်ခွဲခြင်းများကိုဆောင်ရွက်နိုင်ပါသည်။

 

ဤနေရာတွင် အလေးပေးတင်ပြလိုသည်မှာ တတိယအခြေအနေဖြစ်သော ဘေးအန္တရာယ်ကာလအလွန် ပြန်လည်တည်ဆောက်ခြင်း (သို့မဟုတ်) ပြန်လည် ထူထောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ် တစ်ခုကြုံတွေ့ လာပါက ကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးနှင့် ဘေးလွတ်ရာရွေ့ပြောင်းခြင်းများကိုသာ ဦးစား ပေး စီမံဆောင်ရွက်လေ့ရှိကြသည်။ ထိုအခြေအနေများနှင့် ထိုအဆင့်များအလွန် ပြန်လည်တည်ဆောက်ရေး အခန်းကဏ္ဍသည် မြဲလို လမ်းဆုံးသွားလေ့ရှိတတ်သည်။

 

တကယ့်တကယ်တွင် ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ခြင်း (သို့မဟုတ်) ပြန်လည်ထူထောင်ခြင်းက ဘေးသင့်လူသားတို့အတွက် ပို၍ အရေးကြီးပါသည်။ ယင်းကို လုပ်ဆောင်ခြင်းဖြင့် ဘေးအန္တရာယ်မကြုံတွေ့မီ ကြိုတင်ပြင်ဆင်ခြင်းကိစ္စများကိုလည်း တစ်ပါတည်းလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

 

ယခုကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်းအလွန်တွင်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအပြီး တွင် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရမည်။ မူလရှိသည့် ပုံစံအတိုင်း ပြန်လည် တည်ဆောက်ပေးခြင်း သက်သက်မဟုတ်ပါဘဲ အခြေအနေအားလုံးကို ဘာမျှမရှိတော့သည့် ဗလာအနေအထား သုည (Ground Zero)တွင်ထား၍ လိုအပ်ချက်အားလုံးကို ထည့်သွင်းတွက်ချက်ကာ စနစ်တကျပြန်လည်တည် ဆောက်ရမည်ဖြစ်သည်။

 

ယင်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံများ၊ လူမှုစီးပွားစနစ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး တွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို စီမံဆောင်ရွက်ရမည်ဖြစ်သည်။ ထို့အတွက် ရေတိုရေရှည်၊ နှစ်တို နှစ်ရှည် စီမံကိန်းများ၊ မူဝါဒများချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်သည်။

 

ထိုသို့သော အခြေအနေအကျိုးအကြောင်းအား လူပြုမူသော ဘေးဒုက္ခများတွင်လည်း အသုံးချနိုင်ကောင်း ပါသည်။ လူပြုမူသော ဘေးဒုက္ခအဖြစ် ဤနေရာတွင် စစ်အာဏာသိမ်းခြင်းအား ရည်ညွှန်းပါသည်။

 

လူပြုမူသော စစ်အာဏာသိမ်းခြင်းကြောင့်ဖြစ်ပေါ်လာသည့် ဘေးဒုက္ခများအတွက်လည်း လက်ရှိအာဏာသိမ်း ကာလ အာဏာသိမ်းကာလအလွန်နှင့် နွေဦးတော်လှန်ရေးအောင်ချိန်ဟူ၍ ကြိုတင်ပြင်ဆင်ခြင်းများနှင့် ပြန်လည် တည် ဆောက်ရေးအတွက် ရည်ရွယ်ထည့်သွင်းတွက်ချက်၍ စီမံဆောင်ရွက်ရမည်ဖြစ်သည်။

 

နေသားကျခြင်း၊ ကွဲပြားခြင်း၊ အလေးထားဂရုမမူခြင်း၊ ဦးဆောင်နိုင်မှုလျော့ရဲခြင်း၊ ပေါ့ပျက်ခြင်းများတွင် ကျင် လည်ရှင်သန်နေခြင်းမှသည် စနစ်ကျသော အံတုသော ခံနိုင်ရည်ရှိသော၊ ခိုင်မတ်ရဲရင့်သော ဦးဆောင်နိုင်မှုဖြစ် သော ထူထောင်ခြင်းဆီ ရောက်ရန် အားထုတ်ရမည်ဖြစ်သည်။

 

အနာဂတ်မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရန်ရည်ရွယ်ပါက ဖက်ဒရယ်၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးစံနှုန်းများ ပါဝင်သည့် ပြန်လည်တည်ဆောက်ရေးမူဝါဒ၊ စီမံကိန်းများကိုချမှတ်၊ ရေးဆွဲထားရ မည်ဖြစ်ပြီး ရေတို၊ ရေရှည်ကာလအလိုက် စတင်အကောင်အထည်ဖော်သင့်ပြီဖြစ်ကြောင်း တိုက်တွန်းရပါသည်။

 

Burma Associated Press

 

မိုချာ
မုန်တိုင်း

Share With
bap-logo